ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး အမေရိကန်က ဟားမက်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး

ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားဓားစာခံများအား ပြန်လည် လွှတ်ပေးရေးနှင့်ပတ်သက်၍ ဓားစာခံများပြန်လည်လွတ်မြောက်ရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Adam Boehler နှင့် ဟားမက်အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တို့ Doha မြို့၌ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ဟားမက်စစ်သွေးကြွအဖွဲ့နှင့် ယခုကဲ့သို့တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းမှာ မကြုံစဖူး ထူးခြားသည့် လုပ်ဆောင်ချက်ဖြစ်သည်။

အမေရိကန်နိုင်ငံသားဓားစာခံ (၅) ဦးမှာ ဂါဇာ၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်သည်ဟု ယုံကြည် ရကြောင်းနှင့် ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ Karoline Leavitt က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြုပြောကြားခဲ့ပါသည်။

ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မဆို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည် “အမေရိကန် ပြည်သူ လူထုအတွက် လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်ဆောင်သည့် ထရမ့်၏ ကောင်းမွန်သည့် ကြိုးပမ်း အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း” Leavitt က ထပ်လောင်းပြောကြားခဲ့ပါသည်။ 

၁၉၉၇ ခုနှစ်တွင် ဟားမက်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ အမေရိကန်အနေဖြင့် ၎င်းတို့နှင့်တိုက်ရိုက်ဆွေးနွေးမှုမျိုးကို လုပ်ဆောင်ခြင်းမျိုး မရှိခဲ့ပေ။

ယခုကဲ့သို့ Boehler နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမှာ အမေရိကန်ဘက်မှကမ်းလှမ်းလာမှုကြောင့် ဖြစ်ကြောင်း ဟားမက်အဖွဲ့က Middle Eastern သတင်းဌာနသို့ ထုတ်ဖော်‌ ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)
 

Subject-Image

  • ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး အမေရိကန်က ဟားမက်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး

Posted-Date