မက်ခရွန်က ထရမ့်၊ ဇီလန်စကီးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဖုန်းဖြင့်ဆက်သွယ်
ပဲရစ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဥရောပနိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် ယူကရိန်းအရေးကိစ္စ အရေးပေါ်အစည်းအဝေး ကျင်းပပြီးနောက် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်သည် အမေရိကန်နိုင်ငံသမ္မတ ထရမ့်၊ ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီး တို့နှင့်ရှေ့ဆင့်နောက်ဆင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု မက်ခရွန်က ဖေဖော်ဝါရီ ၁၈ ရက် နံနက်ခင်းတွင် ပြောကြား ခဲ့သည်။
“ဥရောပနိုင်ငံခေါင်းဆောင်အချို့နှင့် တွေ့ဆုံပြီးနောက် သမ္မတ ထရမ့်နှင့် သမ္မတ ဇီလန်စကီးတို့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ပါကြောင်း” မက်ခရွန်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
မက်ခရွန်က ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည့်အကြောင်းအရာကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့က ယူကရိန်းတွင် အားကောင်းသော၊ ကြာရှည်သော ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် ရှာဖွေလျက်ရှိကြောင်း၊ အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် ရုရှားက ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် “ယူကရိန်း ပြည်သူများအတွက် အားကောင်းသော၊ ယုံကြည်ရသော လုံခြုံရေးအာမခံချက် မဖြစ်မနေပေးရမည်ဖြစ်ကြောင်း” ဆိုခဲ့သည်။
မက်ခရွန်က “ဥရောပသည် ၎င်း၏လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပိုမိုကောင်းမွန်သော၊ ပိုမိုများပြားသော အတူတကွရင်းနှီးမြှုပ်နှံမှုများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥရောပ ပြည်သူ များက မိမိ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ယှဉ်ပြိုင်မှုစွမ်းရည် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖော်ဆောင်ရန် မျှော်လင့်ကြပါကြောင်း ၊ ယူကရိန်းအား ထောက်ခံအားပေးမှုနှင့် မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းအပိုင်းတွင် မိမိတို့အနေဖြင့် ဥရောပကော်မရှင်၏ အကြံပြုချက်အတိုင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လာမည့် ရက်အနည်းငယ်အတွင်း ၎င်းက အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ သက်ဆိုင်သူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မက်ခရွန်၏ အကြံပြုမှုဖြင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်၌ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ယူကရိန်းအခြေအနေနှင့် ဥရောပအုပ်စုလုံခြုံရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထိုနေ့အရေးပေါ် အစည်းအဝေးမစတင်မီ မက်ခရွန်သည် ထရမ့်နှင့် အချိန် မိနစ် ၂၀ ခန့်ကြာ ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့သည်ဟု ပြင်သစ်သမ္မတအိမ်တော်မှ ထုတ်ပြန်သည့် သတင်းအရ သိရသည်။
ကိုးကား-ဆင်ဟွာ
Photo: The New York Times