အီရန်က အစ္စရေးကို ဒဏ်ခတ်သည့်တိုက်ခိုက်မှု စတင်လုပ်ဆောင်သွားမည်
လက်ရှိအီရန်က အစ္စရေးအပေါ် တန်ပြန်တိုက်ခိုက်မှုသည် ၎င်း၏စတင်တိုက်ခိုက်မှုကို ဟန့်တားရုံမျှသာရှိသေးကြောင်းနှင့် “ဒဏ်ခတ်တိုက်ခိုက်သည့်စစ်ဆင်ရေးများ” ဆက်လက်လုပ်ဆောင်သွားမည့်အစီအစဉ်ကို အီရန်စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ရုပ်သံထုတ်လွှင့်မှုတစ်ခုတွင် ဗိုလ်ချုပ် Abdolrahim Mousavi က အီရန်နိုင်ငံအပေါ် ကျူးကျော်ရန်စသည့်လုပ်ဆောင်မှုအတွက် အစ္စရေးအနေဖြင့် တန်ပြန်ခံစားရလိမ့်မည်ဖြစ်ကြောင်း၊ ယခုမိမိတို့အီရန်ဘက်မှ လုပ်ဆောင်နေသည့် စစ်ဆင်ရေးသည် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ဟန့်တားသည့် သတိပေးတိုက်ခိုက်မှုမျှသာရှိသေးကြောင်းနှင့် ဒဏ်ခတ်တိုက်ခိုက်သည့် စစ်ဆင်ရေးကို မကြာမီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ထို့အပြင် အီရန်စစ်ဦးစီးချုပ်က အထူးသဖြင့် အစ္စရေးမြို့တော် Tel Aviv နှင့် Haifa မြို့များနှင့် ပါလက်စတိုင်းနယ်မြေ အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်၊ နေတန်ယာဟု၏ လူမဆန်သည့် လုပ်ရပ်အတွက် မိမိတို့၏အသက်များကို စွန့်လွှတ်ခြင်းမပြုကြရန် ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပြီး မြင့်မြတ်သည့် အီရန်နိုင်ငံသည် မိမိအပေါ် ကျူးကျော်ရန်စလာပါက ခေါင်းငုံ့ခံသည့်သမိုင်းမရှိကြောင်း၊ အခုတစ်ဖန် တွင်လည်း အစ္စရေး၏ ရိုင်းစိုင်းသည့်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏ ရာဇဝတ်မှုမြောက်သည့် လုပ်ဆောင်မှုအတွက် ဒဏ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
ကိုးကား - Tasnim News Agency
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)