NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည်ဆိုလျှင် ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇီလန်စကီး ပြောကြား

NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည် သို့မဟုတ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဆိုလျှင် ယူကရိန်း ပြည်သူလူထုကသာ ၎င်းအား ရာထူးမှ အမှန်တကယ် နုတ်ထွက်စေလိုပါက ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း Interfax-Ukraine ၏ သတင်း များအရ သိရသည်။

နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ ကျင်းပမည့် “ယူကရိန်း-နော်ဒစ်-ဘောလ်ဒစ် ပလက်ဖောင်း” ထိပ်သီးအစည်းအဝေး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနက် နိုင်ငံ ၁၃ နိုင်ငံ ခေါင်းဆောင်များက အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခေါင်းဆောင်များကမူ အွန်လိုင်းမှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း ဇီလန်စကီးက ယင်းနေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းလုံခြုံရေးအာမခံရေးဆိုင်ရာ သီးသန့်အစည်းအဝေး ကျင်းပရန် ဥရောပမိတ်ဖက်များကို ၎င်းအနေဖြင့် အဆိုပြုမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းအနေဖြင့် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz ဦးဆောင်သောအဖွဲ့နှင့် သတ္တုအရင်းအမြစ် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆွေးနွေးလျက်ရှိကြောင်း၊ သဘောတူညီချက် ကနဦးမူကြမ်းတွင် “တန်ဖိုး ကန်ဒေါ်လာ ၅၀၀ ဘီလီယံမဟုတ်ကြောင်း” ၊ သက်ဆိုင်ရာ အကြောင်းအရာများကို နောက်ဆုံးအတည်မပြုရသေးကြောင်းလည်း ဇီလန်စကီးက ပြောကြားခဲ့သည်။

အမေရိကန်-ယူကရိန်း သတ္တုအရင်းအမြစ်ဆိုင်ရာ သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကာလအတွင်း အမေရိကန်က ယူကရိန်းအား ကူညီပံ့ပိုးမှုများကို အစားထိုးလျော်ကြေးရနိုင်ရန်အတွက် အမေရိကန်အစိုးရက ယူကရိန်းထံမှ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့် တောင်းယူမည် ဖြစ်ကြောင်း Bloomberg သတင်းဌာနက ယင်းအခြေအနေကို သိရှိသူ ယူကရိန်းအရာရှိတစ်ဦး၏ သတင်းကို ကိုးကား၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါတောင်းဆိုချက်ကို ယူကရိန်းဘက်က ငြင်းဆိုခဲ့သည်။ လက်တွေ့ပေးရမည့် လျော်ကြေးပမာဏမှာ အမေရိကန်ဘက်က တောင်းဆိုချက်ထက်များစွာ လျော့နည်းရာ ကန်ဒေါ်လာ ဘီလီယံ ၉၀ ခန့်သာ ရှိသည်ဟု ယူကရိန်းက ယူဆကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ 

Subject-Image

  • NATO တွင် ယူကရိန်း ပါဝင်ခွင့်ရမည်ဆိုလျှင် ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇီလန်စကီး ပြောကြား

Posted-Date