မြန်မာနိုင်ငံ အခြေခံပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆရာများ၏ အခန်းကဏ္ဍ
ဒေါက်တာခင်မျိုးမြင့်ကြူ (ပညာရေး)
ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ထည်ထည်ဝါဝါရပ်တည်နိုင်ရန် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများ နည်းတူ ပညာရေးသည်လည်းအရေးကြီးသော ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။ ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့်စကားလည်းရှိပါသည်။ ဤ နေရာတွင် “စာ” နှင့် “ပညာ” ခွဲခြားသိရှိရန် လိုအပ်ပါသည်။
“စာ” ဆိုသည်မှာ “ပညာကို များများနှင့်မြန်မြန် ခပ်ယူနိုင်သည့် ပစ္စည်းကိရိယာတစ်ခုဖြစ်သည်” ဟု ကျွန်မတို့၏ဆရာကြီး “ဦးမြင့်ဟန်” က ရှင်းပြခဲ့ဖူးပါသည်။ သို့ဖြစ်၍ ကျွန်မတို့ မျိုးဆက်သစ်လူငယ် မောင်မယ်များအနေဖြင့် ပညာတတ်ကြီးများ ဖြစ်လာစေရန် စာတတ်ပုဂ္ဂိုလ်များဖြစ်ရန် အရေးကြီး ပါသည်။
အခြေခံပညာကျောင်းများသည် ကျောင်းသားများအတွက် လိုအပ်သည့် စာပေအခြေခံကောင်းများ ပေးရုံသာမက ကျောင်းသားများ၏ စိတ်ဓာတ်နှင့် စာရိတ္တကို ပြုပြင် ပုံသွင်းပေးသည့် နေရာလည်းဖြစ်ပါ သည်။ အခြေခံပညာဆရာများ ကလေးများကို ပညာသင်ကြားပေးသည်ဟုဆိုရာ၌ မိမိ၏တပည့်များ လူ့လောကအလယ်တွင် လူတစ်ယောက်အနေဖြင့် ရှင်သန်ရပ်တည်နေထိုင်သွားနိုင်စေရန် ပြင်ဆင်ပေး လိုက်ခြင်းပင်ဖြစ်ပါသည်။
အခြေခံပညာအဆင့်အလိုက် သုံးမျိုးရှိ
အခြေခံပညာဆရာများဟုဆိုရာတွင် မူလတန်းပြ၊ အလယ်တန်းပြနှင့် အထက်တန်းပြဟူ၍ အခြေခံပညာ အဆင့်အလိုက် သုံးမျိုးရှိပါသည်။ ကျောင်းအဆင့်အလိုက် ကွဲပြားနေခြင်းသာဖြစ်ပါသည်။ ဆရာများကို အဆင့်ခွဲခြားထားခြင်းမျိုးမဟုတ်ပါ။ အခြေခံပညာမည်သည့်အဆင့်တွင် ပြသည်ဖြစ်စေဆရာသည် ဆရာ သာဖြစ်ပါသည်။ ဆရာတစ်ယောက် တွင်ရှိရမည့် စိတ်ဓာတ်နှင့်တာဝန်ဝတ္တရားများမှာ မူ၊ လယ်၊ ထက်ခွဲခြားမှုမရှိပါ။ ကလေးများ၏ အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှု၊ သင်ယူရန် အဆင်သင့်ဖြစ်မှုနှင့် သင်ယူမှုပုံစံများ မတူကွဲပြားခြားနားသည့်အတွက်သာ သင်ကြားမှုနည်းပညာနှင့် ချဉ်းကပ်နည်းများ ကွဲပြားခြားနားသွားကြပါသည်။
ယခုအခါ နိုင်ငံတော်အနေဖြင့် မူလတန်းအထူးပြုနှင့် အလယ်တန်းအထူးပြုဆရာများ မွေးထုတ်ပေးရန် “ပညာရေးဒီဂရီကောလိပ်” များ ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည် အခြေခံပညာရေးဖွံ့ဖြိုးမှုအတွက် ရောင်နီသန်းလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မူလတန်းအရွယ်ကလေးများမှာ များသောအားဖြင့် အသက်ငါးနှစ်မှ ၁၀ နှစ် ဝန်းကျင်ကလေးများ ဖြစ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အရွယ်လွန်ကလေးများရှိနိုင်သော်လည်း အနည်းစုသာ ဖြစ်ပါသည်။ ဤအရွယ်ကလေးများမှာ ဖြူစင်ရိုးသား၍ပုံသွင်းရန် အကောင်းဆုံးအသက်အပိုင်းအခြား ဖြစ်ပါသည်။ မူလတန်းအရွယ်ကလေးများသည် ဆရာကို ချစ်ခင်မြတ်နိုး၍ ဆရာ၏ နေပုံထိုင်ပုံ၊ ပြောဆိုပုံတို့ကို အပြည့်အဝအတုယူကြပါသည်။ သို့ဖြစ်၍မူလတန်းပြဆရာများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပါသည်။ မူလတန်းပြဆရာများ၏ ထုဆစ်မှုမှားယွင်းပါက လယ်ဆင့်၊ ထက်ဆင့် ဆရာများ အခက်တွေ့နိုင်ပါသည်။
ထို့အတူ အလယ်တန်းပြဆရာများသည်လည်း အရေးကြီးပါသည်။ ကျောင်းသားအများစုမှာ အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြားဖြစ်၍ ပျိုဖော်ဝင်စအရွယ်များဖြစ်ကြပါသည်။ မိဘနှင့်ဆရာများထက် အပေါင်းအသင်းသူငယ်ချင်းများကို ပိုမိုခင်တွယ် တတ်သောအရွယ်ဖြစ်၍ သွန်သင်ဆုံးမ ကိုင်တွယ်ရန် အလွန် ခက်ခဲပါသည်။ ဤအရွယ်ကလေးများတွင် ရှိတတ်သည့်စိတ်ဓာတ်နှင့် ချဉ်းကပ်နည်းဆိုင်ရာ နည်းလမ်းများကို ဆရာများသိရှိနားလည်ထားခြင်းဖြင့် ကလေးများလမ်းမှားမရောက်အောင် သွန်သင်ဆုံးမ ပြုပြင်ထိန်းကျောင်းပေးနိုင်မည် ဖြစ်ပါသည်။
အထက်တန်းပြဆရာများ၏ တာဝန်သည်လည်း ကြီးမားပါသည်။ မိမိကျောင်းသားများ အဆင့်မြင့် ပညာဆက်လက်ဆည်းပူးနိုင်ရေးအတွက် မူလတန်းနှင့် အလယ်တန်းထက် ပိုမိုနက်နဲသော စာပေဘာသာ ရပ်များကို သင်ကြားပေးရပါသည်။ တစ်ဖန်ကျောင်းသားများ၏ အရွယ်မှာလည်း များသောအားဖြင့် အသက် (၁၆)၊ (၁၇)၊ (၁၈) ဝန်းကျင်ဖြစ်၍ မိမိကိုယ်မိမိ လူကြီးဖြစ်ပြီဟု အထင်ရောက်စအရွယ်များ ဖြစ်ပါသည်။ ထိုအရွယ်ကလေးများ၏ စိတ်ပညာနှင့် ချဉ်းကပ်နည်းများကို သိရှိနားလည်မှုသည် အထက် တန်းပြဆရာများအတွက် မရှိမဖြစ် လိုအပ်ပါသည်။
အထက်ဖော်ပြပါ စာပိုဒ် သုံးပိုဒ်၏ ဆိုလိုရင်းမှာ မူ၊ လယ်၊ ထက်ကလေးများ၏ စိတ်ဓာတ်နှင့် ဖွံ့ဖြိုးမှုပုံစံများမတူ ကွဲပြားခြားနားကြသည့်နည်းတူ ထိုကလေးများအား ကိုင်တွယ်သင်ကြားပြုပြင် ဆုံးမရန်ချဉ်းကပ်နည်းများလည်းမတူ ကွဲပြားသည်ဆိုသည့်အချက်ပင် ဖြစ်ပါသည်။ အထက်တန်းပြ သို့မဟုတ် အလယ်တန်းပြဆရာတစ်ယောက်ကို မူလတန်းကလေးများအား သင်ကြားစေပါက ဆရာ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့စေနိုင်ပါသည်။ ထို့အတူ မူလတန်းပြ သို့မဟုတ် အလယ်တန်း ပြဆရာ တစ်ယောက်အား အထက်တန်းဆင့် ကျောင်းသားများအား သင်ကြားစေပါကလည်း အခက်တွေ့ရမည်မှာ မုချဖြစ်ပါသည်။
သို့ဖြစ်၍လည်း နိုင်ငံတော်အနေဖြင့် မူပြမှလယ်ပြ၊ လယ်ပြမှထက်ပြ စသည်ဖြင့် ရာထူးတိုးရာတွင် သက်ဆိုင်ရာသင်တန်းများတက်နိုင်ရန် အစီအစဉ်များ ချမှတ်ထားခြင်းဖြစ်ပါသည်။ ဤနေရာတွင် နိုင်ငံတော်အနေဖြင့် နစ်နာမှုများ ရှိနေမလားဟု ကျွန်မမြင်မိသည့်အချက်တချို့ကို ဖော်ပြလိုပါ သည်။ မူလတန်းပြဆရာတစ်ယောက်မွေးထုတ်ရန် နိုင်ငံတော်၏ ဘတ်ဂျက်သုံးစွဲခဲ့ရပါသည်။ သို့ရာတွင် လက်ရှိရာထူးတိုးမူအရ လုပ်သက်ရအတွေ့အကြုံရှိ မူလတန်းပြဆရာများသည် ရာထူးတိုးရေးအတွက် အလယ်တန်းပြဆရာဖြစ် သင်တန်းတက်ကြရပါသည်။ ထိုဆရာတစ်ယောက်အတွက် နိုင်ငံတော်၏ ဘတ်ဂျက်ထပ်မံသုံးစွဲရပါသည်။ ဆက်လက်ပြီး အထက်တန်းပြဆရာဖြစ်ရန် ပညာရေးတက္ကသိုလ်များ တွင် B.Ed. ဘွဲ့အတွက် ထပ်မံသင်တန်းတက်ရ ပြန်ရာ နိုင်ငံတော်ဘတ်ဂျက်သုံးရပြန်ပါသည်။
ဆရာအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများတွင်လည်း အဟောသိကံဖြစ်နေသည်ဟု ကျွန်မ မြင်မိပါသည်။ မူ/လယ် အတန်းအဆင့်တစ်ခုအတွက် ကျွမ်းကျင်စပြုချိန် အတွေ့အကြုံရှိစပြုချိန်တွင် မိမိ၏ ကျွမ်းကျင်မှုကို စွန့်လွှတ်ပြီး နောက်တစ်ဆင့် တက်လှမ်းရသည့် ရာထူးတိုးစနစ်ကြောင့် နိုင်ငံတော် တွင်သာမက ကာယကံရှင်ဆရာများအတွက်ပါ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ကြရသည်။ ကလေးများ၏ အသက်အရွယ်အလိုက် တစ်နည်းအားဖြင့် မူ၊ လယ်၊ ထက် အဆင့်အလိုက် မိမိတတ်ကျွမ်းထားသည့် သင်ကြားမှုနည်းပညာ၊ ချဉ်းကပ်နည်းနှင့် ကလေးစိတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပြုန်းတီးရာ ကျပါသည်။
ပညာရေးအဆင့်တစ်ဆင့်မှ နောက်တစ်ဆင့် (မူလတန်းပြမှ အလယ်တန်းပြ၊ အလယ်တန်းပြမှ အထက်တန်းပြ)သို့ တိုးမြှင့်၍ လစာချီးမြှင့်သည့်ပုံစံကြောင့် လုပ်သက်ရင့်အတွေ့အကြုံရှိဆရာများ၊ သင်ကြားရေးကျွမ်းကျင်သော ဆရာများ၊ ထက်မြက်သည့် ဆရာများသည် ၎င်းတို့၏ ဘဝတက်လမ်း အတွက် ကြိုးစား၍ မူမှ လယ်၊ လယ်မှထက်သို့ တက်လှမ်းသွားကြသည်ဖြစ်ရာ ကျွမ်းကျင်ဆရာများ အထူးလိုအပ်သည့် မူလတန်းတွင် အတွေ့အကြုံနုနယ်သေးသည့် ဆရာများနှင့် ဆရာအတတ်သင် လက်မှတ်မဲ့ဆရာများသာ ကျန်ရှိနေပါသည်။ ဤအချက်သည် မြန်မာ့ပညာရေးတိုးတက်မြင့်မားမှုကို အဟန့်အတားဖြစ်စေသည်ဟု မြင်မိပါသည်။
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းနှင့် ပညာရေးဆိုင်ရာ လုပ်ငန်း အစီရင်ခံစာများက လက်ရှိဆရာရာထူးတိုး စနစ်အစားလမ်းသွယ်တစ်ခုစီအလိုက် ရာထူးတိုး စနစ်သစ်သို့ ပြောင်းလဲကျင့်သုံးကြရန် ထောက်ခံအကြံပြုခဲ့ကြပါသည်။ အခြေခံပညာအဆင့် တစ်ခုချင်းအတွင်းတွင် အရည်အသွေးရှိသော ဆရာများ ရေရှည်တည်မြဲရေးအတွက် ဆရာလစာနှင့် ချီးမြှင့်ငွေကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် ဆရာရာထူးတိုးမြှင့်ခြင်းသည် လုပ်သက်နှစ်များကိုသာ အခြေခံခြင်းမဟုတ်ဘဲ အရည်အသွေးရှိသော ဆရာ၏ စွမ်းဆောင်ရည် သုံးသပ်အကဲဖြတ်ခြင်းစနစ်ကို အခြေခံ၍ ဆောင်ရွက်သင့်ကြောင်းကိုလည်း ဖော်ပြထားပါသည်။
၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အခြေခံပညာရေးဥပဒေအခန်း (၉) “အခြေခံပညာဆရာများ၏ အခွင့်အရေး၊ တာဝန်၊ အရည်အချင်းနှင့် စွမ်းဆောင်ရည်များ”၊ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (က)တွင် “အခြေခံပညာ ဆရာများသည် သတ်မှတ်ချက်နှင့်ကိုက်ညီပါက မိမိတာဝန်ထမ်းဆောင်နေသော ပညာရေးအဆင့် အတွင်းမှာပင် ရာထူးအဆင့် တိုးမြှင့်ရရှိပိုင်ခွင့်ရှိသည်”ဟုလည်း ဖော်ပြထားပါသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် ဆရာတစ်ယောက်သည် မိမိအထူးပြုထားသည့်၊ ကျွမ်းကျင်သည့် ပညာရေး အဆင့်အတွင်းမှာပင် ၎င်း၏စွမ်းဆောင်ရည်နှင့် ပညာအရည်အချင်းအလိုက် ရာထူးလစာတိုးပေးသည့် စနစ်ကို ကျင့်သုံးကြပါသည်။ ကောင်းမွန်စွာ ဒီဇိုင်းရေးဆွဲထားသော မြှင့်တင်ရေးစနစ်သည် ဆရာများကို ၎င်းတို့၏ လက်ရှိရာထူးများတွင် ထူးချွန်စေရန်အားပေးရုံသာမက အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဆရာအတတ်ပညာတိုးတက် ပြောင်းလဲမှုအတွက် လမ်းကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်သာစေပါသည်။
မိမိဝါသနာပါသည့် စိတ်ပါဝင်စားသည့် ပညာရေးအဆင့်ကို အထူးပြုပြီး ထိုအဆင့်တွင် ကျွမ်းကျင်သည် ထက် ကျွမ်းကျင်အောင်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာအောင် ကြိုးစားကြရပါသည်။ မူလတန်း အထူးပြု ပါရဂူဘွဲ့ရသူ ဆရာတစ်ဦး၏လစာကို ပါရဂူဘွဲ့ရတက္ကသိုလ်ဆရာတစ်ဦး၏ လစာနှင့် တူညီ အောင် ချီးမြှင့်ကြသည့်အတွက် မူလတန်းအထူးပြု၊ အလယ်တန်းအထူးပြု၊ အထက်တန်းအထူးပြု စသည်ဖြင့် မိမိတို့စိတ်ကြိုက်ရွေးချယ်ပြီး ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အထိကြိုးစားပြီး ရာထူး အဆင့်ကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ကြပါသည်။
ရာထူးတိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းစနစ်
အခြေခံပညာအဆင့်အသီးသီးတွင် ကျောင်းသားများအတွက် အရည်အသွေးမြင့် သင်ကြားရေးအတွေ့ အကြုံများကို သေချာစေရန် အရည်အချင်းရှိသော ဆရာများကို ဆွဲဆောင်ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ ပညာတတ်များကို လှုံ့ဆော်ပေးပြီး ချီးမြှင့်ရန်နည်းလမ်းတစ်ခုမှာ ခိုင်မာသောဆရာ ရာထူးတိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု လမ်းကြောင်းစနစ်ပင်ဖြစ်ပါသည်။ ထိုစနစ်သည် ဆရာများ ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအပေါ်မြှုပ်နှံထားမှုကို အသိအမှတ်ပြုပြီး တန်ဖိုးထားရုံသာမက ၎င်းတို့၏ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူးပြုမှုအတွက် အခွင့်အလမ်းများကိုပါပေးသည့် အတွက် ဆရာရာထူးတိုးခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ထို့ပြင် ဆရာများအား ၎င်းတို့၏ သင်ကြားရေးအလေ့အကျင့်များ စဉ်ဆက်မပြတ် မြှင့်တင်ရန်၊ စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး (အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရေး)တွင် ပါဝင်ဆောင်ရွက် ရန်နှင့် ပညာရေးစနစ်အတွင်း ခေါင်းဆောင်မှုအခန်းကဏ္ဍများကိုရယူရန် လှုံ့ဆော်ပေးပါသည်။
အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများအတွင်း အထူးပြုခြင်းသည် ဆရာများကို စိတ်ဝင်စားသည့် သီးခြား နယ်ပယ်များ သို့မဟုတ် ကျွမ်းကျင်မှုအပေါ် အာရုံစိုက်စေနိုင်ပါသည်။ ၎င်းသည် ဆရာများအား ဘာသာရပ်ဆိုင်ရာ အသိပညာနှင့်သင်ကြားရေး နည်းဗျူဟာများကို ပိုမိုနက်ရှိုင်းစွာ ထိုးထွင်းသိမြင်နိုင်စေကာ ကျောင်းသားများကို ပိုမိုထိရောက်သော ညွှန်ကြားချက်များ ပေးစေနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့ရွေးချယ်ထားသော နယ်ပယ် များတွင် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဆိုင်ရာသုတေသန သို့မဟုတ် သင်ကြားရေးဆိုင်ရာ နည်းပေးလမ်းပြပြုနိုင်သည့် ခေါင်းဆောင်မှုရာထူးများရရှိရန် ဆရာများအတွက် လမ်းစများဖန်တီးပေးနိုင်ပါသည်။
အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများအတွင်း အထူးပြုခြင်းအားဖြင့် ဆရာများ၏ ကိုယ်ပိုင်စာသင်ခန်းများ အပြင် မူဝါဒများနှင့် အလေ့အကျင့်များကို လွှမ်းမိုးစေနိုင်ပါသည်။ ထို့ပြင် စိတ်ဝင်စားမှုတူညီသည့် ဆရာများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး အကြံဉာဏ်များဖလှယ်ခြင်း၊ အလေ့အကျင့်ကောင်းများနှင့် ပရော်ဖက်ရှင်နယ်သင်ယူမှု အသိုင်းအဝိုင်းများ ဖန်တီးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ဤစုပေါင်းကျွမ်းကျင်မှုသည် သင်ကြားရေးနှင့် သင်ယူမှုအပေါ် ပိုမိုကျယ်ပြန့်သော အဆင့်တွင် အပြောင်းအလဲဖြစ်စေနိုင်ပါသည်။
ထိရောက်သော ဆရာများမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလမ်းကြောင်းစနစ်
ထိရောက်သော ဆရာများမြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလမ်းကြောင်းစနစ်အား အကောင်အထည် ဖော်ရာတွင် ဆရာများ၊ စီမံခန့်ခွဲသူများ၊ မူဝါဒချမှတ်သူများ၊ ပညာရေးကျွမ်းကျင်သူများ ပါဝင်သည့် သက်ဆိုင် သူများအကြားကွဲပြားသော အမြင်များကို ရယူနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲ အကောင်အထည်ဖော်ရာတွင် သေချာစွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ အခြေခံပညာရေးကဏ္ဍအတွင်း တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မြှင့်တင်ရေးစံနှုန်းများ၊ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ပုံမှန် ပြန်လည်သုံးသပ်ပြင်ဆင်ရန်လည်း အရေးကြီးပါသည်။
အခြေခံပညာကဏ္ဍတွင် ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာများ ပါဝင်ဆောင်ရွက်နိုင်ရန် လုံလောက်သော အခွင့်အရေးများလည်း ပေးသင့်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ညီလာခံများ၊ အဆင့်မြင့်ဘွဲ့အစီအစဉ်များနှင့် ၎င်းတို့ ရွေးချယ်ထားသော အသက်မွေးဝမ်းကျောင်း လမ်းကြောင်းများနှင့်ကိုက်ညီသော အထူးပြုလေ့ကျင့်မှုများ စသည်တို့မှတစ်ဆင့် ၎င်းတို့၏ ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ပြီး ဆရာများ၏ဘဝ အောင်မြင်မှုကို ရရှိစေနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် အခြေခံပညာ ဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသားများ အရည်အသွေးအာမခံချက် အပြည့် ရှိသော အခြေခံပညာရရှိရေးအတွက် ဆရာများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အခြေခံ ပညာဆရာများအနေဖြင့် မိမိတို့၏ အရေးပါမှုကိုသိရှိပြီး မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက် လာအောင် အစဉ်စွမ်းဆောင်နေကြရမည်ဖြစ်ပါသည်။ ။
Source- Myawady Webportal