တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပ

တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး (Ping-Pong Diplomacy)” ၅၄ နှစ်ပြည့် အထိမ်းအမှတ်နှင့် တရုတ်-အမေရိကန် စားပွဲတင်တင်းနစ် ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု အခမ်းအနား ကို ဇူလိုင် ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါကာလအတွင်း ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) US Smash အား ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် တရုတ်ကစားသမား များစွာက ဒေသတွင်း လူနေရပ်ကွက်များသို့ လာရောက်ကာ အမေရိကန် စားပွဲတင်တင်းနစ်အဖွဲ့ အားကစားသမားများ၊ ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကာ “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၏ သမိုင်းနှင့် လက်တွေ့အနှစ်သာရအကြောင်း အတူတကွ ပြောဆို ခဲ့ကြသည်။

အခမ်းအနားတွင် ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ကျန်းကျန့်မင်က အမှာစကား ပြောကြားရာ၌ “ပင်ပေါင် သံတမန်ဆက်ဆံရေး” သည် ယခင်က တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာကြီးငြိမ်းချမ်းမှုအတွက် သမိုင်းအကျိုးဆောင်ခဲ့ရုံသာမက ၎င်းဖော်ပြနေသည့် စိတ်ဓာတ်သည်လည်း ယနေ့အချိန်အခါ၌ ကြီးမားသော အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ပြီး လူများက “လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်၊ သာယာလှပသော အနာဂတ်မနက်ဖြန် အတူဖန်တီးရန်” အားပေး လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေး၏ များပြားခက်ခဲလှသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာတွင် မိမိတို့က ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ စိတ်ဓာတ်ကို တိုးတက်အောင် လုပ်ဆောင်ရန် ပိုမိုလိုအပ် ပါသည်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်၍ ဘုံ အကျိုးစီးပွား ဖော်ဆောင်မှုကို ကိုင်စွဲထားပြီး အားကစား၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်သွယ် စီးပွားရေး စသည့်ကဏ္ဍအသီးသီးမှာ ပိုမိုများပြားသည့် ကူးလူးဖလှယ်မှု ပလက်ဖောင်းများ တည်ဆောက်ရ ပါမည်။ ခေတ်သစ် ‘ပင်ပေါင် သံတမန်ဆက်ဆံရေး’ ၏ကောင်းမွန်သည့်စာမျက်နှာသစ် အတူ ရေးသားပြီး တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ်တိုးတက် ရေးအတွက် အကျိုးထမ်းဆောင်မှုအသစ်တွေ လုပ်ဆောင်ပေးရပါမည်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စားပွဲတင် တင်းနစ်အသင်း (US Table Tennis) အမှုဆောင်အရာရှိချုပ် စိန်ဝေနီက အမှာစကားပြောကြားရာ၌ “အားကစားသည် အားကောင်းသည့်အင်အားတစ်မျိုးရှိပြီး လူတွေအကြား က ဝေးကွာမှုကို နီးစပ်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ၎င်းက ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကျော်လွန်နိုင်ပြီး အသေးငယ်ဆုံး ဘောလုံးလေးကတောင် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုဆိုသည့် အလေးချိန်ကို သယ်ဆောင်နိုင်မှန်း ကျွန်မတို့ကို အသိပေးနေပါသည်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အသင်း ဥက္ကဋ္ဌ ဝမ်လိချင်က ယခုအကြိမ်တွင် တရုတ်နိုင်ငံ စားပွဲတင် တင်းနစ်အသင်းက ပြိုင်ပွဲဝင်နေသည့် အားလပ်ချိန်အတွင်း အမေရိကန် ဒေသတွင်း စားပွဲတင် တင်းနစ် ချစ်မြတ်နိုးသူများ၊ လူငယ်များနှင့် အပြန်အလှန် ဖလှယ်မှုလုပ်ဆောင်ကာ စားပွဲတင်တင်းနစ် ကစားခြင်း၏ ပျော်ရွှင်မှုများကို အတူတကွ လက်တွေ့ခံစားမှုသည် ယှဉ်ပြိုင်မှု အားကစားနှင့်အရပ်ဘက် သွားလာဆက်ဆံမှုတို့ အပြန်အလှန်မြှင့်တင်သည့် သက်ဝင်လှုပ်ရှားသော လက်တွေ့ ဖော်ဆောင်ချက် ဖြစ်သည့်အပြင် “ပင်ပေါင် သံတမန်ဆက်ဆံရေး” စိတ်ဓာတ်အား လက်ဆင့်ကမ်း ဆက်ခံမှုလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အမေရိကန်လူငယ်ကစားသမားများ တရုတ်နိုင်ငံသို့ ကူးလူးဖလှယ် လေ့လာရေး ခရီးစဉ် လာရောက်ပြီး တရုတ်နိုင်ငံမှ ကစားသမားများနှင့် ယှဉ်ပြိုင်ကစားကာ သံယောဇဉ်မြှင့်တင်ရန်၊ “ငွေရောင်ဘောလုံးလေးကို ချည်နှောင်ကြိုးအဖြစ် ဆက်လက်ထားရှိပြီး ချစ်ကြည်ရေး လက်ဆင့် ကမ်းကာ တရုတ်-အမေရိကန် အရပ်ဘက် သွားလာဆက်ဆံမှု အကြောင်းအရာအသစ်တွေ ဆက်လက် ရေးသားသွားရန်” ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ 

Subject-Image

  • တရုတ်-အမေရိကန် “ပင်ပေါင် သံတမန်ဆက်ဆံရေး” ၅၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်မြို့၌ ကျင်းပ

Posted-Date