ဘင်္ဂလားဒေ့ရှ် လေတပ်မှ ဂျက်လေယာဉ် ဒါကာ ကျောင်းဝင်းအတွင်း ပျက်ကျမှုကြောင့် အနည်းဆုံး ၁၉ ဦး သေဆုံး
ဘင်္ဂလားဒေ့ရှ် လေတပ်ပိုင် ဂျက်လေယာဉ်တစ်စင်း တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် မြို့တော်ဒါကာရှိ ကောလိပ်ကျောင်းဝင်းတစ်ခုအတွင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်သည် လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံ၏ သမိုင်း၌ အသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်သည်။
မြို့တော် ဒါကာ မြောက်ပိုင်းရှိ ဒီယာဘာရီရပ်ကွက်အပါအဝင် Milestone ကျောင်းဝင်းအတွင်း လေယာဉ်ပျက်ကျခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း နိုင်ငံ၏ ယာယီခေါင်းဆောင် မိုဟာမက်ယူနွတ်၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဆက်လက်၍ ပြောရေးဆိုခွင့်ရှိသူက အထူးကြပ်မတ်ကုသမှုခံယူနေရသည့် ဒဏ်ရာရရှိသူ ၈၃ ဦးအပါအဝင် အများစုမှာ ကျောင်းသားများဖြစ်ပြီး မြို့တော်ရှိ ဆေးရုံများတွင် ကုသမှု ခံယူနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Associated Press သတင်းဌာနက ဒေသဆိုင်ရာ အရာရှိများကို ကိုးကား၍ လေယာဉ်မှူးအပါအဝင် သေဆုံးသူများရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက မီးလောင်ကျွမ်းနေသော လေယာဉ်အကြွင်းအကျန်များကို ငြှိမ်းသတ်ရန် ကြိုးစားခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံပိုင်မီဒီယာ BSS News မှတစ်ဆင့် ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကာ အထူးဆုတောင်းပွဲများ ကျင်းပရန်ကြေညာခဲ့သည်။ "လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများအတွက် လွန်စွာ ဝမ်းနည်းမိပါသည်" ဟု ယူနွတ်က X (တွစ်တာ) တွင် ရေးသားခဲ့သည်။
"ဤသည်မှာ နိုင်ငံတော်အတွက် လွန်စွာဝမ်းနည်းရသော အခိုက်အတန့် ဖြစ်ပါသည်၊ ဒဏ်ရာရသူများ မြန်ဆန်စွာသက်သာပျောက်ကင်းပြီး ဆေးရုံ များအပါအဝင် သက်ဆိုင်ရာအာဏာပိုင်အားလုံးအား အရေးပေါ် အခြေအနေ အဖြစ် အမြင့်ဆုံးဦးစားပေး ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားထားပါသည်" ဟု ၎င်းက ဖြည့်စွက်ရေးသားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂