ICC အား ဘိုင်ဒင် ကို စုံစမ်းစစ်ဆေးရန် တောင်းဆို
အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုက သည်ဟိတ်ဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC)အား အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင် အကြီး အကဲနှစ်ဦးတို့အား ဂါဇာတွင် အစ္စရေးကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ကို ကူညီအားပေးခဲ့သည်ဟု စွပ်စွဲကာ စုံစမ်းစစ်ဆေးရန် တောင်းဆို လိုက်သည်။
Democracy for the Arab World Now (DAWN) က ICC စုံစမ်းစစ်ဆေးရေးမှူး Karim Khan ထံ ယင်းတောင်းဆိုချက်ကို လွန်ခဲ့သော လက တင်ပြခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ဖေဖော်ဝါရီ ၂၅ ရက် နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ယခုနှစ်အစောပိုင်းတွင် Khan က ဂါဇာတွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuနှင့် ၎င်း၏ ယခင်ကာကွယ်ရေးဝန်ကြီး Yoav Gallantနှင့် ဟားမက်ခေါင်းဆောင်များ အနက် ပုဂ္ဂိုလ်သုံးဦးအား ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။
ထုတ်ပြန်ချက်အရ Biden ၊ ယခင်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ယခင်ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့သည် အစ္စရေး၏ စစ်ရာဇဝတ်မှုများကို ဆောင်ရွက်နိုင်ရန် စစ်ရေး ၊ နိုင်ငံရေးနှင့် လူထုထောက်ခံမှုများရရှိစေရေးတို့တွင် “ရည်ရွယ်ချက်ရှိရှိဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်” ဟု ဆိုသည်။
“Joe Biden ၊ Antony Blinken နှင့် Lloyd Austin တို့အား အစ္စရေး၏ စစ်ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်မှုအတွက် စုံစမ်းစစ်ဆေးရန် ခိုင်လုံသောအကြောင်းပြချက်များ ရှိပါသည်” ဟု DAWN ဘုတ်အဖွဲ့ဝင် နှင့် စစ်ရာဇဝတ်မှုဆိုင်ရာ ရှေ့နေ Reed Brody က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ပါလက်စတိုင်းရှိ ဆေးရုံများ၊ ကျောင်းများနှင့် အိမ်များ ပေါ်သို့ ကြဲချခဲ့သည်မှာ အမေရိကန်ထုတ် ဗုံးများဖြစ်ပြီး လူသတ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို အမေရိကန်ထောက်ခံမှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။
အစ္စရေး၏ စစ်ဆင်ရေးကြောင့် ဂါဇာဒေသပျက်စီးခဲ့ရပြီး ဟားမက်အစိုးရ ကြီးစိုးသော ပြည်သူ့ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ပါလက်စတိုင်းလူမျိုး ၄၈,၀၀၀ ကျော် သေဆုံးခဲ့သည်။ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်တစ်ရပ်တွင် ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂ (UN)နှင့် ကမ္ဘာ့ဘဏ်တို့က ဂါဇာကို ပြန်လည် တည်ဆောက်နိုင်ရန် လာမည့် ၁၀ နှစ်အတွင်း ဒေါ်လာ ၅၃ ဘီလီယံကျော် လိုအပ်မည်ဟု ခန့်မှန်းထားသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂