အမေရိကန်လေတပ်သည် B-52 ဗုံးကြဲလေယာဉ်နှင့် ခရီးသည်တင် လေယာဉ်တစ်စီး နီးကပ်စွာ ဝင်တိုက်မိလုနီးပါးဖြစ်ပွားခဲ့မှုကို စုံစမ်း စစ်ဆေးလျက်ရှိ
ဇူလိုင် ၂၁ ရက်နေ့တွင် North Dakota ပြည်နယ်၌ B-52 ဗုံးကြဲ လေယာဉ် တစ်စီးနှင့် SkyWest ခရီးသည်တင်လေယာဉ်တစ်စီးတို့ နီးကပ်စွာ တိုက်မိ လုနီးပါးဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
သတင်းများအရ Minot အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန် ချဉ်းကပ်နေသော အရပ်ဘက်လေယာဉ်၏ ပျံသန်းလမ်းကြောင်း အနီးတွင် B-52 ဗုံးကြဲလေယာဉ်တစ်စီး ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး Embraer 175 လေယာဉ်မှူးက မတိုက်မိစေရန် ရုတ်တရက် လမ်းကြောင်း ပြောင်းလဲကာ တိမ်းရှောင်ပျံသန်းခဲ့ရသည်ဟု သိရသည်။
Minot မြို့သည် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုနှင့် လေတပ်စခန်း တစ်ခုတို့ တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပြီး အမေရိကန်လေတပ်၏ 5th Bomb Wing နှင့် 91st Missile Wing တပ်ဖွဲ့များ နှင့် B-52 နျူကလီးယား ဗုံးကြဲလေယာဉ် ၂၆ စီးအပါအဝင် လေတပ်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် အဆောက်အဦအမြောက်အမြား တည်ရှိနေသည်။
အမေရိကန်ဖက်ဒရယ်လေကြောင်းအာဏာပိုင် (FAA) က စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပြီး " Minot လေဆိပ်ရှိ လေကြောင်း ထိန်းသိမ်းရေးဝန်ဆောင်မှုများကို FAA ဝန်ထမ်းများမှ မဟုတ်ဘဲ သီးသန့် ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေခြင်း" ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ SkyWest ကုမ္ပဏီကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ပိုင် စုံစမ်း စစ်ဆေးမှု များ စတင်ခဲ့သည်ဟု ဆိုသည်။
လေကြောင်းကျွမ်းကျင်သူနှင့် အမေရိကန်လေတပ် အရံပိုင်းလော့ဟောင်း John Nance က အဆိုပါ ဖြစ်စဉ်တွင် အထူးသဖြင့် သက်ဆိုင်ရာ ပါဝင် သူများအကြား ဆက်သွယ်ရေးဆိုင်ရာ ရှင်းလင်းရမည့်အချက်များ များစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။
တူညီသောဧရိယာတွင် စစ်ဘက်နှင့်အရပ်ဘက်လေယာဉ်များ ညှိနှိုင်း လုပ်ကိုင်မှုယန္တရားသည် အမေရိကန်တွင် အငြင်းပွားဖွယ်ရာ အကြောင်း အရာတစ်ခုဖြစ်နေပြီး ဇန်နဝါရီ ၂၉ ရက်က ဝါရှင်တန်ဒီစီ လေဆိပ် အနီး တွင် ခရီးသည်တင်လေယာဉ်တစ်စီးနှင့် Black Hawk ရဟတ်ယာဉ်တို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ဖူးသည်။ ထိုမတော်တဆမှုတွင် Black Hawk ရဟတ်ယာဉ်အဖွဲ့ဝင် ၃ ဦးနှင့် အရပ်ဘက်လေယာဉ်ပေါ်ရှိ ၆၄ ဦး သေဆုံး ခဲ့ပြီး အမေရိကန်တွင် လွန်ခဲ့သော ၁၆ နှစ်အတွင်း အပြင်းထန်ဆုံး အရပ်ဘက်လေကြောင်းမတော်တဆမှုဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂