ဟားမက်အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု နေတန်ယာဟု ဆို
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၂ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်) အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု ဆိုခဲ့သည်။ ထိုမတိုင်မီ ရှေ့တစ်ရက်တွင် အမေရိကန်သမ္မတ ထရမ့်က အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင် ဒေသ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက် ရရှိရန်အတွက် လိုအပ်သည့်တောင်းဆိုချက် များအား သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။
“ဟားမက်က ရှိတော့မှာမဟုတ်ဘူး။ သူတို့ ပြီးဆုံးသွားပြီ။ ကျွန်တော်တို့က ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ အစ္စရေးဘက်က လူအားလုံးကို ကယ်ဆယ်ပြီး ဟားမက်ကို အမြစ်ဖြတ် ဖယ်ရှားသွား မှာပါ” ဟု နေတန်ယာဟုက ထိုနေ့တွင် အစ္စရေးနိုင်ငံ တောင်ပိုင်းမြို့ Ashkelon ၌ ကျင်းပသည့် အခမ်းအနားတစ်ခုအတွင်း ပြောကြားခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် သတင်းအရ သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဇူလိုင် ၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အခြေအနေနှင့် စပ်လျဉ်း၍ အချိန်ကြာရှည်စွာ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး အစ္စရေးက ရက် ၆၀ အပစ် ရပ်ရေး သဘောတူညီချက်ရရှိရန်အတွက် လိုအပ်သည့်တောင်းဆိုချက်အား သဘောတူညီ ကြောင်း၊ ကာတာနှင့် အီဂျစ်တို့က သဘောတူညီချက် နောက်ဆုံးဗားရှင်းအား တင်ပြသွားမည် ဖြစ်ကြောင်း ထရမ့်က ထိုနေ့တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ရုံး ထုတ်ပြန်သည့်သတင်းတွင် နေတန်ယာဟုက ထရမ့်၏ပို့စ်အား တုံ့ပြန် ပြောကြားခဲ့ခြင်းမရှိပေ။ အစ္စရေးဘက်ကတပ်များဆုတ်ခွာပြီး ဂါဇာဒေသပြည်သူများအား အရေးပေါ်အကူအညီများ ပေးအပ်သည့် သဘောတူညီချက်တစ်ခုရရှိနိုင်ရန်အတွက် ဟားမက် အနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး စေ့စပ်ညှိနှိုင်းမှုဘက်၏ အကြံပြုမှုကို ဆွေးနွေးလျက်ရှိကြောင်း ဟားမက်ဘက် က ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ