အမေရိကန်လေယာဉ်တစ်စင်း လူ ၂၃၅ ဦးအား သယ်ဆောင်လျက် ပျံတက်ပြီးစအချိန်တွင် အင်ဂျင်မီးလောင်မှုဖြစ်ပွား
Delta Air Lines လေယာဉ်တစ်စင်းသည် ခရီးသည် ၂၂၆ ဦးနှင့် ဝန်ထမ်း ၉ ဦးပါဝင်ပြီး ပျံတက်ပြီးစအချိန်တွင် အင်ဂျင်မီးလောင်မှုဖြစ်ပွားကာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်သည် အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Los Angeles International Airport တွင် ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့သော်လည်း အချက်အလက်နှင့် မှတ်တမ်းများကို ဇူလိုင် ၂၀ ရက်မှသာ ထုတ်ပြန် ခဲ့သည်။
Delta Air Lines ၏ ပြောရေးဆိုခွင့်ရှိသူက “DL446 လေယာဉ်သည် ပျံတက်ပြီးနောက် ဘယ်ဘက်အင်ဂျင်ပြဿနာကြောင့် Los Angeles သို့ ပြန်လည်ဆင်းသက်ခဲ့ရပါသည် ၊ ခရီးသည်များ၏ ဘေးကင်းရေးထက်အရေးကြီးသည့်အရာ မရှိပါ ၊ လေယာဉ်မှူးများသည် လုပ်ထုံးလုပ်နည်း အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင် ခဲ့ပြီး ခရီးစဉ်နှောင့်နှေးမှုအတွက် ခရီးသည်များအား တောင်းပန်အပ် ပါသည်” ဟု ပြောကြားခဲ့သည်။
မြေပြင်မှ ရိုက်ကူးထားသော ဗီဒီယိုတွင် Boeing 767 ၏ ဘယ်ဘက် အင်ဂျင်အောက်မှ မီးတောက်များ ထွက်နေသည်ကို လေယာဉ် အမြင့်သို့ ပျံတက်နေစဉ် တွေ့မြင်နိုင်သည်။ Boeing 767 လေယာဉ်သည် မိနစ် ၄၀ ခန့်ကြာပြီးနောက် ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ် မြေပြင်သို့ ပြန်လည်ဆင်းသက်ချိန်တွင် မီးလောင်မှုမရှိတော့သည်ကို တွေ့မြင်ရသည်။
Delta Air Lines ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် ဝန်ထမ်း ၉ ဦး နှင့် ခရီးသည် ၂၂၆ ဦး ပါဝင်ခဲ့ပြီး လေယာဉ်ဆင်းသက်ပြီးနောက် ခရီးသည် များအား အခြားလေယာဉ်တစ်စင်းသို့ ပြောင်းရွှေ့ပေးကာ ခရီးဆက်လက် ထွက်ခွာစေခဲ့သည်။
ဖြစ်စဉ်အပြီးတွင် မီးသတ်ဝန်ထမ်းများနှင့် Delta Air Lines ၏ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့များက လေယာဉ်ကို စစ်ဆေးခဲ့သည်။ အမေရိကန် လေကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (FAA) ကလည်း အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကာ ဖြစ်စဉ်၏ အကြောင်းရင်းကိုမူ ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂