ဂါဇာ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲ အလားအလာ အကောင်းမြင်ရန် ခဲယဉ်း

ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ရန် သတ်မှတ်ထားသည်။ ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သို့ အလည်အပတ်သွားရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သမ္မတ ထရမ့်နှင့် ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံဆွေးနွေးပြီးမှ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲသို့ တက်ရောက်စေရန် စီစဉ်ထားကြောင်း မီဒီယာများက ဖော်ပြထားသည်။

ပထမအဆင့် အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်သည် အထိုက်အလျောက် အဆင်ပြေချောမွေ့ခဲ့သော်လည်း နေတန်ယာဟု၏ ပြည်တွင်းနိုင်ငံရေးကို ထည့်သွင်းစဉ်းစားမှုများကြောင့် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲအလားအလာကို အကောင်းမြင်ရန် ခဲယဉ်းဟု သုံးသပ်သူများက ယူဆကြသည်။ အမေရိကန်အနေဖြင့် မိမိ၏ မဟာဗျူဟာ ကိုယ်ကျိုးစီးပွားကိုအခြေခံပြီး ဂါဇာ စစ်ပွဲအလွန် စီမံခန့်ခွဲရေး စသည့်အရေးကိစ္စများတွင် “ဘက်လိုက် ဖျန်ဖြေခြင်း” က ပါလက်စတိုင်း-အစ္စရေး ပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းရေးနှင့် အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အကျိုးမရှိနိုင်ပေ။

အပစ်ရပ်ရေး အမေရိကန်-အစ္စရေး အဓိကထား ဆွေးနွေး

နေတန်ယာဟုသည် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steve Witkoff၊ သမ္မတ ထရမ့် တို့နှင့် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်များတွင် အသီးသီး တွေ့ဆုံကာ ဂါဇာကမ်းမြောင်ဒေသ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲ စသည့် ကိစ္စရပ်များအား ဆွေးနွေးမည် ဖြစ်ကြောင်း မကြာသေးမီရက်များအတွင်း အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

ဇန်နဝါရီ ၁၅ ရက်တွင် အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး သဘောတူညီချက် ရရှိခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ပြီး အပစ်ရပ်ရေး ပထမအဆင့်အဖြစ် ရက်သတ္တပတ် ၆ ပတ် ဆက်တိုက်ဆောင်ရွက်ရာ နှစ်ဖက်အနေဖြင့် ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူအချို့ကို အပြန်အလှန် လဲလှယ်ခဲ့သည်။ ပထမအဆင့် အပစ်ရပ်ရေး ဖော်ဆောင်သည့် ၁၆ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲပြုလုပ်ရမည် ဖြစ်ကြောင်း သဘောတူညီချက်တွင် သတ်မှတ်ထားသည်။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် အစ္စရေးဘက်မှ အခြား ဖမ်းဆီးထိန်းသိမ်းထားခံရသူများ ပြန်လွှတ်ရေးနှင့် အစ္စရေးစစ်တပ် ရုပ်သိမ်းရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။

နေတန်ယာဟု၏ အမေရိကန် ခရီးစဉ်သည် ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲစတင်ချိန်နှင့် တိုက်ဆိုင်နေပေသည်။ ၎င်းအနေဖြင့် ထရမ့်နှင့်အရင် တွေ့ဆုံပြီးမှ ကာတာနိုင်ငံသို့ အဖွဲ့စေလွှတ်၍ ဆွေးနွေးပွဲတက်ရောက်စေရန် စီစဉ်ထားကြောင်း The Times of Israel တွင် ဖော်ပြထားသည်။

ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲသည် ယခုအကြိမ် နေတန်ယာဟု၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်နှင့် အဓိက ဆွေးနွေးမည့် အရေးကိစ္စဖြစ်လာမည်ဟု အများက ယူဆကြသည်။ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးစစ်တပ် မည်သို့ ဘက်စုံ ရုပ်သိမ်းမည်နည်း၊ အစ္စရေးတပ် ဆုတ်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို မည်သို့ စီမံခန့်ခွဲမည်နည်း၊ ဂါဇာကမ်းမြောင်ဒေသကို ဟားမက်စ်တို့ အသစ်တစ်ဖန်ထိန်းချုပ်မှုကို မည်သို့ ကာကွယ်တားဆီးမည်နည်း စသည်တို့ အပါအဝင် အစ္စရေးဘက်က အချို့သော အဓိက စိုးရိမ်မှုများကို ပထမအဆင့် အပစ်ရပ်ရေးတွင် မဖြေရှင်းနိုင်ခဲ့ပေ။ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲတွင် ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အစ္စရေးဘက်က မျှော်လင့်ရာ နေတန်ယာဟုနှင့် ထရမ့်၏ မျက်နှာချင်းဆိုင်ဆွေးနွေးမှုသည် ထိုကိစ္စရပ်များအား “အတည်ပြုခြင်း” ဖြစ်နိုင်ကြောင်း သိရသည်။

ထိုမတိုင်မီ Steve Witkoff သည် ဇန်နဝါရီ ၂၉ ရက်တွင် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်ပြီး ဂျေရုဆလမ်တွင် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ Steve Witkoff ၏ ဤခရီးစဉ်သည် အမေရိကန်-အစ္စရေး ခေါင်းဆောင်များ ဆွေးနွေးမှု၏ “ခန့်မှန်းရလဒ်” ကို ညှိနှိုင်းရန် ရည်ရွယ်ခြင်း ဖြစ်ရာ အမေရိကန်အနေဖြင့် နေတန်ယာဟုက အပစ်ရပ်ရေးသဘောတူညီချက်ကို တွန်းအားပေးဖော်ဆောင်ပြီး နောက်ဆုံးတွင် ဖမ်းဆီးထိန်းသိမ်းထားခံရသူအားလုံး လွတ်မြောက်ရေးကို ဖော်ဆောင်စေလိုကြောင်း အစ္စရေး 《Haaretz》သတင်းစာတွင် ဖော်ပြထားသည်။

ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးမှု အကောင်းမြင်ရန် ခဲယဉ်း

ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက် အသက်ဝင်ပြီးချိန်မှစ၍ အစ္စရေးနှင့် ဟားမက်စ်တို့အကြား လွတ်မြောက်လာသော ဖမ်းဆီးထိန်းသိမ်းထားခံရသူများ၏ ကိုယ်ရေးအထောက်အထား၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အသက်ရှင်မှု အမည်စာရင်း စသည့် ကိစ္စရပ်တွင် အတိုင်းအတာတစ်ခုအထိ သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပွားခဲ့သော်လည်း ပထမအဆင့် အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်က ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့သည်။

သို့သော် ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးမှု အလားအလာအပေါ် ပြင်ပနယ်ပယ်က အကောင်းမမြင်ကြပေ။ နေတန်ယာဟုက သတ်မှတ်ကာလအတိုင်း ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ဘဲ ထရမ့်နှင့် အရင် တွေ့ဆုံခြင်းသည် “အလွန်စိုးရိမ်ဖွယ်” အချက်ပြမှု ဖြစ်ကြောင်း အစ္စရေးမီဒီယာက အစ္စရေး အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

အစ္စရေး ပြည်တွင်း နိုင်ငံရေး အခြေအနေကြောင့် နေတန်ယာဟုက ဆက်လက်အပစ်ရပ်ရန်နှင့် ဂါဇာကမ်းမြောင်ဒေသမှ စစ်တပ် ဘက်စုံရုပ်သိမ်းရန် ဆန္ဒလျော့နည်းသွားသည်ဟု အစ္စရေးမီဒီယာများက ယူဆကြသည်။ နေတန်ယာဟုအနေဖြင့် နိုင်ငံစီမံအုပ်ချုပ်သည့်နေရာကို ဆက်လက်ထိန်းထားမည်ဆိုလျှင် အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း လက်ယာစွန်းရောက် အင်အား၏ ထောက်ခံအားပေးမှုရရှိရန် လိုအပ်သော်လည်း ဘဏ္ဍာရေးဝန်ကြီး၊ လက်ယာစွန်းရောက် ဘာသာရေး ဇီယွန်ဝါဒီပါတီ ဥက္ကဋ္ဌ Bezalel Smotrich တို့က အာဏာရညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြီး ပထမအဆင့်အပစ်ရပ်ရေး အဆုံးသတ်လျှင် ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

တစ်ချိန်တည်းတွင်ပင် နေတန်ယာဟုအစိုးရက ဟားမက်စ်ကို အမြစ်ပြတ်ချေမှုန်းရေး၊ အစ္စရေးလုံခြုံမှုကို ဂါဇာကမ်းမြောင်ဒေသ ထပ်မံခြိမ်းခြောက်ခြင်း မရှိစေရန် အာမခံရေး ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမရှိသေးပေ။ ဆက်တိုက်အပစ်ရပ်မှုက ဟားမက်စ်အင်အား ပြန်လည်ရှင်သန်စေကာ အစ္စရေးအား အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် ပို၍ ခက်ခဲစေပေသည်။

အမေရိကန်က “ဘက်လိုက် ဖျန်ဖြေခြင်း” သည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် အကျိုးမပြု

အပစ်ရပ်ရေး ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ရပ်တည်ချက်ညှိနှိုင်းမည့်အပြင် နေတန်ယာဟုအနေဖြင့် ထရမ့်အစိုးရက အီရန်ကို ထပ်မံ ဖိအားပေးပြီး အစ္စရေးနှင့် ဆော်ဒီအာရေဗျဆက်ဆံမှု ပုံမှန်အသွင် ဖော်ဆောင်ရန် သံတမန်ရေးကြိုးပမ်းမှုများကို ပြန်လည်စတင်ရန် မျှော်လင့်သေးကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။

၎င်းအနေဖြင့် “အစ္စရေးနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖိုနဲ့ ကျွန်တော်တို့ရဲ့ ဘုံရန်သူကို ခုခံကာကွယ်ဖို့ ဘယ်လိုကြိုးပမ်းရမလဲဆိုတာ (နေတန်ယာဟု နဲ့) ဆွေးနွေးဖို့ မျှော်လင့်ပါတယ်” ဟု နေတန်ယာဟုအား ပေးပို့သည့် အမေရိကန် အလည်အပတ်ခရီးစဉ် ဖိတ်ကြားလွှာတွင် ထရမ့်က ရေးသားထားသည်။
ထရမ့်က နေတန်ယာဟုအား အမေရိကန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ရသည့် ရည်ရွက်ချက်တစ်ခုမှာ ဂါဇာစစ်ပွဲအလွန် စီမံခန့်ခွဲမှုအစီအစဉ်များကို အမေရိကန် အစိုးရက တိုက်ရိုက်ပါဝင်မည်ကို ဖော်ပြခြင်းဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံ မီဒီယာများက သုံးသပ်ကြသည်။

ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Yonatan Freeman က အမေရိကန်-အစ္စရေးက ယင်းဒေသတွင် အီရန်၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရန် ၊ အစ္စရေးနှင့် ပိုမိုများပြားသော အာရပ်နိုင်ငံများ သံတမန်ဆက်ဆံရေး ထူထောင်ရေး တွန်းအားပေးရန် စသည့် ကဏ္ဍများတွင် အလွန်ကိုက်ညီမှု ရှိသည်ဟု ယူဆသည်။
ထရမ့်က အစ္စရေးကို အစဉ်အမြဲ ထောက်ခံအားပေးရာ လွန်ခဲ့သည့် သမ္မတသက်တမ်းကာလတွင်ပင် “အစ္စရေး ထောက်ခံရေး” မူဝါဒများကို ကြိမ်ဖန်များစွာ ထုတ်ပြန်ခဲ့ဖူးပေသည်။ ဒုတိယအကြိမ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် အစ္စရေးအား ပေါင်ချိန် ၂,၀၀၀ (ကီလိုဂရမ် ၉၀၀ ခန့်) ရှိသော ဖောက်ခွဲရေးဗုံး ပံ့ပိုးမှုအပေါ် ဘိုင်ဒန်အစိုးရ၏ ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်း ၎င်းက အလွန်လျင်မြန်စွာ ကြေညာခဲ့ပြီး “ဂါဇာ ရှင်းလင်းရေး” အစီအစဉ်ကို ထုတ်ဖော်ကာ ဂါဇာကမ်းမြောင်မှ လာသော ပါလက်စတိုင်းသားများအား လက်ခံပြီး နေရာချထားပေးရန် အီဂျစ်နှင့် ဂျော်ဒန်အား တောင်းဆိုခဲ့သည်။

အမေရိကန်၏ ဤသို့သော “တစ်ဖက်သတ် ဖျန်ဖြေမှု” လုပ်ရပ်က နိုင်ငံတကာအသိုက်အဝန်း၏ ဆန့်ကျင်မှုကို အလိုအလျောက်ခံရပေသည်။ “ဂါဇာ ရှင်းလင်းရေး” အစီအစဉ်ကို ဆန့်ကျင်ကြောင်း ယခုရက်ပိုင်းများတွင် အရှေ့အလယ်ပိုင်း နိုင်ငံအများအပြား၊ ဥရောပနိုင်ငံ အချို့နှင့် ပညာရှင်၊ နိုင်ငံတကာ မီဒီယာများက အသီးသီး ဖော်ပြကြသည်။ ပါလက်စတိုင်းသားများအား ဂါဇာကမ်းမြောင်ဒေသနှင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း သိမ်းပိုက်ခံရသည့် နယ်မြေများမှ နှင်ထုတ်မည့် ကြံစည်မှုကို ဆန့်ကျင်ကြောင်း အာရပ်နိုင်ငံအများအပြားနှင့် အာရပ်အဖွဲ့ချုပ်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဂါဇာ ရှင်းလင်းရေး” ဖြစ်စေ၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျ စသည့် အာရပ်နိုင်ငံများ ဆက်ဆံမှု ပုံမှန်အသွင် ဖြစ်ရေး တွန်းအားပေးရာတွင် ဖြစ်စေ ပါလက်စတိုင်းသားများ၏ အကျိုးစီးပွားကို စတေးပြီး အမေရိကန်နှင့် အစ္စရေး၏ မဟာဗျူဟာ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်ရာ ပါလက်စတိုင်း-အစ္စရေး ပြဿနာ အရင်းအမြစ်မှ ဖြေရှင်းရေး နှင့် အရှေ့အလယ်ပိုင်း ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ထောက်ပြကြသည်။ ပါလက်စတိုင်းပြည်သူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကာလတွင် “သမိုင်း၏မမျှတမှု” ကို ခံစားနေရကြောင်း၊ ဖြေရှင်းသည့်နည်းလမ်းမှာ ၎င်းတို့ကို နှင်ထုတ်ခြင်းမဟုတ်ဘဲ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း အီဂျစ်သမ္မတ အယ်လ်-စီစီက ထောက်ပြပြောကြားခဲ့သည်။ 

Source: ဆင်ဟွာ

Subject-Image

  • ဂါဇာ ဒုတိယအဆင့် အပစ်ရပ်ရေး ဆွေးနွေးပွဲ အလားအလာ အကောင်းမြင်ရန် ခဲယဉ်း

Posted-Date