မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ အပေးအယူကိစ္စ သဘောတူလက်မှတ်ရေးထိုးရန် ဝါရှင်တန်သို့ ဇီလန်းစကီး သွားမည်
မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာအပေးအယူကိစ္စ သဘောတူလက်မှတ်ရေးထိုးရန် ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဝါရှင်တန်သို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး လာရောက်ရန် စီစဉ်ထားရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ဇီလန်စကီးအနေဖြင့် သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူစာချုပ်မူကြမ်းအပေါ် တရားဝင်သဘောတူညီခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် သတ္တုတူးဖော်ရေးကိစ္စရပ်များကို ယူကရိန်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သွားရန် မျှော်လင့်လျက်ရှိပါသည်။
ယခုသဘောတူစာချုပ်အရ အမေရိကန်နိုင်ငံထံမှ လုံခြုံရေးအာမခံချက်ကို ရှာဖွေခြင်းဖြစ်ကြောင်း ယူကရိန်းက အစောပိုင်းတွင် ဖော်ပြခဲ့သည်။
ယခုသဘောတူညီချက်မူကြမ်းတွင် ယူကရိန်းနိုင်ငံ၏ ဘေးကင်းလုံခြုံရေးအတွက်ဟု ဖော်ပြထားသော်လည်း အမေရိကန်၏အခန်းကဏ္ဍကို ဖော်ပြထားခြင်းမရှိကြောင်း ယူကရိန်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက AFP သတင်း ဌာနသို့ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
သို့ရာတွင် ထရမ့်က ယူကရိန်းအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့များ လိုအပ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား- DW
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ နစက-၄