ထိန်းသိမ်းလိုက်နာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ
ကမ္ဘာ့နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသည်။ ရေအတိမ်အနက်ကို ကြာရိုးကြာစွယ်ကြည့်ခြင်းဖြင့် သိနိုင်သလို နိုင်ငံနှင့် လူမျိုးအဆင့်အတန်းကိုလည်း ယဉ်ကျေးမှုကိုကြည့်၍ စံပြုတိုင်းတာကြသည်။ မြန်မာ့ယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်ချီ၍ ဖြစ်ထွန်းလာခြင်းဖြစ်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များဖြင့် ယနေ့တိုင်တည်တံ့ ခိုင်ခံ့လျက်ရှိသည်။
မြန်မာ့ယဉ်ကျေးမှု၏ဓလေ့ထုံးတမ်း၊ ကျင့်ဝတ်စည်းကမ်းတို့မှာ အဆင့်မြင့်လှသည်ဖြစ်ရာ နိုင်ငံတကာ အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်သည်။
ယဉ်ကျေးမှုသည် လူမျိုး၏ အသက်၊သိက္ခာဖြစ်ပြီး ယဉ်ကျေးမှုကင်းမဲ့ပါက နိုင်ငံ၏အဆင့်အတန်းလည်း နိမ့်ကျမည်ဖြစ်သည်။ မြန်မာတို့တွင် ကိုယ်ပိုင် ယဉ်ကျေးမှုဖြစ်သော သီချင်း(ဂီတ)၊ တူရိယာ၊ အဆို၊ အက၊ အတီးမျိုးစုံစွာရှိပြီး အဆင့်အတန်းမြင့်လှသည်။ သာယာငြိမ့်ညောင်းသော အသံတို့သည်နရီစည်းချက်မှန်မှန်၊ အသံအနိမ့်အမြင့် ပြေပြစ်စွာဖြစ်ပေါ်ခြင်းကို ဂီတဟု ခေါ်ဆိုကြသည်။ မြန်မာတို့၌ စာရေးစာဖတ်မပေါ်မီကပင် ဂီတသည်ပညာရပ်တစ်ခုအနေဖြင့် ရှိနှင့်နေပြီဟု ယူဆကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ ကောက်စိုက်သီချင်း၊ ကောက်ရိတ်သီချင်း၊ မောင်းထောင်းသီချင်း၊ ရက်ကန်းသီချင်းတို့ ပျံ့လွင့်လာသည်။ ခံစားချက်ကိုတေးသီဖွင့် ထုတ်ရာမှ ရိုးရာသီချင်းဖြစ်လာသည်။ ရိုးရာသီချင်းသည် ခေတ်၏လူနေမှုစနစ်နှင့် အခြေအနေ အရပ်ရပ်ကို ထပ်ဟပ်ပြသော ခေတ်၏ကြေးမုံတစ်မျိုးဖြစ်သည်။
ဗုဒ္ဓဘာသာမပေါ်မီ နတ်ကိုးကွယ်ရာမှ နတ်ချင်းဟူသော သီချင်းအဖွဲ့တစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာ ပျံ့နှံ့ပြီးနောက်ပိုင်းတွင်လည်း အယူဝါဒဆိုင်ရာ သီချင်းများစပ်ဆိုသီကုံးခဲ့ကြောင်း အထောက်အထားများရှိခဲ့သည်။ သရေခေတ္တရာခေတ်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သော ပျူယဉ်ကျေးမှုအဖွဲ့သည် ဘုရားဂုဏ်တော်ကို အလေးအမြတ်ပြုသော သီချင်းများ သီဆိုကပြခဲ့ကြောင်း တရုတ်မှတ်တမ်းများတွင် ဖော်ပြကြသည်။ ရှေးမြန်မာ မင်းခမ်းမင်းနားများ၌ ခံ့ညားသော သီဆိုတီးမှုတ်မှုသည် အခမ်းအနားတစ်စိတ်တစ်ဒေသအဖြစ်ပါဝင်သည်။ ရှေးမြန်မာသီချင်းကြီး သီချင်းခံများသည် ဂီတလောကတွင် ထည်ဝါခံ့ညားစွာ မြန်မာ့ဂုဏ်ကျက်သရေကို ဆောင်နိုင်ခဲ့သည်။ ဘုရင်တို့ချီးမြှောက်မှုကြောင့်လည်း သီချင်းဂီတ၏ အခြေအနေအဆင့်အတန်း တိုးတက်ခဲ့သည်။
မြန်မာစာပေတွင် ရှေးယခင်ကတည်းက လင်္ကာနှင့် သီချင်းနှစ်မျိုးကို ကဗျာ-လင်္ကာဟု မှတ်တမ်းတင်ထားရှိသည်။ သီချင်းတွင် ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့၊ ဘောလယ်အရိုး၊ တေးအရိုးအဆန်း၊ သဖြန်အရိုးအဆန်း၊ ငိုချင်းအရိုးအဆန်း၊ ဒုံးချင်းအရိုးအဆန်း၊ ဟန်ချင်းအရိုးအဆန်း၊ လှေချင်းအရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုး ပါဝင်သည်။ တေးဂီတသည်ကား ထက်မြက်သော အကျိုးပြုအာနိသင်နှင့် ပြည့်စုံသည်။
တေးဂီတလောကသည် ကျယ်ပြန့်သည်ထက်ပို၍ ကျယ်ပြန့်လာသည်ဖြစ်ရာ တိုင်းပြည်နှင့် လူမျိုး၏ ဂီတကိုအကဲခတ်ပြီး ယဉ်ကျေးမှုအဆင့်အတန်းကို သတ်မှတ်နိုင်သဖြင့် ကျန်ရှိသော တေးဂီတများကို ထိန်းသိမ်းကြမှသာ လူမျိုးလည်း တင့်တယ်မည်ဖြစ်သည်။
တူရိယာဟူသည် သာယာသောအသံများ ထွက်ပေါ်လာအောင် တီးမှုတ်အပ်သော ကိရိယာဖြစ်သည်။
တီးမှုတ်ခြင်းကို အခြေခံသောတူရိယာကို ပိုင်းခြားလျှင် တီးရသောတူရိယာနှင့် မှုတ်ရသောတူရိယာဟူ၍ နှစ်မျိုးတွေ့ရသည်။ စောင်းကောက်၊ ပတ္တလား၊ ဆိုင်းဝိုင်းတို့မှာ တီးရသော တူရိယာဖြစ်ပြီး နှဲ၊ ပလွေတို့မှာ မှုတ်ရသောတူရိယာများဖြစ်သည်။ လေတုန်ခါ
မှု၊ ကြိုးတုန်ခါမှု၊ သားရေတုန်ခါမှုတို့ကြောင့် သဘာဝကိုခွဲခြား၍ ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာနှင့် တီးခတ်တူရိယာဟူ၍ တူရိယာသုံးမျိုးကွဲပြားသည်။ မြန်မာတို့၏ တူရိယာများကို ပြုလုပ်သည့်ပစ္စည်းပေါ်မူတည်၍ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟု ခွဲခြားသတ်မှတ်သည်။ တူရိယာတို့တွင် မြန်မာ့စောင်းကောက်သည်ကား ယနေ့အချိန်ထိ ကမ္ဘာကစိတ်ဝင်စားသော တူရိယာတစ်မျိုးဖြစ်သည်။
မြန်မာ့ဆိုင်းဝိုင်းသည်လည်း နိုင်ငံတကာကစိတ်ဝင်စားသော မြန်မာတူရိယာ ပစ္စည်းဖြစ်သည်။
ဆိုင်းဝိုင်းတွင် ကြေးဝိုင်း၊ မောင်းဆိုင်း၊ ပတ်မကြီး၊ နှဲစသည်တို့ပါဝင်သည်။ မြန်မာ့တူရိယာပစ္စည်းများတွင် မြန်မာဂီတ၊ ဘင်ဂျို၊ ဒုံမင်း၊ မယ်ဒလင်၊ ဝါးလက်ခုပ်၊ လင်းကွင်း၊ စည်း၊ ဝါး၊ ဒိုးပတ်၊ အိုးစည်၊ ဗုံကြီး၊ ဗြော စသည်တို့ပါဝင်သည်။ မြန်မာတူရိယာတို့သည် တီးမှုတ်လိုက်ခြင်းအားဖြင့် အေးငြိမ်သာယာကြည်နူးမှု၊ စိတ်ဓာတ်တက်ကြွမှု၊ ပျော်ပါးမြူးထူးမှု၊ လွမ်းဆွေးသတိရမှုအစရှိသည့် ခံစားမှုရသမျိုးစုံကိုပေးစွမ်းနိုင်သည်။ ထို့ပြင်နိုင်ငံတကာ၌ မရှိသည့် သာရေးတွင် သာရေးအတီးအမှုတ်၊ နာရေးတွင် နာရေးအတီးအမှုတ်တို့ခွဲခြားထားပြီး သာရေးတွင် သုံးသည့်သံစဉ်ကို နာရေးတွင်မသုံးသလို နာရေးသံစဉ်ကိုလည်း သာရေးတွင်မသုံးမှုက မြန်မာတို့၏ ရှေးရိုးအစဉ်အလာပင်ဖြစ်သည်။
မြန်မာတို့၏ သီဆိုတီးမှုတ်ကခုန်မှု သဘင်ပညာသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်မှစ၍ ဆင်းသက်ပေါက်ဖွားလာသော ပညာဖြစ်သည်။ ပုဂံခေတ်ကျောက်စာများအရ ကခြေသဘင်ဟူသော ဝေါဟာရစကားများကို တွေ့ရသည့်အပြင် ပုဂံဂူဘုရားနံရံများရှိ အချို့ပန်းချီဆေးရေးကားများတွင် ကဟန်အမူအရာများ အမျိုးမျိုးတွေ့မြင်နိုင်သည်။ မြန်မာတို့၏ ရှေးရိုးတစ်ပင်တိုင်အကသည် ညက်ညောသိမ်မွေ့စွာ ကပြရသော ကကွက်များဖြစ်သည့် အလျောက် နရီ၊ စည်း၊ ဝါး၊ အနှေး၊ အမြန်နှင့်ကကွက် ပြောင်းစေကာမူ ငြိမ့်ညောင်းစွာ လှုပ်ရှားကပြရသော အကတစ်မျိုးဖြစ်သည်။ ရှေးရိုးတစ်ပင်တိုင်အက ၁၂ မျိုးရှိသည်။ ဗောင်းတော်ပြင်၊ မှန်တော်ရှု၊ ပန်းစိုက်၊ သားပိုက်၊ ကျောက်ကောက်၊ ဆံတော်သိမ်း၊ ဖျင်းချင်၊ ဖျင်းဖျတ်ဖျတ်၊ ချွတ်၊ ချွတ်အသေး၊ ကပီ၊ ကရောင်းဟူ၍ဖြစ်သည်။ ထို ၁၂ မျိုးအနက် ပထမပိုင်းခြောက်ပိုင်းသည်အနုပိုင်းဖြစ်ပြီးအမျိုးသမီးက၍ အနု-ခြောက်ခန်းဟုခေါ်သည်။ ဒုတိယပိုင်းခြောက်ပိုင်းသည်ကား အကြမ်းပိုင်းဖြစ်၍ အမျိုးသားကပြီး အကြမ်း-ခြောက်ခန်းဟုခေါ်သည်။ ထိုကကွက်များကိုပင် တစ်နည်းဆိုသော်ယိုးဒယားချခန်းဟု ရှေးကခေါ်တွင်ခဲ့သည်။
အဆိုပါရှေးရိုးတစ်ပင်တိုင်အက(ဝါ) ယိုးဒယားချခန်းကိုပင် ကကွက်၊ ကဟန်များကိုလိုက်၍ ကန်တော့ခန်း၊ သားပိုက်၊ အဝေးမျှော်၊ အနီးမျှော်၊ ကျောက်ကောက်၊ သမင်လိုက်၊ ဖျင်းချင်၊ ကိန္နရာလည်ပြန်၊ ကပီ၊ ဆံသိမ်း၊ ချွတ်၊ မှန်တော်ရှု၊ ပန်းစိုက်၊ ဗောင်းတော်ပြင်ဟူ၍လည်း ၁၄ မျိုးခွဲခြားဖော်ပြထားသည်လည်း ရှိသေးသည်။ မြန်မာ့ရှေးရိုးအကပညာသည် ခက်ခဲရှုပ်ထွေး၍ ကြိုးစားသင်နိုင်မှ အကပညာရရှိသည်။ ခြေဖျားမှ ဦးခေါင်းအထိ ဘယ်ခြေညာလက်၊ ဘယ်မြှောက်ညာချ၊ အင်္ဂါများလှုပ်ရှားပုံ၊ ရင်၊ ခါး၊ ဦးခေါင်းငဲ့၊ မေးတိမ်း၊ လက်ဖျားမှောက်လှန်၊ လက်ချောင်းထားပုံ ကကွက်များကို ဂရုပြုရသည်။
မြန်မာကကွက်များ သရုပ်ဖော်ဇာတ်များသည် စည်းကမ်းနှင့်ဟန်အလွန်ကြီးသည်။ အတီးနှင့်အက၊အကနှင့်ခြေဟန်လက်ဟန်၊ ခြေဟန်လက်ဟန်နှင့် မျက်နှာထားသုံးမျိုး ညီညွတ်ရသည်။ ဟန်ဆိုသည်မှာ တိမ်တောင်တိမ်လိပ်တက်သကဲ့သို့ တစ်ဟန်မှနှစ်ဟန်သို့ တရိပ်ရိပ်ဖြင့် ကူးပြောင်းမှန်းမသိ သိမ်မွေ့စွာ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ရာမဇာတ်တော်ကြီးတွင် ဘိုးတော်၊ ရာမ၊ လက္ခဏာ၊ သီတာတို့ထွက်လျှင် ဖရင်းချား သို့မဟုတ် ဖျင်းကိုတီးမှုတ်ပေးရသည်။
ဘီလူးထွက်လျှင်ထပ်တွန့် သို့မဟုတ် ကရောင်းကို တီးမှုတ်ရသည်။ မျောက်ထွက်လာလျှင် ချွတ် သို့မဟုတ် ကပီကိုတီးမှုတ်ပေးရသည်။ သူ့စည်းကမ်းနှင့်သူဖြစ်၍ အလွန်စည်းကမ်းကြီးသည်။
မြန်မာ့ရုပ်စုံသဘင်နှင့် အငြိမ့်သဘင် ပေါ်ပေါက်လာချိန်ကို လေ့လာလျှင်သုတေသန ပညာရှင်များကပုဂံခေတ်တွင် မြန်မာ့ကကြိုးဆွဲရုပ်သေးပညာ ပန္နက်ရိုက်ဟန်တူသည်ဟု ဆိုကြသည်။ သို့သော်ပေါ်ပေါက်ပြီးဖြစ်သည်ဟု တိတိကျကျ မပြောနိုင်ဘဲ အင်းဝခေတ်သို့ရောက်မှသာ မြန်မာ့ရုပ်စုံသဘင် အသေအချာ ပေါ်လာသည်ဟု မှတ်တမ်းထားရှိကြသည်။ ရုပ်သေးအတတ်ပညာသည် အင်းဝခေတ်ခရစ်နှစ် ၁၅ ရာစုအတွင်းကပင်ရှိပြီးဖြစ်သလို ကုန်းဘောင်ခေတ်တွင် စနစ်တကျတိုးချဲ့ခဲ့သည်။ အငြိမ့်သဘင်ပညာတွင် အနိမ့်သဘင်၊ အမြင့်သဘင်၊ အတီးသဘင်၊ အဆိုသဘင်ဟူ၍ စဉ့်ကူးမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၃၈ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက်တွင်ထုတ်ပြန်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ရှေးခေတ်က အငြိမ့်အမျိုးမျိုးရှိရာ စောင်းအငြိမ့်၊ တယောအငြိမ့်၊မိကျောင်းအငြိမ့်၊ ပတ္တလားအငြိမ့်ဟူ၍ ရှိခဲ့ပြီး ၎င်းအငြိမ့်များတွင် အကအခုန်မပါဘဲ ယောက်ျား၊ မိန်းမတို့ထိုင်ဆိုကြသည်။ ဗဒုံမင်းလက်ထက်ညဉ့်ဦးယံတွင် ထိုင်ဆိုအငြိမ့် (နန်းတွင်းအငြိမ့်) ခေတ်စားစပြုလာသည်။ ထို့နောက်တွင်မှ နန်းတွင်းတစ်ပင်တိုင်အက(အငြိမ့်)ပေါ်ပေါက်လာရသည်။
မြန်မာ့သရုပ်မှန်အနုပညာသည် မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးနှင့်ဇာတိသွေး၊ ဇာတိမာန်ရှင်သန်မှုကို ရှေးရှုသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖျော်ဖြေမှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်းလုံးဝမရှိပါ။ ယခုဆိုလျှင်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်ဖော်ထုတ်၊ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်(၄)ရပ်နှင့်အညီ ထည်ဝါခံ့ညားစွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် တိုင်းရင်းသားအားလုံး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို အခြေခံသောခိုင်မာသည့် အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Source- Myawady Webportal