ရာထူးမှနုတ်ထွက်ရန်အသင့်ရှိကြောင်း ဇီလန်စကီးပြော
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး က ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကိစ္စနှင့် ပတ်သက်လျှင် မိမိ၏ရာထူးနှင့် လဲလှယ်ရန်ပင် အသင့်ရှိကြောင်း၊ ယူကရိန်း၏ ငြိမ်းချမ်းရေးအတွက် လိုအပ်မည်ဆိုပါက မိမိ အနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိသည် အာဏာကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားရန် ဆန္ဒမရှိကြောင်း “၂၀၂၅ ခုနှစ် ယူကရိန်း ဖိုရမ်” တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဖိုးရှိ ယူကရိန်း၏ မြေရှားသတ္တု ဝယ်ယူမည့် အစီအစဉ် အပါအဝင် အမေရိကန်၏ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း အဆိုပါအခမ်းအနားတွင် ဇီလန်စကီး က တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပထမအကြိမ် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုကို ယူကရိန်း ဘက်က ပယ်ချလိုက်ပြီးနောက် အမေရိကန်က ယခုကဲ့သို့ လူသိရှင်ကြား ထပ်မံကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါသည်။
ယခု အမေရိကန်နှင့်မိမိတို့အကြား ပြောဆိုနေသည်မှာ အကြွေးကိစ္စဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကိစ္စ မဟုတ်ကြောင်း၊ ယင်း ငွေပမာဏကို ရန်ပုံငွေအဖြစ် စာရင်းသွင်းထားသော်လည်း ငွေကြေးအဖြစ် ပြည်ပမှ မည်သည့် ငွေပမာဏမျှ ရောက်ရှိ လာခြင်း မရှိခဲ့ကြောင်း၊ အမေရိကန်ထံမှ မိမိတို့ ရရှိထားသည်မှာ ဘီလီယံ ၁၀၀ တန်ဖိုးရှိ အထောက်အပံ့များသာ ဖြစ်ကြောင်း၊ အမေရိကန်ဘက် က တောင်းဆိုသည့် ဘီလီယံ ၅၀၀ ကို ပြန်လည်ပေးနိုင်ရန် အသင့်မဖြစ်သေး သည့်အပြင် အကြွေး ဘီလီယံ ၁၀၀ ကိုလည်း ပြန်လည်ပေးဆပ်နိုင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထောက်ပံ့ကြေးသည် အကြွေး မဟုတ်ဟု မှတ်ယူထားခြင်းကြောင့် ဖြစ်ကြောင်း၊ ထောက်ပံ့ရန်ပုံငွေသည် အကြွေး မဟုတ်သဖြင့် ပေးဆပ်ရန် မလိုအပ်ဟု ယူဆကြောင်း၊ အမေရိကန် တောင်းဆိုသည့်အတိုင်းသာ ပြန်လည်ပေးချေ ရမည်ဆိုပါက မိမိတို့ ယူကရိန်းနိုင်ငံ၏ မျိုးဆက် ၁၀ ဆက်ခန့် အဆိုပါအကြွေးကို ဆပ်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်တို့၏ အဆိုပါတောင်းဆိုချက်ကို လုံးဝလက်မခံနိုင်ပါကြောင်း ဇီလန်စကီး က ထပ်လောင်းပြောကြား ခဲ့ပါသည်။
ဇီလန်စကီး၏ သမ္မတသက်တမ်းမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း ၎င်းသည် အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် စစ်ပွဲများကို ရှည်ကြာအောင် ကြိုးပမ်းလျက်ရှိကြောင်း အချို့က စွပ်စွဲပြစ်တင်လျက်ရှိသည်။ ရုရှားဘက်ကလည်း ဇီလန်စကီးအား ယူကရိန်းနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လက်မခံနိုင်ကြောင်းနှင့် အလုံးစုံငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ၎င်း၌ အခွင့်အာဏာ မရှိကြောင်း ပြောကြား ခဲ့သည်။ ထရမ့်ကလည်း ဇီလန်စကီးကို သမ္မတ ရာထူးနေရာအတွက် တရားဝင် အသိအမှတ်ပြုရန် မသေချာ မရေရာ ဖြစ်နေကြောင်း ဝေဖန်ထောက်ပြခဲ့သည့်အပြင် “ရွေးကောက်ပွဲမရှိသည့် အာဏာရှင်” ဟု တံဆိပ် ကပ်ကာ စွပ်စွဲထားပြီး လတ်တလောတွင် ဇီလန်စကီးအပေါ် ၎င်း၏နိုင်ငံ (ယူကရိန်း) အတွင်းမှာပင် ထောက်ခံမှုနှုန်း ဆိုးရွားစွာ နိမ့်ကျလျက်ရှိသည်ဟု ယခုရက်သတ္တပတ်အတွင်း ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- RT
Photo: RNZ
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)