ထိန်းသိမ်းထားသူများကို ဟားမက်စ် ပြန်မလွှတ်လျှင် အပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်သည်ဟု ထရမ့်ဆို

ပါလက်စတိုင်း အစ္စလမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမတိုင်မီ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးသင့်ကြောင်း၊ သို့မဟုတ်ပါက ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်ကြောင်း အမေရိကန် သမ္မတထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်အတွက် ပြောရမယ်ဆိုရင် ထိန်းသိမ်းခံထားရသူတွေအားလုံး ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီမတိုင်မီ မလွတ်မြောက်ခဲ့ဘူးဆိုရင်…ဒါ (ဂါဇာအပစ်ရပ်ရေးသဘော တူညီချက်) ကိုဖျက်သိမ်းပြီး… ဆိုးရွားတဲ့ကိစ္စအားလုံး ဖြစ်ပါလေ့စေပေါ့” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နောက်ဆုံး အစ္စရေးဘက် ကပင် အဆုံးအဖြတ်လုပ်ရမှာဖြစ်ကြောင်း တစ်ချိန်တည်းတွင် ၎င်းကပြောကြားခဲ့သည်။

အပစ်ရပ်ရေးသဘောတူညီချက်ကို အစ္စရေး ချိုးဖောက်သည်ဟု အပြစ်တင်စွပ်စွဲကာ မူလက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးမည့် အစီအစဉ် ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ဟားမက်စ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ထရမ့်က အကယ်၍ ဂါဇာကမ်းမြောင်မှ ရွှေ့ပြောင်းလာသည့် ပါလက်စတိုင်းသားများကို ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့ကလက်မခံလျှင် ၎င်းအနေဖြင့် ယင်းနှစ်နိုင်ငံအပေါ် ကူညီပံ့ပိုးမှုများ ယာယီရပ်တန့်နိုင်သည်ဟု ပြောကြားခဲ့ပေသေးသည်။ ထရမ့်အနေဖြင့် အမေရိကန်သို့ လာရောက်လည်ပတ်မည့် ဂျော်ဒန်ဘုရင် Abdullah II နှင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

Fox News ချန်နယ်၏ ဖေဖော်ဝါရီ ၁၀ ရက်ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ထရမ့်က ၎င်းအနေဖြင့် ပါလက်စတိုင်းသားများအား လက်ခံရေးတွင် ဂျော်ဒန်၊ အီဂျစ်တို့နှင့် သဘောတူညီချက်ရမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းသားများအနေ ဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ ပြန်သွားပိုင်ခွင့်ရှိ၊မရှိကို သတင်းထောက်က မေးမြန်းရာတွင် ထရမ့်က “မရှိဘူး၊ သူတို့လုပ်မှာမဟုတ်ပါဘူး” ထရမ့်က ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ကို“လက်လွှဲယူ”ပြီး “ရေရှည်ပိုင်ဆိုင်”သွားရန်မျှော်လင့် ကြောင်း၊ လက်ရှိ ဂါဇာတွင်နေထိုင်သည့် ပါလက်စတိုင်းသားများကို အခြားနိုင်ငံတွင် နေရာ ချထားပေးသင့်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၄ ရက်တွင်ဖော်ပြထားသည်။ ပါလက်စတိုင်း နှင့် နိုင်ငံတကာအသိုက်အဝန်းက ယင်းပြောဆိုချက်အပေါ် အပြင်းအထန်ကန့်ကွက်အပြစ် တင်ခဲ့ကြပြီး ၎င်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး “လက်ခံနိုင်ဖွယ်မရှိ” ဟု ယူဆကြ သည်။

အစ္စရေးနှင့် ဟားမက်စ်တို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ဂါဇာကမ်းမြောင် အပစ်ရပ်ရေး သဘောတူညီချက်ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် သဘောတူညီချက် အသက်ဝင်ခဲ့ခြင်းဖြစ် သည်။ အပစ်ရပ်ရေးပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ်ဆက်တိုက်ဆောင်ရွက်ရာ နှစ်ဖက် အနေဖြင့် ၎င်းတို့ကိုယ်စီ ဖမ်းဆီးထိန်းသိမ်းထားသူများအနက်အချို့ကို ပြန်လွှတ်ပေးသွား မည်ဖြစ်သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် ဟားမက်စ်နှင့်အစ္စရေးတို့သည် ဖမ်းဆီးထိန်းသိမ်းခံရ သူများ ပဉ္စအသုတ်အပြန်အလှန်လဲလှယ်မှု ပြီးစီးခဲ့သည်။ 

ကိုးကား-ဆင်ဟွာ

 

Subject-Image

  • အမေရိကန် သမ္မတ ထရမ့်အား ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Posted-Date