အမေရိကန်သည် ယူနက်စကိုမှ နုတ်ထွက်မည်ဟု အိမ်ဖြူတော် ထုတ်ပြန်
အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ နုတ်ထွက်ရန် စီစဉ်နေသည်ဟုအိမ်ဖြူတော်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နယူးယောက်ပို့စ် သတင်းစာ က အင်္ဂါနေ့ (ဇူလိုင် ၂၂) တွင် ဖော်ပြခဲ့သည်။ အကြောင်းမှာ အဖွဲ့အစည်း အတွင်း အစ္စရေးနိုင်ငံအပေါ် ဖိအားပေးသော ဘက်လိုက်မှုများနှင့် တရုတ် ၏ ဩဇာလွှမ်းမိုးမှု တိုးမြင့်လာသည်ဟု စွပ်စွဲချက်များကြောင့်ဖြစ်သည်။
ဖေဖော်ဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့်သည် State Department အား အမေရိကန်၏ ယူနက်စကိုအစီအစဉ်များတွင် ပါဝင်မှုကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါ ဆောင်ရွက်ချက် သည် အမေရိကန်အကျိုးစီးပွားနှင့် မကိုက်ညီဘဲ ၎င်း၏မဟာမိတ်များကို အားနည်းစေပြီး "ဂျူးဆန့်ကျင်ရေးဝါဒ" ကို ဖြန့်ချိသည်ဟု အစိုးရ အရာရှိ များက စွပ်စွဲထားပြီး “ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု လျှော့ချရေး ကြိုးပမ်းမှု” ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အိမ်ဖြူတော်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ အန်နာကဲလီ က နယူးယောက် ပို့စ်သို့ ပြောကြားရာတွင် ယူနက်စကိုသည် "အမေရိကန်မဲဆန္ဒရှင်များ လိုလားသော အခြေခံကျသည့် မူဝါဒများနှင့် လုံးဝမကိုက်ညီဘဲ woke (လူမှုရေးတက်ကြွဝါဒ)၊ ပဋိပက္ခဖြစ်စေသော ယဉ်ကျေးမှုနှင့် လူမှုရေး လှုပ်ရှားမှုများကို ထောက်ခံသည်ဟု တွေ့ရှိရသောကြောင့်" ထရမ့်က အဖွဲ့မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် ယခင်က ၁၉၈၄ ခုနှစ်တွင် သမ္မတ ရိုနယ်ရေဂင် လက်ထက်၌ ယူနက်စကိုမှ နုတ်ထွက်ခဲ့ဖူးသည်။ ထိုစဉ်က ငွေကြေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် အဖွဲ့၏မူဝါဒများက တတိယကမ္ဘာ သဘောတရားများကို အထောက်အပံ့ပေးကာ လွတ်လပ်သောဈေးကွက်ကိုထိခိုက်စေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော် ၂၀၀၂ ခုနှစ်တွင် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ် က အီရတ်ကျူးကျော်စစ်အတွက် ကမ္ဘာ့ ထောက်ခံမှု ရရှိရန် ရည်ရွယ်၍ ယူနက်စကိုသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ၂၀၁၉ ခုနှစ်တွင် ယူနက်စကိုမှ နုတ်ထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သမ္မတ ဂျိုးဘိုင်ဒင်က အဖွဲ့သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။
နယူးယောက်ပို့စ်၏ သတင်းတွင် ယူနက်စကို၏ ကျားမနှင့် လူမျိုးရေး ခွဲခြားမှုဆိုင်ရာ အစီအစဉ်များကို ထရမ့်အုပ်ချုပ်ရေး၏ ပြန်လည် သုံးသပ်မှု တွင် ကန့်ကွက်ချက်အဖြစ် ဖော်ပြထားသည်။ ထို့အပြင် အစ္စရေး နိုင်ငံ အပေါ် ကုလသမဂ္ဂအဖွဲ့၏ ကာလရှည်ကြာ ဖိအားပေးမှုဆိုင်ရာ အမေရိကန် စွပ်စွဲချက်များကိုလည်း ထပ်လောင်းထောက်ပြထားသည်။
အိမ်ဖြူတော်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ အန်နာကဲလီ၏အဆိုအရ "တရုတ်သည် ၎င်း၏ အကျိုးစီးပွားနှင့်ကိုက်ညီသော ကမ္ဘာ့စံနှုန်းများကို မြှင့်တင်ရန် ယူနက်စကိုအပေါ် ဩဇာသက်ရောက်မှုကို အသုံးချခဲ့သည်" ဟု အမေရိကန်အုပ်ချုပ်ရေးက ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်၏ အဖွဲ့ဝင်အဖြစ် နောက်ဆုံးပြန်လည်ရောက်ရှိစဉ်က ပေကျင်း အစိုးရက "ယူနက်စကိုတွင် ထိပ်တိုက်တွေ့မှုနှင့် သဘောထားကွဲလွဲမှု များကို ရှောင်ရှားရန်" ဝါရှင်တန်အား တိုက်တွန်းခဲ့သည်။
အစ္စရေးအရာရှိများက ယခင်က ယူနက်စကိုအား ဂျူးဆန့်ကျင်ရေး ဝါဒ ဖြန့်ချိမှုဖြင့် စွပ်စွဲခဲ့ပြီး အထူးသဖြင့် အစ္စရေးသိမ်းပိုက်ထားသော ပါလက်စတိုင်း နယ်မြေရှိ ယဉ်ကျေးမှုအမွေအနှစ်နေရာများကို အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သည်။ အစ္စရေးသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နှင့်အတူ ယူနက်စကိုမှ နုတ်ထွက်ခဲ့သည်။ ယူနက်စကိုက ပါလက်စတိုင်းရှိ ဂျူးလူမျိုးတို့၏ သမိုင်းဝင်အမွေအနှစ်များကို လျစ်လျူ ရှုထားကြောင်း စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂