ဂျာမန်အရာရှိများက ပိုလန်ရေလက်ကြားရှိ ဘောလ်တစ်ပင်လယ်တွင် ရေနက်ပိုင်းရေနံတူးဖော်ရေး အစီအစဉ်ကို ဝေဖန်တိုက်ခိုက်
ဂျာမန်အရာရှိများနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအဖွဲ့များက ပိုလန်နိုင်ငံ၏ ဘောလ်တစ်ပင်လယ်အတွင်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့ သိုက်အသစ်တူးဖော်ရန် အစီအစဉ်ကို ပြင်းထန်စွာဝေဖန်ခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။ အဆိုပါစီမံကိန်းသည် ဒေသတွင်းဂေဟစနစ်အား ကပ်ဘေးဆိုက်ရောက်စေနိုင်သည့် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးခဲ့သည်။
၂၀၁၇ ခုနှစ်မှစ၍ ပိုလန်အနောက်ဘက်ကမ်းရိုးတန်းတွင် ရှာဖွေရေး လုပ်ငန်းခွင့်ပြုချက်ရရှိထားသည့် ကနေဒါကုမ္ပဏီ Central European Petroleum (CEP) က Wolin East သိုက်အား ပိုလန်နိုင်ငံ၏ အကြီးဆုံး နှင့် ဥရောပတွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အကြီးမားဆုံး ဟိုက်ဒရို ကာဗွန်ရှာဖွေတွေ့ရှိမှုတစ်ခုအဖြစ် တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် ကြေညာ ခဲ့သည်။
အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်သည် ပိုလန်-ဂျာမန်နယ်စပ်ရှိ Swinoujscie ဆိပ်ကမ်းမှ ၆ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဂျာမနီ တွင် Usedom ဟုသိကြသည့် နှစ်နိုင်ငံပိုင်ကျွန်းကိုပိုင်းခြားထားသည်။အဆိုပါဒေသသည် အပန်းဖြေစခန်းများအတွက်လည်း ကျော်ကြားသည်။ CEP၏ခန့်မှန်းချက်အရ ပြန်လည်ထုတ်ယူနိုင်သည့် ရေနံသိုက်ပမာဏမှာ တန်ချိန် ၃၃ သန်းကျော်၊ ဓာတ်ငွေ့ပမာဏမှာ ကုဗမီတာ ၂၇ ဘီလီယံ ကျော်ရှိပြီး ရေနံစည်သန်း ၄၀၀ ကျော် ထုတ်လုပ်မှုအလားအလာနှင့် ညီမျှသည်။
သို့ရာတွင် ဂျာမန်အရာရှိများက ထိုစီမံကိန်းသည် ဒေသတွင်း ခရီးသွား လုပ်ငန်းနှင့် ဂေဟစနစ်များကို ထိခိုက်စေမည်ကို စိုးရိမ်နေကြသည်။ Mecklenburg-Western Pomerania ပြည်နယ်၏ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး Till Backhaus က “အဆိုပါအစီအစဉ်သည် ဂျာမန်ဘက်မှ သဘာဝ ပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းအကျိုးစီးပွားများနှင့် ဆန့်ကျင်နေသည်" ဟုသတိပေးခဲ့ပြီး နယ်စပ်ဖြတ်ကျော်သက်ရောက်နိုင်သည့် သဘာဝ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုရှိသော ရှာဖွေရေးလုပ်ငန်းကို ပိုလန် ဘက်မှ ကြိုတင်အသိပေးခြင်းမရှိသည့်အတွက် နယ်စပ်ဖြတ်ကျော် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်သည်” ဟု ဝေဖန်ခဲ့သည်။
ပိုလန်နိုင်ငံကမူ အဆိုပါ ရှာဖွေတွေ့ရှိမှုကို စွမ်းအင်တင်သွင်းမှုအပေါ် မှီခိုမှုလျှော့ချနိုင်မည့် အရေးပါသောတိုးတက်မှုအဖြစ် သတ်မှတ်ထားသည်။ အစိုးရအဖွဲ့ အတွင်းဝန်နှင့် ဘူမိဗေဒ အကြီးအကဲ Krzysztof Galos က အဆိုပါဓာတ်ငွေ့သိုက်မှ နှစ်စဉ်လိုအပ်သော ရေနံပမာဏ၏ ၄-၅% ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လိုင်စင်ခွင့်ပြုချက်ရရှိပါက လာမည့် ၃-၄ နှစ်အတွင်း ထုတ်လုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂