အမေရိကန်တွင် ဆရာဝန်တစ်ဦးဖြစ်သူ အီရန်နိုင်ငံသား ဖခင်အား ကလေး ကျောင်းပို့စဉ် ICE ဖမ်းဆီးခံရမှုကို ဒေသခံများ အံ့အားသင့်

News Image

  • အမေရိကန်တွင် ဆရာဝန်တစ်ဦးဖြစ်သူ အီရန်နိုင်ငံသား ဖခင်အား ကလေး ကျောင်းပို့စဉ် ICE ဖမ်းဆီးခံရမှုကို ဒေသခံများ အံ့အားသင့်

အမေရိကန်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်များက အိုရီဂွန်ပြည်နယ် တွင် အီရန်နိုင်ငံသား အရိုးအထူးကုဆရာဝန် Dr. Mahdi Khanbabazadeh (၃၈ နှစ်) ကို ၎င်း၏ကလေးငယ်အား ကျောင်းပို့နေစဉ် ကားမှန်ခွဲကာ ဖမ်းဆီးမှုသည် ဒေသခံများအကြား ထိတ်လန့်မှုဖြစ်စေခဲ့သည်။

ဇူလိုင် ၁၅ ရက် နံနက် ၈:၁၇ အချိန်တွင် Beaverton မြို့ရှိ Guidepost Montessori မူကြိုကျောင်းသို့ ၎င်း၏ သားငယ်ကို ပို့ရန် ကားမောင်း နေစဉ် ICE အေးဂျင့် ၄ ဦးက Mahdi ၏ကားကိုဝိုင်းရံခဲ့ပြီး မျက်နှာဖုံး စွပ်ထားသော အေးဂျင့်များက "မှန်ချပါ၊ အထောက်အထားပြပါ" ဟု အော်ဟစ်ခဲ့ပြီး ကလေးငယ်က "အဖေရေ ရဲတွေပါ" ဟု ကြောက်လန့်စွာ အော်ခဲ့သည် ကို မှတ်တမ်းများအရ တွေ့ရှိရသည်။ 

ICE ၏ ထုတ်ပြန်ချက်အရ အေးဂျင့်များသည် Mahdi အား ကျောင်းသို့ ကလေးပို့ခွင့်ပြုရန် ကနဦးသဘောတူခဲ့သော်လည်း၊ ၎င်း၏ "ပူးပေါင်းမှု မရှိခြင်း" နှင့် "ကားမှထွက်ရန် ငြင်းဆန်ခဲ့ခြင်း" ကြောင့် မှန်ခွဲကာ ဖမ်းဆီး ခဲ့ရသည်ဟု ဆိုသည်။ သို့သော် Mahdi ၏မိသားစုဘက်က ၎င်း၏ ဂရင်းကတ်လျှောက်လွှာမှာ ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက ဖက်ဒရယ် လူဝင်မှုရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောဆို ခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဒေသတွင်းနိုင်ငံရေးသမားများ၏ ပြင်းထန်သော ဝေဖန်မှုကို ဖြစ်စေခဲ့သည်။ Beaverton မြို့တော်ဝန် Lacey Beaty က "ထိုကဲ့သို့ကလေးငယ်များရှေ့တွင် ရက်စက်စွာဖမ်းဆီးမှုမျိုးသည် မိမိတို့၏ လူမှုတန်ဖိုးများနှင့် မကိုက်ညီပါ" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ထရမ့်အစိုးရလက်ထက်က ပယ်ဖျက်ခဲ့သော "ကျောင်း/ဆေးရုံအနီးဖမ်းဆီးမှုကန့်သတ်ချက်"ကြောင့် ထိုကဲ့သို့ဖမ်းဆီးမှုမျိုး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ICE သည် လက်ရှိတွင် တစ်နေ့လျှင် ရွှေ့ပြောင်းနေထိုင်သူ ၃,၀၀၀ ဖမ်းဆီးရန် ရည်မှန်းထားကြောင်း သိရသည်။

Dr. Mahdi ကို ဝါရှင်တန်ပြည်နယ် Tacoma ရှိ ICE ထိန်းသိမ်းရေး စခန်း တွင် ယာယီထိန်းသိမ်းထားပြီး ဥပဒေအရ တရားစွဲဆိုမှုများ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂