ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံဆွေးနွေး

ဂျိုဟန်နာဘတ်စ်၊ ဖေဖော်ဝါရီ ၂၁ ရက် 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၀ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ ပို၍ မြင့်မားသောအဆင့်၊ ပို၍ ကျယ်ပြန့်သောအတိုင်းအတာဆီသို့ လျှောက်လှမ်းလျက် ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုက တည်ငြိမ်စွာ တိုးတက်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုက နီးစပ်ထိရောက်ရာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဗဟုအသွင်ပြောင်းမှု ဖြစ်စဉ်အား တွန်းအားပေးခြင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို မလျော့မပေါ့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်-ရုရှား ဆက်ဆံရေးကို နှစ်သစ်တွင် ယခင်ကလို ရှေ့ဆက်တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ယိက ယခုနှစ်သည် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲ အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ရာ ကြီးမားသည့် သမိုင်းအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းကြမ်းတမ်း ခက်ခဲလှသော တိုက်ပွဲတွင် တရုတ်-ရုရှား နှစ်နိုင်ငံပြည်သူများသည် အသက်သွေးချွေးစတေး၍ တိုက်ပွဲဝင်ခဲ့ကြရာ အရှေ့အနောက် စစ်မြေပြင်မှာ တိုင်းပြည်ပျက်သုဉ်းမည့်အန္တရာယ်ကို ကယ်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကြိုးပမ်းဖော်ဆောင်ရန် ကြီးမားသည့် အမျိုးသားရေး စတေးခဲ့ရသလို သမိုင်းအတွက် ကြီးမားသော အကျိုးဆောင်မှု ရှိခဲ့ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ် တိုက်ပွဲအောင်မြင်ကြသော နိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်ကြရာ ပခုံးထက်တွင် ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်ကို ကာကွယ်ရန်၊ စစ်မက်အလွန် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည့် တာဝန်ကို အတူထမ်းရွက်ထားကြရကြောင်း၊ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား ချစ်ကြည်ရေး၏ အခြေခံအုတ်မြစ်မှာ ဖြိုခွဲ၍ မရအောင် ခိုင်မာပြီး နိုင်ငံကြီး၏ နိုင်ငံတကာကျင့်ဝတ် ထမ်းဆောင်ရမည့် တာဝန်ကို ရှောင်လွှဲမည် မဟုတ်ကြောင်း၊ နှစ်ဖက် အနေဖြင့် “နှစ် ၈၀ ပြည့်” အထိမ်းအမှတ်အခွင့်အလမ်းတွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းမှုများကို နက်ရှိုင်းစေရန်၊ မှန်ကန်သည့် ဒုတိယကမ္ဘာစစ် သမိုင်းအမြင်ကို အပြုသဘောပြန့်ပွားစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ တရားဝင်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းကာ တန်းတူညီမျှ၊ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင်ပြောင်းမှုနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ  အသွင် ပြောင်းမှု တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

Sergey Lavrov က သမ္မတ ပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့သည် ရုရှား-တရုတ် ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ယင်းကို အခြေခံပြီး အဆင့်မြင့်အလွှာ ဆက်ဆံရေးကို အားဖြည့်ခြင်း၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ ထဲထဲဝင်ဝင်လက်တွေ့ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ရုရှား-တရုတ်ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရန် တွန်းအားပေးကာ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြား  ခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံ၏ ဗဟုအသွင်ကို လက်ကိုင်ထားခြင်းသည် ရှုပ်ထွေး၍ ကမောက်ကမ ဖြစ်နေသောကမ္ဘာကြီး၏ တည်ငြိမ်မှု အကြောင်းတရား ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို အထူးအသိအမှတ်ပြုသဘောတူသကဲ့သို့ ရုရှား-တရုတ် အဆင့်မြင့် အပြန်အလှန် ယုံကြည်မှုအပေါ် အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ BRICS ယန္တရား၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၊ ကုလသမဂ္ဂ၊ G20 စသည့် မူဘောင်များအောက်တွင် ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့် ဆောင်ရွက် သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Sergey Lavrov က ယူကရိန်းအကျပ်အတည်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ရုရှားဘက်က ထည့်သွင်း စဉ်းစားမှုများကို မိတ်ဆက်ပြောကြားရာတွင် ရုရှားအနေဖြင့် အကျပ်အတည်း၏ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် အာရုံစိုက်ပြီး တရားမျှတမှု၊ စဉ်ဆက်မပြတ်ရှိမှု၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်ကိုက်ညီမှုရှိသော ငြိမ်းချမ်းရေး နည်းလမ်းကို အားထုတ်ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန် ကျမှု၊ သမာသမတ်ကျသည့် ရပ်တည်ချက်နှင့် ဘရာဇီး စသည့်နိုင်ငံများနှင့်အတူ အဆိုပြုဖွဲ့စည်းသည့် “ငြိမ်းချမ်းရေး မိတ်ဆွေ” အဖွဲ့ငယ်အား အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံ၏ အစဉ်အမြဲ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများဖြစ်မြောက်ရေး၊ နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးတွင် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အရှေ့အလယ်ပိုင်းအခြေအနေ စသည့် ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များအား အမြင်သဘောထားချင်းဖလှယ်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

Subject-Image

  • ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံဆွေးနွေး

Posted-Date