G20 ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမျှော်မှန်း
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ဆက်လက်တက်ရောက်ခဲ့သည်။
ဝမ်ယိက “စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ စဉ်ဆက်မပြတ်ရှိမှု” ဟူသော ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ် အကြောင်းအရာနှင့် ပေါင်းစပ်ကာ G20 ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အပေါ် တရုတ် နိုင်ငံ၏အကြံပြုချက်အား ပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် ပထမအနေဖြင့် “စည်းလုံးညီညွတ်မှု” ဖြင့် G20 ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို အခိုင်အမာတည်ဆောက်ရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ ကွဲလွဲမှုများအား ထားရှိကာ တူညီမှုများ အား စုစည်းရေး၊ တူညီမှုများအား စုစည်းခြင်းဖြင့် ကွဲလွဲမှုများအား ဖြေလျှော့ရေးကို ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ရာ ခွာပြဲမှု၊ အတိုက်အခံလုပ်မှုများ မပြုဘဲ အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံကြီးများအနေဖြင့် စံနမူနာပြုနိုင်သော အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို မြှင့်တင် ရမည်ဖြစ်ကြောင်း၊ စုပေါင်းအင်အားဖြင့် တံခါးဖွင့် ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရမည် ဖြစ်သလို တစ်ဖက်သတ် ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွ ဆန့်ကျင်ကာ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်သို့ ပြောင်းလဲမှု တွင် ပို၍ အများအကျိုးဖြစ်ထွန်းမှု၊ အားလုံးပါဝင်မှုရှိသော ဦးတည်ရာသို့ တိုးတက်ရေး တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် “တန်းတူညီမျှမှု” ဖြင့် G20 ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းအတွက် ခွန်အားပေးရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေမှုကို ကိုင်စွဲကာ ရန်ဘက် မဟုတ်သော မိတ်ဖက်အဖြစ် အပြန်အလှန်ရှုမြင်ရမည် ဖြစ်သလို အပြန်အလှန်၏ ဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်မှု မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တောင်အာဖရိက၏ “ဉာဏ်ရည်တု” မစ်ရှင်အဖွဲ့ တည်ထောင်ခြင်းကို ထောက်ခံအားပေးသလို အာဖရိက ဉာဏ်ရည်တု ကမ္ဘာ့ထိပ်သီး ဆွေးနွေးပွဲ ကျင်းပမှုအား ထောက်ခံကြောင်း၊ ဘက်ပေါင်းစုံက တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း၊ “သိပ္ပံပညာ တံခါးဖွင့်လှစ်မှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်” တွင် ပိုမို များပြားသော နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု” ဖြင့် G20 ၏ အနာဂတ်အလားအလာသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာကို G20 ဆွေးနွေးမှုအစီအစဉ်၏ ဦးစားပေးနေရာတွင် ဆက်လက်ထားရှိကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ စိတ်ဓာတ်ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၏ အသေးစိတ် လှုပ်ရှားမှုအဖြစ် ပြောင်းလဲရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘေးအန္တရာယ် လျှော့ချမှု၊ ကြွေးမြီဆက်လက်ထားရှိနိုင်မှု၊ မျှတမှုရှိစွာ စွမ်းအင် အသွင်ကူးပြောင်းမှု၊ အဓိကသတ္တုထုတ်ကုန် စသည့် ဦးစားပေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားပေးထောက်ခံကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ္ဍာငွေ ကုန်ကျစရိတ်လျှော့ချရေး နည်းလမ်းများကို ရှာဖွေသွားမည် ဖြစ်ကြောင်း၊ “အတူတကွ လှုပ်ရှား၍ မျှတစွာ တာဝန်ခံခြင်း” အခြေခံမူအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကြွေးမြီ ဝန်ထုပ်ဝန်ပိုး လျှော့ချရေး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖရိကသည် အသစ်တစ်ဖန်နိုးထလာပြီ ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ G20 အနေဖြင့် ပိုမို များပြားသော ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်များကို စည်းရုံးကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ဟန်ချက်ညီညီ အကျိုးသက်ရောက်မှု တိုးပွားနိုင်ရေး ထောက်ခံအားပေးရမည် ဖြစ်ကြောင်း၊ စက်မှုအသွင်ပြောင်းမှု၊ အခြေခံ အဆောက်အဦ၊ အစိမ်းရောင်သတ္တု စသည့်ကဏ္ဍများတွင် အာဖရိကနှင့်အတူ ပူးပေါင်းဆောင်ရွက်ရာ ခေတ်မီ အသွင်ပြောင်းရေးလမ်းစဉ်ကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက မိတ်ဖက်များနှင့် အတူ ခေတ်မီအသွင်ပြောင်းရေး “ကဏ္ဍ ၁၀ ရပ် မိတ်ဖက်လှုပ်ရှားမှု” ကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်လျက် ရှိရာ G20 ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးစွမ်းအင်ကို ဖြည့်တင်းကာ အတူတကွ စည်ပင် သာယာဝပြောသော တိုးတက်မှုကို ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ