တရုတ်နှင့် အမေရိကန်တို့အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် မှန်ကန်သည့် နည်းလမ်းကို ရှာဖွေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
တရုတ်နှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်လေးစားမှုဆိုင်ရာမူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းရေးမူများကို လိုက်နာသင့်ကြောင်းနှင့် မိမိတို့ အင်အားကြီးနိုင်ငံများအနေဖြင့်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကျိုးရှိစွာပူးပေါင်းဆောင်ရွက်နိုင်ရးအတွက် သင့်လျော်မည့် နည်းလမ်းကို ရှာဖွေလုပ်ဆောင်သင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီလ ၁၈ ရက် (အင်္ဂါနေ့)တွင် နယူးယောက်မြို့တွင်ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဆင့်မြင့်အရာရှိများအစည်းအဝေးအတွင်း အမေရိကန်လူမှုအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် သီးသန့်ဆွေးနွေးပွဲတစ်ရပ်၌ တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့အပြင် တရုတ်နှင့် အမေရိကန်တို့သည် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားများရှိကြသည့်နည်းတူ ကျယ်ပြော လှသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်လည်းရှိကြောင်း၊ တစ်နိုင်ငံ၏ ပဓာနကျသည့် အကျိုးစီးပွားကို တစ်နိုင်ငံက တန်ဖိုးထား လေးစားသင့်ကြောင်း၊ ခိုင်မာသည့် ဆက်ဆံမှုရှိပြီး ယုံကြည်မှုတည်ဆောက်ခြင်း၊ အနှောင့်အယှက်များ ဖယ်ရှားပြီး အခက်အခဲများကို ကျော်လွှားခြင်း တို့ဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်ပြီး ရေရှည်တည်တံ့စေရေးအတွက် အလေးထားလုပ်ဆောင်သွားသင့်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့မှုကို Xinhua သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင် (နစက-၄)