ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီနှင့် အရှေ့အလယ်ပိုင်းကိစ္စရပ်များ ဆွေးနွေး

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်မှ ဇွန်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့၏ ပဋိပက္ခတွင် အမေရိကန် အနေဖြင့် နက်နက်ရှိုင်းရှိုင်း ပါဝင်သင့်/မသင့်ကို ချိန်ဆလျက်ရှိပြီး ထရမ့်က ရန်လိုသည့် အရေးအသားများကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြလျက်ရှိသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ထရမ့်က “အီရန်အကြီးအကဲ အယာတိုလာခါမီနီ ပုန်းအောင်းနေသည့်နေရာကို အမေရိကန်အနေဖြင့် သိရှိကြောင်း၊ သို့ရာတွင် လက်ရှိအချိန်တွင် ၎င်းအား သုတ်သင်ရှင်းလင်းရန် အစီအစဉ် မရှိသေးကြောင်း”၊ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အီရန်ဘက်မှ “ချွင်းချက်မရှိ လက်နက်ချရန်” တိုက်တွန်းကြောင်းစသည့် အကြောင်းအရာများကို ရေးသားဖော်ပြခဲ့သည်။

ကနေဒါနိုင်ငံတွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးမှ ချက်ချင်းပြန်လာပြီးနောက် အမျိုးသားလုံခြုံရေး ကောင်စီအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထရမ့်အနေဖြင့် အီရန်နျူကလီးယားဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သွားလိုကြောင်း၊ ယူရေနီယန်သန့်စင်စက်ရုံသည် အီရန်နိုင်ငံအလယ်ပိုင်း Fordow မြို့ရှိ မြေအောက် ၈၀မီတာခန့်တွင် တည်ရှိသည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ယူရေနီယန်သန့်စင်စက်ရုံတည်ရှိရာ မြေအောက် ၈၀ မီတာခန့်ကို ဖျက်ဆီးနိုင်သည့် ဘန်ကာခွင်းဒုံး (bunker buster) များကို အမေရိကန်နိုင်ငံက ပိုင်ဆိုင်ကြောင်းနှင့် ထရမ့်အနေဖြင့် အဆိုပါဒုံးများကို အသုံးပြုလာနိုင်ကြောင်း အမေရိကန်သတင်းဌာနတစ်ခုဖြစ်သည့် Axios က ရေးသားဖော်ပြခဲ့သည်။

ကိုးကား - Axios

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက (၄)

Subject-Image

  • ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီနှင့် အရှေ့အလယ်ပိုင်းကိစ္စရပ်များ ဆွေးနွေး

Posted-Date