အလူမီနီယံတင်ပို့ရေးအပါအဝင် မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ ကဏ္ဍများအား အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူတင် ပြောကြား
ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏မြေရှားသတ္တုသိုက်များ ပူးတွဲရှာဖွေရေးအပြင် အမေရိကန် ပြည်တွင်း ဈေးကွက်သို့ အလူမီနီယံများ တင်သွင်းရေးဆိုင်ရာ အခွင့်အလမ်းနှင့်ပတ်သက်၍ အမေရိကန်အား ကမ်းလှမ်းခဲ့ပြီး နှစ်နိုင်ငံကြား အနာဂတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်ပူးပေါင်းကာ ကြီးမားသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် နှစ်နာရီအတွင်းမှာပင် ပူတင်က မြေရှားသတ္တုများနှင့် ပတ်သက်၍ ဝန်ကြီးများ၊ စီးပွားရေးအကြံပေးများနှင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
မိမိတို့အနေဖြင့် အမေရိကန်မိတ်ဖက်အဖွဲ့အစည်းများအား ကမ်းလှမ်းဆောင်ရွက်ရန် အဆင်သင့်ပင် ဖြစ်ကြောင်း၊ “မိတ်ဖက်များ”ဟုဆိုရာတွင် အမေရိကန်အစိုးရအုပ်ချုပ်ရေးပိုင်းနှင့် အစိုးရအဖွဲ့အစည်းများသာမက မိမိတို့နှင့် အတူတကွ ပူးတွဲလုပ်ဆောင်ရန် ဆန္ဒရှိသည့် ကုမ္ပဏီများကိုပါ ရည်ရွယ်ကြောင်း ပူတင်က အစည်းအဝေးအပြီး နိုင်ငံပိုင် ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။
မိမိတို့တွင် မြေရှားသတ္တုကဲ့သို့သောအရင်းအမြစ်များ ယူကရိန်းထက် ပိုမိုများပြားစွာရှိကြောင်း၊ အဆိုပါ သတ္တုများ အပါအဝင် ဖြစ်လာနိုင်ခြေရှိသည့် အမေရိကန်-ယူကရိန်း အပေးအယူကိစ္စများသည် ရုရှားအတွက် စိုးရိမ်စရာကိစ္စ မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် ဈေးကွက်ပြန်ဖွင့်မည်ဆိုပါက ရုရှားကုမ္ပဏီများက အမေရိကန်ဈေးကွက်သို့ အလူမီနီယံတန်ချိန် ၂ သန်းအထိ နှစ်စဉ် တင်ပို့ပေးနိုင်ကြောင်း၊ တင်းကြပ်သည့် အခွန်စည်းကြပ်မှုများ ပြုလုပ် ခဲ့သော ၂၀၂၃ ခုနှစ်မတိုင်မီအထိ အမေရိကန်အလူမီနီယံတင်သွင်းမှုစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကို ရုရှားနိုင်ငံက တင်ပို့ပေးနိုင်ခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ထို့အပြင် မိမိတို့နှစ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင်လည်းကောင်း၊ ရုရှားနိုင်ငံ၏ အကြီးဆုံး အလူမီနီယံထုတ်လုပ်သည့် Rusal ကုမ္ပဏီ၏ ပင်မအခြေစိုက်ရာဖြစ်သည့် Siberia ၊ Krasnoyarsk ဒေသရှိ အလူမီနီယံထုတ်လုပ်မှုကဏ္ဍတွင်လည်းကောင်း အကျိုးတူပူးပေါင်း လုပ်ဆောင်နိုင်ကြောင်း ပူတင်က အကြံပြု ခဲ့သည်။
ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက် မြေရှားသတ္တုသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အသင့်တပ်ဆင်အသုံးပြုနိုင်သည့် နည်းပညာမြင့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည်အထိ ပြည်တွင်းစက်မှုလုပ်ငန်း၏ အလားအလာကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့်စီမံကိန်းများ၏ ရလဒ်များအပေါ်အခြေခံ၍ ဤကဲ့သို့ နည်းပညာမြင့်ကုန်စည် ထုတ်လုပ်နိုင်မှုအား အဆများစွာ တိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့မှုကို asia.nikkei.com တွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- asia.nikkei.com
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄