ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားလုံးဝိုင်းဝန်းကူညီပေး

မြန်မာနိုင်ငံသည် မြစ်ချောင်း၊ အင်းအိုင်ပေါများခြင်း၊ ပင်လယ်ထွက်ပေါက်ရှိသည့် နိုင်ငံဖြစ်ခြင်း၊ ရှည်လျားသော ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားခြင်း စသောအားသာချက်များရှိသည့် နိုင်ငံဖြစ်သည်။ ထို့ပြင် နိုင်ငံအတွင်းတွင် “ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း” ဟူသော မြစ်ကြီးလေးစင်းရှိသည့်အနက် ဧရာဝတီမြစ်သည် နိုင်ငံ၏အသက်သွေးကြောလည်းဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း မရှိမဖြစ်မြစ်ကြီးတစ်စင်းဖြစ်သည်။

ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် ကောင်းမွန်သော စီးပွားရေးအခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားသည့်အပြင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အလုပ်လုပ်နိုင်သော လူငယ်ဦးရေများဖြစ်ကြသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များကို အများဆုံးတင်ပို့ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်နေသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံသည် မြစ်ချောင်း၊ အင်းအိုင်ပေါများသော နိုင်ငံဖြစ်သည့်အတွက် ငါးလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏အရေးပါသော စီးပွားရေးကဏ္ဍအဖြစ် ပါဝင်နေသည်။

ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏စီးပွားရေးကို အဓိကအားဖြင့် အထောက်အကူပြုလျက်ရှိသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး ငါးလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံ GDP ၏ (၂)ရာခိုင်နှုန်းကို အထောက်အကူပြုလျက်ရှိပါသည်။ ယင်းရာခိုင်နှုန်းသည် နည်းပါးသည်ဟုဆိုနိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့ လိုအပ်ချက်များစွာရှိနေသည့်နိုင်ငံအတွက်မူ မဆိုးလှဟုဆိုချင်ပါသည်။

 ငါးလုပ်ငန်းအခန်းကဏ္ဍသည် အသားဓာတ်စားသုံးမှု၏ (၅၀)ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ပံ့ပိုးနိုင်မှု (၆)ရာခိုင်နှုန်းအထိရှိပြီး တချို့ကမ်းရိုးတန်းဒေသများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဘဏ္ဍာငွေရရှိမှု၏ (၃၄)ရာခိုင်နှုန်းမှ (၅၆)ရာခိုင်နှုန်းအထိ အထောက်အကူပြုကြောင်းသိရှိရသည်။ ကမ်းရိုးတန်းဒေသများဖြစ်သော မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း စသည့်ဒေသများတွင် ငါးဖမ်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ကြပြီး  ပင်လယ်ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများလည်းလုပ်ကိုင်ကြကြောင်းသိရသည်။ ဖမ်းယူရရှိသောငါးများကို ရင်ခွဲအခြောက်လှန်းပြီး ငါးခြောက်အမျိုးမျိုးအဖြစ် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ငါးကို လူမျိုးဘာသာမရွေး နှစ်ခြိုက်စွာစားသုံးကြပြီး ငါးကြင်း၊ ငါးမြင်း၊ တီလားပီးယား၊ ငါးမြစ်ချင်းတို့ကို အဓိကစားသုံးကြသည်။ မွေးမြူရေးငါးများသည်လည်း ပြည်တွင်းဈေးကွက်တွင်လည်း ဈေးကွက်အခိုင်အမာရရှိထားပါသည်။ FAO (Food and Agriculture Organization) ၏အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးငါးမွေးမြူထုတ်လုပ်သည့်နိုင်ငံများတွင် အဆင့်(၈)နေရာ၌ ရပ်တည်လျက်ရှိကြောင်းသိရသည်။

ယခုအခါတွင် မြန်မာ့ငါးအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူဖမ်းဆီးမှုများကြောင့် ရေချိုငါးသယံဇာတများ တစ်စတစ်စလျော့ပါးလာနေပြီဖြစ်သည်။ အလွန်အကျွံငါးဖမ်းမှုများကြောင့် ပင်လယ်ငါးသယံဇာတများကို များစွာထိခိုက်ကျဆင်းစေပြီး ၁၉၇၉-၁၉၈၀ ခုနှစ်များကတည်းက (၉၀) ရာခိုင်နှုန်းအထိကျဆင်းလာကြောင်း စာရင်းဇယားများအရသိရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ငါးသယံဇာတများ အဓွန့်ရှည်တည်တံ့စေရေးအတွက် အားလုံးအတူတကွ ဝိုင်းဝန်းထိန်းသိမ်း‌စောင့်ရှောက်ရပါမည်။ ငါးမျိုးမတုန်းစေရေးအတွက် ဒီရေတောနှင့် သန္တာကျောက်တန်းတို့အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ပင်ဖြစ်ပါသည်။

ငါးလုပ်ငန်းကဏ္ဍသာဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပသို့တင်ပို့သော ရေထွက်ပစ္စည်းများတိုးတက်လာမည်ဖြစ်သည်။ ထိုအခါ နိုင်ငံခြားငွေတိုးတက်ရရှိလာပြီး နိုင်ငံ၏စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးကဏ္ဍ အတွက် အထောက်အကူရပါသည်။

သို့သော် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကျွမ်းကျင်လုပ်သားအင်အားရှားပါးမှု၊ လျှပ်စစ်မီးမလုံလောက်မှု၊ အခြေခံအဆောက်အဦမပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ နယ်မြေမအေးချမ်းမှု စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်သည့် အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။

DOCA(ပဲခူး)

Source- Myawady Webportal

Subject-Image

  • ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အားလုံးဝိုင်းဝန်းကူညီပေး

Posted-Date