တောင်ကိုရီးယားနိုင်ငံသည် ၂၁၂၅ ခုနှစ်တွင် လူဦးရေ ၈၅% အထိ ကျဆင်းမှုကို ရင်ဆိုင်ရနိုင်

တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေသည် လက်ရှိ လူဦးရေဆိုင်ရာ အလေ့ အထများ ဆက်လက်တည်ရှိနေပါက လာမည့်ရာစုနှစ်အတွင်း ၈၅% အထိ ကျဆင်းသွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။ အဆိုပါသုတေသနသည် နိုင်ငံ၏ မွေးဖွားနှုန်းကျဆင်းမှုနှင့် သက်ကြီးရွယ်အို လူဦးရေ တိုးပွားလာမှုဆိုင်ရာ စိန်ခေါ်မှုများကို သိသာထင်ရှားနေ စေသည်။

Korean Peninsula Population Institute for Future မှ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အကောင်းဆုံး အခြေအနေ တွင်ပင် တောင်ကိုရီးယား၏ လူဦးရေသည် ၁၅.၇၃ သန်းအထိ ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ၎င်းမှာ လက်ရှိလူဦးရေ၏ သုံးပုံတစ်ပုံထက်ပင် နည်းပါး သည်။ အလယ်အလတ်ခန့်မှန်းချက်အရ ၂၁၂၅ ခုနှစ်တွင် လူဦးရေ ၁၁.၁၅ သန်းသာ ရှိတော့မည်ဟု ဆိုသည်။

အဆိုးဆုံးအခြေအနေတွင် တောင်ကိုရီးယား၏ လူဦးရေသည် ၇.၅၃ သန်း အထိ ကျဆင်းသွားနိုင်ပြီး ၎င်းမှာ လက်ရှိလူဦးရေ ၅၁.၆၈ သန်းမှ အလွန်များပြားသော ကျဆင်းမှုတစ်ခု ဖြစ်သည်။ ထိုအရေအတွက်မှာ လက်ရှိ ဆိုးလ်မြို့တော်၏ လူဦးရေ ၉.၃ သန်းထက်ပင် နည်းပါးနေမည် ဖြစ်သည်။

အဆိုပါသုတေသနအရ နိုင်ငံတကာတွင် အသိအမှတ်ပြုထားသော cohort-component နည်းလမ်းကို အသုံးပြု၍ မွေးဖွားနှုန်း၊ သေဆုံးနှုန်း နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အလေ့အထများအပေါ် အခြေခံကာ အနာဂတ်လူဦးရေ ပြောင်းလဲမှုများကို ခန့်မှန်းခဲ့သည်။ အစီရင်ခံစာတွင် တောင်ကိုရီးယား၏ လူဦးရေကျဆင်းမှုနှုန်းမှာ ပုံမှန်ထက် အလွန် မြန်ဆန် နေကြောင်း ဖော်ပြထားသည်။

အဆိုပါကျဆင်းမှုကို မွေးဖွားနှုန်းနိမ့်ကျမှုသာမက ဆက်တိုက် ဖြစ်ပေါ် နေသော အကျိုးသက်ရောက်မှုများကလည်း ဦးတည်စေနေသည်။ မျိုးဆက် တစ်ခုပြီးတစ်ခု ကျဉ်းမြောင်းလာသည်နှင့်အမျှ ဖြစ်နိုင်ခြေရှိသော မိဘ များ၏ အရေအတွက်လည်း လျော့နည်းလာကာ လူဦးရေစုစုပေါင်း ကျဆင်းမှုကို ပိုမိုမြန်ဆန်စေသည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Subject-Image

  • တောင်ကိုရီးယားနိုင်ငံသည် ၂၁၂၅ ခုနှစ်တွင် လူဦးရေ ၈၅% အထိ ကျဆင်းမှုကို ရင်ဆိုင်ရနိုင်

Posted-Date