ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ

Posted_Date

Image

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ

Body

(ယမန်နေ့မှအဆက်)

(င) အဓမ္မကိုတွန်းလှန်ပြီး ဓမ္မလွှမ်းမိုးရေးကို တာဝန်ယူနေကြသူများ

ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသောစစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှု အယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးတော့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်းကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား ကျဆင်းနေသော ဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံ များက ထင်ရှားသော သာဓကများပါ။ ပညာရည်မြင့်မားသည့် ဒေသများတွင် မတွေ့ရပါ။ အနောက် ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။ ဘက်စုံ အတွေးအခေါ်မှန်ကန်သည့် ပညာဉာဏ်ရင့်သန် မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံအုတ်မြစ်ပါ။ တပည့်များကို သူ့ဘက်၊ ကိုယ့်ဘက် တွေးတတ်၊ မြော်မြင်တတ်သော မျိုးဆက်များအဖြစ် လေ့ကျင့် နိုင်သည့်သူများက ကျောင်းဆရာများပါပဲ။ 

ထိုသို့ ကမ္ဘာ၌ ပညာမဲ့မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်းရှိသည့်သူများမှာ “ကျောင်း ဆရာ” များဆိုတာ အသိအမှတ်ပြုပြီး ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့လေးဖွဲ့က အောက်တိုဘာလ ၅ ရက် ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေးဗိသုကာများက ကျောင်းဆရာများ ဖြစ်သည်ဟု ခံယူထားကြလို့ပါ။

လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှုကင်းဝေးရေးနှင့် တရားမျှတမှုများ လွှမ်းမိုးရေးမှာ ကျောင်းဆရာများက လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ်များ၏ လူမှုပြဿနာအဝဝကို ဓမ္မဓိဋ္ဌာန်ကျနစွာ ချဉ်းကပ်နိုင်မှုစွမ်းအားပေါ် မှီတည်နေပါသည်။ ကျောင်းဆရာများက ခေတ်အဆက်ဆက်တွင် ပြည်သူများကို “အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာမြှင့်တင် ပေးရင်း လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု (ဓမ္မ) လွှမ်းမိုးအောင် တာဝန်ယူနေကြသူတွေပါ။” ကျောင်းဆရာသည် တပည့်များကို လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားတွေ ပိုင်ဆိုင်အောင်လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နေကြသူများပါ။

(စ) ဒီမိုကရေစီအရည်အသွေးပြည့် နိုင်ငံသားတွေ မွေးထုတ်ပေးနေသူများ

မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီရှင်သန်ဖို့ အလေးပေးနေသည့် အချိန်တွင် ကျောင်းဆရာက ဒီမိုကရေစီ၏ “စိတ်ထား” ၊ “စံ”၊ “အကျင့်” များကို မျိုးဆက်သစ်များတွင် ကြွယ်ဝနေအောင် မလွဲမသွေ လေ့ကျင့်ပေးရပါလိမ့်မည်။ ထိုသို့ လေ့ကျင့်ရာတွင် တပည့်များကို သည်းခံစိတ်ရှိအောင်၊ ကိုယ်နှင့် အမြင်မတူသောသူများအပေါ် နားလည်စာနာမှု ထားတတ်အောင် လေ့ကျင့်ပေးနိုင်ရပါမည်။ သို့မှသာ ငါသာအမှန်ဟူသော အယူမှား ဒိဋ္ဌိမာနတို့ကို လျှော့ချနိုင်ပြီး တစ်ဖက်သားကို နားလည် ပေးနိုင်သူ၊ စာနာစိတ်ရှိသူများ အနာဂတ်လူ့ဘောင်တွင် ပေါကြွယ်ဝနေပါမည်။ ထိုသူများကသာ လူ့ဘောင်ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်လို့ပါ။ 

တပည့်များကို ဘဝနောက်ခံမတူ၊ ကွဲပြားသူများနှင့် ဘုံရည်မှန်းချက်အတွက် အတူတကွ ပူးပေါင်း အလုပ်လုပ်တတ်အောင် လေ့ကျင့်ပေးရပါမည်။ ကျောင်းကောင်စီဖွဲ့စည်းပြီး အတန်းအကျိုး၊ ကျောင်းအကျိုးသယ်ပိုးနိုင်စွမ်းရှိသူ ကျောင်းသား ကိုယ်စားလှယ်ကောင်းကို ရွေးချယ်တတ်သော အလေ့အကျင့်ကောင်းများရအောင် ဖန်တီးပေးရပါမည်။ အသင်းစွဲ၊ အတန်းစွဲ၊ ကျောင်းစွဲမှသည် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ပဋိပက္ခများကို ဖြစ်ပေါ်စေခြင်းမှ ကင်းနိုင်သမျှကင်းအောင် ရှောင်ရှားနိုင်ပြီး မျိုးဆက်သစ်များကို ယထာဘူတကျကျ တွေးခေါ်တတ်အောင် သင်ကြားလေ့ကျင့် ပေးရန် ကျောင်းဆရာတွေမှာ အဓိကတာဝန်ရှိပါသည်။ 

ပါတီ၊ အဖွဲ့အစည်း၏ အထက်တွင် နိုင်ငံရှိသည်ဆိုတာနှင့် နိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာတည်မြဲမှုက ပါတီတိုင်းတွင် တာဝန်ရှိပြီး ယင်းကို ထိန်းသိမ်းရန် အရေးကြီးကြောင်း မဖြစ်မနေသင်ကြားပေးရပါမည်။ အငြင်းပွားစရာ ကိစ္စများ ပေါ်ပေါက်လာလျှင် ကျောင်းဆရာက အဂတိတရားကင်းကင်းဖြင့် သမာသမတ်ရှိရှိ အဖြေရှာပေးခဲ့ရပါမည်။ ကျောင်းဆရာ၏ တွေးခေါ် စဉ်းစားချဉ်းကပ်ပုံမှာ သိပ္ပံနည်းကျရမည်၊ ဓမ္မဓိဋ္ဌာန် ဖြစ်ရပါမည်။ အဂတိတရားလေးပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ကင်းရှင်းစွာ သင်ပေး၊ အဖြေရှာပေးပြီး အဆိုပါ တရားလေးပါးကင်းစွာ ပြုမူနေထိုင်တတ်သူဖြစ်အောင် လေ့ကျင့်ပေးရပါလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံသားကောင်း၏ အကျင့်နှင့် လက္ခဏာပါ။ 

မြန်မာတို့၏ ပန်းတနော် အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးသန့်က “ကျောင်းတွင်း ဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်ကြီးသာလျှင်ဖြစ်၏”ဟူ၍ ခေတ်ကိုကြိုမြင်ကာ မီးမောင်းထိုးပြခဲ့ပါသည်။ ကျောင်းတွင်း ဒီမိုကရေစီမှသည် မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆီသို့ ကြွားဝင့်စွာ ချီတက်နိုင်အောင် ဦးဆောင်လမ်းပြနေသူများကား ကျောင်းဆရာများပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ရာလမ်းတွင် ခလုတ်တံသင်း ကင်းဝေး အောင် ကြိုးပမ်းမည့်သူများက ကျောင်းဆရာများပင် ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းနိုင်ရန် “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုသည်ကို ကျောင်းဆရာများ က လေးနက်စွာခံယူပြီး မိမိကိုယ်တိုင်ကလည်း လက်တွေ့ကျင့်သုံးနေမှသာ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းလည်း ဖြောင့်ဖြူးသာယာပါလိမ့်မည်။

(ဆ) ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းမြှင့်တင် စောင့်ရှောက်နေသူများ

ခေတ်အဆက်ဆက် တည်တံ့ခဲ့သည့် ပညာရေး၏ ရည်ရွယ်ချက်နှစ်ချက်မှာ-

(က) လူမျိုးတိုင်းက မိမိ၏ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးတတ်၊ ချစ်တတ်ပြီး ကာကွယ် စောင့်ရှောက်တတ်မှုရှိအောင် လေ့ကျင့်ပေးရန်၊

(ခ) နောက်မျိုးဆက်သစ်များအတွက် ကောင်းမွန်သော အမွေအနှစ်များ လက်ဆင့်ကမ်း ထားရစ်ခဲ့ရန်ဆိုသည့် ခံယူချက်ရှိသူများ မွေးထုတ်ပေးရန်...တို့ ဖြစ်ပါသည်။ 

 “ဘိုးဘွားအမွေစစ်” အဓိပ္ပာယ်အစစ်အမှန်ကို ကျောင်းဆရာများက တပည့်မျိုးဆက်သစ်များကို ရှင်းပြ၊ သင်ပြပေးရပါမည်။ ပြီးတော့ ဘာကြောင့် ထိုအမွေကို ချစ်ထိုက်၊ မြတ်နိုးထိုက်ပြီး မပျောက် ပျက်အောင် ထိန်းသိမ်းရမည့် တာဝန်ရှိကြောင်းကိုပါ သင်ပေးရပါမည်။ ထိန်းသိမ်းရုံနှင့်တင် မပြီးသေးပါ။ မိမိလက်ခံရရှိသော ဘိုးဘွားအမွေအနှစ်များကိုလည်း သားစဉ်မြေးဆက်၊ ချစ်ထိုက်၊ မြတ်နိုးထိုက်၊ ကာကွယ်ထိုက်သည့်အဖြစ်မျိုး ရောက်အောင် မြှင့်တင်ပေးရမည်ဆိုသည့် ခံယူချက်ရှိလာသည်အထိ လေ့ကျင့်ပေးရမှာပါ။ ထို့နောက်မှာတော့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိကြောင်းကိုပါ သင်ကြားပေးရန် လိုပါသည်။

ဘိုးဘွားအမွေအနှစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ ရေ၊ မြေ၊ တောတောင်၊ သယံဇာတများသာ မကပါ။ မိမိလူမျိုး၏ စံထားအပ်သော မြင့်မားသည့်စိတ်ထားများ (သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်၊ သူများထက် နိမ့်ကျတာမခံချင်စိတ်၊ မိမိအမျိုးကိုမြှင့်တင်လိုစိတ်၊ မိမိလူမျိုးကို ဂုဏ်ယူတန်ဖိုးထားစိတ်၊ ရိုးသားမှုကို ဂုဏ်ယူစိတ်၊ မတရားမှုကိုရွံမုန်းစိတ်) ပြီးတော့ နိုင်ငံလွတ်လပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် မိမိလူမျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာ၊ ရိုးရာဓလေ့များ အားလုံးသည်လည်း မိမိတို့ ဘိုးဘွား များဆီကရခဲ့သည့် မည်သို့မျှ ၊ မည်သူမှ တန်ဖိုးဖြတ် နိုင်စွမ်းမရှိသည့် အမွေအစစ်များ ဖြစ်ပါသည်။

အဆိုပါအမွေအစစ်၏ တန်ဖိုးများကို ကျောင်းဆရာကိုယ်တိုင်က နားလည်၊ သိရှိ၊ တန်ဖိုးထားပြီး မိမိ၏ တပည့်များဆီကို လက်ဆင့်ကမ်းပေးရမှာပါ။ ပြီးတော့ ယခု ခံစား၊ စံစားနေသည့် ဘိုးဘွားများ၏ အမွေအားလုံးသည် သူတို့၏ အသက်၊ သွေး၊ ချွေး၊ အမြော်အမြင် ကြီးမားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခဲ့ကြလို့ရခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက် အသက်သွေးနှင့်ပေးပြီးမှ ဖြစ်ထွန်းလာသည့် အမွေအစစ်မှာ တိကျသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်း ခြင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခြင်းဆိုသည့် အသီးအပွင့်များကိုရရှိပြီး ယခုမျိုးဆက်များက အဆိုပါအမွေကို သခင်နိုင်ငံသားများအဖြစ် မြိန်ရေရှက်ရေ စားသုံးနေရပါသည်။ ဘယ်သူ့အတွက် ဘိုးဘွားများက ဆောင်ရွက်ခဲ့တာလဲဆိုရင် နောင်မျိုးဆက်များအတွက်ပါ ဆိုတာကိုလည်း ထင်ရှားအောင် သင်ပေးရပါမည်။

အဆိုပါ ဘိုးဘွားအမွေအစစ်များ ပျောက်ကွယ်သွားခဲ့လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံး၊ အချုပ် အခြာအာဏာလည်း ကွယ်ပျောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ကာ ပြည်ထောင်စုနိုင်ငံ ဆိုတာပါ ပျက်သုဉ်းပြီး ကျွန်ဘဝသို့ ပြန်လည်ရောက်သွားနိုင်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုးဟု အသိအမှတ်ပြုနိုင်သော ဘာသာစကား၊ စာပေ၊ ဂီတ၊ အနုပညာများလည်း ကွယ်သွားလျှင် မျိုးဆက်သစ်များကို ဘာလူမျိုးရယ်လို့သတ်မှတ်၍ မဖြစ်တော့သည့်အတွက် လူမျိုးပါ ပျောက်ကွယ်သွား နိုင်ပါသည်။ ထိုဘဝမျိုးမရောက်အောင် ဘိုးဘွား အမွေစစ်ကို မဖြစ်မနေ ထိန်းသိမ်းသင့်ကြောင်း သင်ပြရမှာပါ။ 

ဘိုးဘွားများ ထိန်းသိမ်းကာကွယ်ကာ ချန်ထား ခဲ့သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတ များသည် ယခုမျိုးဆက်တစ်ဆက်တည်းအတွက်သာ သုံးစွဲရန်မဟုတ်ကြောင်းနှင့် နောင်မျိုးဆက်များ၏ဘဝ ပြည့်စုံကောင်းမွန်ရေးအတွက်ပါ ရည်ရွယ်ထား ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိုသလောက်သာ သုံးစွဲသင့်ကြောင်း၊ အလွန်အကျွံသုံးစွဲမှုမျိုးကို ရှောင်ရှားသင့်ကြောင်း၊ နောင်မျိုးဆက်သစ်များ သုံးစွဲရန် မဖြစ်မနေချန်ထားသင့်ကြောင်း၊ ဘိုးဘွား များ ထားခဲ့သော ရေ၊ မြေ၊ တော၊ တောင်သဘာဝများကို ပျက်စီးစေမှုမှ ရှောင်ရှားသင့်ကြောင်း၊ မရှောင်ရှားခဲ့ပါက ရာသီဥတုဖောက်ပြန်မှုနှင့် ရေ၊ မြေ၊ လေထုညစ်ညမ်းမှုကြောင့် သဘာဝဘေးဒဏ် အမျိုးမျိုးကို ခံရနိုင်ကြောင်း စသည့်ဆိုးကျိုးများကို သိရှိပြီး အလေးထားတတ်အောင် သင်ပေးရပါမည်။

သို့မှသာ ဘိုးဘွားအမွေအစစ်ကို မြတ်နိုးထိန်းသိမ်းနိုင်ပါမည်။ နောင်မျိုးဆက်များအားလည်း ချစ်တတ်၊ မြတ်နိုးတတ်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ပြီး နောက်မျိုးဆက်သစ်များ အတွက် “အမွေကောင်း၊ အမွေမြတ်” အား လက်ဆင့်ကမ်းပေးရမည်ဆိုသည့် စိတ်ထားနှင့် လက်ဆင့်ကမ်းပေးနိုင်သော ခွန်အားများ ပြည့်စုံအောင်သင်ပေး၊ လေ့ကျင့်ပေးရပါမည်။ 

ငါတို့ဟာ “မြန်မာ”နှင့် ငါတို့ဟာ “မြန်မာနိုင်ငံသား”ပါ

နိုင်ငံသားတိုင်းကို ဝင်ရောက်ဖျက်ဆီးနေသည့် အထက်ပါကြီးမားသည့် နိုင်ငံဖျက်၊ အမျိုးဖျက် အန္တရာယ် ၇ သွယ်ကို ကြံ့ကြံ့ခံတွန်းလှန်ကာကွယ်နိုင်မည့် အရင်းခံအကြောင်းတရားမှာ ကျောင်းဆရာများတွင်ရော သူတို့က လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ် နိုင်ငံသားတိုင်းမှာပါ “အမျိုးသားရေး ကိုယ်ခံစွမ်းအား” ကြွယ်ဝနေဖို့ပါပဲ။ တကယ်တော့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဘိုးဘွားများ လက်ဆင့်ကမ်းပေးခဲ့သည့် (နိုင်ငံတည်မင်းသုံးပါး- အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားနှင့် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းပေးခဲ့သည့် ခေါင်းဆောင်ကြီးများ) မိမိလူမျိုး၊ မိမိမြေ၊ မိမိတိုင်းပြည်၏ ကြွယ်ဝမှုတို့ကိုချစ်ပြီး ကာကွယ်နေရန် အဆင့်လောက်နှင့် မလုံလောက်သေးပါ။ 

မျိုးဆက်တိုင်းသည် “မိမိမြေ၊ မိမိနိုင်ငံနှင့် မိမိပြည်သူများက သားစဉ်မြေးဆက် ချစ်ထိုက်၊ မြတ်နိုးထိုက်သည့်မြေ၊ နိုင်ငံနှင့် လူမျိုးဖြစ်အောင်လည်း စွမ်းဆောင်နိုင်စွမ်းရှိရပါမည်”။ ဆိုလိုသည်မှာ ကမ္ဘာ့ဘယ်နေရာရောက်ရောက် မိမိနိုင်ငံ၊ မိမိလူမျိုးကို အစဉ်မြင့်မားအောင် စွမ်းဆောင်ရင်း နိုင်ငံနှင့်လူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေမှသာလျှင် အမျိုးကိုအမှန်တကယ် ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပါ။ 

ငါတို့ဟာ “မြန်မာ” “မြန်မာနိုင်ငံသား” “မြန်မာ့ မြေမှာ မွေးဖွားခွင့်၊ ရှင်သန်ခွင့်ရတာ ဆုလာဘ် တစ်မျိုး” ပါဟု အမြဲဂုဏ်ယူဝင့်ကြွားနိုင်သူများ ပေါ်ထွန်းလာစေရေးပါ။ ထိုသို့အမျိုးချစ်၊ အမျိုးမြင့်၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားမျိုးပိုင်ဆိုင်သည့် လူငယ်များကို ထုနှင့်ထည်နှင့်၊ အုံနှင့် ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ယနေ့နှင့် အနာဂတ် မြန်မာ့ကျောင်းဆရာများ၏ ကြီးမားသော စိန်ခေါ်မှုနှင့် တာဝန်ပါပဲ။ ရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ထမ်းဆောင်ရပါလိမ့်မည်။

ကျောင်းဆရာများသည် အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံနှင့်လူ့အဖွဲ့အစည်း ပျက်သုဉ်းစေမည့် အဖျက်ရန်များကို ခေတ်အဆက်ဆက်တွင် ပညာလက်နက်ဖြင့် အသံတိတ်တွန်းလှန်တိုက်ပွဲဝင်ရင်းဘဝကို ပျော်ရွှင်ချမ်းမြေ့ကျေနပ်စွာ ဖြတ်သန်းနေကြသူများပါ။ နိုင်ငံတကာတွင် ကျောင်းဆရာများသည် ပညာအားမာန်အပြည့်နှင့် နိုင်ငံ၏အဖျက်ရန်များကို အင်ပြည့်အားပြည့် ကာကွယ်နိုင်ရန် ၎င်းတို့မှာ “အခြေခိုင်ပြီး ဘဝလုံခြုံသည့် လူနေမှုဘဝ” ကို ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်းပေးထားကြပါသည်။

တကယ်တော့ “လူနေမှုဘဝချို့တဲ့သည့် ကျောင်းဆရာဘဝ” ဖြင့် နိုင်ငံ၏အလွန်ကြီးမားသော အဖျက်ရန်များကို ကာကွယ်သည့််အခါ “ခါးကမသန်” ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု၏ ရှေ့တန်းမှာရှိသော “ပညာရေးခံကတုတ်” ကျိုးပေါက်မှာစိုးလို့ပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ဖွံ့ဖြိုးမှုအပေါင်းကိုပျက်သုဉ်းအောင် ဆောင်ကြဉ်းနေသည့် အဖျက်ရန်မှန်သမျှကို ဖိဖိစီးစီး တွန်းလှန်ကာကွယ်နေသော “အမျိုးသား မဏ္ဍိုင်ခံကတုတ်” ကျိုးပေါက်ခဲ့လျှင် တိုင်းတစ်ပါး၏ “အဝေးထိန်းစနစ်ဖြင့် ကျွန်ဇာတ်သွင်းခံဘဝ” ဆိုသည့် “ခေတ်သစ်ကျွန်” ဘဝမျိုး မိမိတို့၏ နိုင်ငံနှင့်မျိုးဆက်သစ်များဖြစ်သွားပြီး နောက်ဆုံးတွင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အဖြစ်မျိုး ရောက်သွားနိုင်တာမို့ပါ။ ထိုအဖြစ်မျိုးမရောက်ရန် ပညာရေးခံကတုတ်က စွမ်းစွမ်းတမံ ကာကွယ်ပေးနေကြသည့် ယနေ့ကျောင်းဆရာတို့၏ “လူနေမှု ဘဝလုံခြုံရေး” ကိုလည်း မပြတ်ဖြည့်ဆည်းပေးနေသင့်ပါကြောင်း ကျောင်းဆရာ(ငြိမ်း)ဖြစ်သည့် မိမိ၏အမြင်ကို တင်ပြရင်း ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသားအပ်ပါသည်။

(လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော ဤကမ္ဘာကြီးကို အန္တရာယ်ကင်းကင်းဖြင့် သာယာဖွံ့ဖြိုးအောင်နှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်အောင် ကိုယ်စိတ်နှလုံး သုံးပါးလုံးနှစ်မြှုပ်၍ စွမ်းဆောင်ခဲ့ကြသော စွမ်းဆောင်နေဆဲဖြစ်ကြသည့် အနန္တဂိုဏ်းဝင် ကျောင်းဆရာများအားလုံး၏ ဂုဏ်ကျေးဇူးကို ပူဇော်ဦးခိုက်လျက်)

Source-Myawady Webportal

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ

Posted_Date

Image

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ

Body

“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”

ဘာထရန်ရပ်ဆဲလ်

မြန်မာ့လူ့အဖွဲ့အစည်းက “ဆရာ” ကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး အပူဇော်ခံအဆင့်တွင် ထားခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါပြီ။ မည်သည့်အတွက်ဟုဆိုလျှင် ဆရာသည် လူတစ်ဦး ချင်းမှသည် အဖွဲ့အစည်းတစ်ခုလုံး၏ တန်ဖိုးများတက်လာအောင် ဆောင်ကြဉ်းပေးကာ လူသားကို အဆင့်မြင့်သည့် ဘဝပန်းတိုင်ဆီသို့ အရောက်ပို့ဆောင်ပေးနိုင်သူမို့ပါ။ ထို့အတူ သူတို့တွင် ကျရောက်မည့်အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင် စွမ်းရှိသူများဖြစ်ကြလို့ပါ။ 

ပြီးလျှင် မည်သည့်အခါမျှ တပည့်များကို အကျိုးနည်း၊ ဒုက္ခရောက်အောင် ပြုမူပြောဆိုလုပ်ကိုင်လေ့မရှိကြသူများဖြစ်လို့ပါပဲ။ ယူနက်စကိုက သတ်မှတ်ထားသည့် မြင့်မြတ်သည့် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း (Noble Professions) သုံးမျိုးရှိပါသည်။ လူသားမျိုးဆက်တိုင်းကို ပညာအလင်းရောင်ထွန်းညှိပေးသော ကျောင်းဆရာများ၊ ပြည်သူများကို ဘေးရန်အန္တရာယ်အသီးသီးမှ ကာကွယ်ပေးသော လက်နက်ကိုင်အဖွဲ့အစည်းများ (တပ်မတော်၊ ပြည်သူ့ရဲနှင့် ပြည်သူ့စစ်)နှင့် ပြည်သူများကို ရောဂါဘယကင်းဝေးအောင် ဆောင်ကြဉ်းပေးသော ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုစသည်) ဖြစ်ပါသည်။ 

ပညာရေးသည် လူမှုအဖွဲ့အစည်းရှင်သန်မှု၏ ဝိညာဉ်ပါပဲ။ သူကသာ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုဆိုသည်တို့ကို ဆက်လက်ရှင်သန်ရန် စွမ်းဆောင်နိုင်လို့ပါ။ လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအားလုံး၏ ဖွံ့ဖြိုးမှုမဏ္ဍိုင်ပါ။ လူသားတို့၏ မွေးရာပါအရည်အသွေးကောင်းတွေကို ပိုမိုဖွံ့ဖြိုးအောင်၊ ထက်မြက်လာအောင် လေ့ကျင့်ပေးသည့်လုပ်ငန်းပါ။ ထိုလုပ်ငန်း၏ စွမ်းဆောင်ရည်မြင့်မားလေလေ လူသားတစ်ဦးချင်းစီမှာ လူ့ဘောင်ကောင်းကျိုးသယ်ပိုးမည့် ဗီဇကောင်းများ ပိုမိုထက်မြက်လာကြပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးမည့်၊ ငြိမ်းချမ်းမှုကို ပျက်စီးစေမည့် ဗီဇဆိုး၊ ဗီဇညံ့များပျောက်ကွယ်လေလေပါပဲ။ 

ပညာရေးအဆင့်အတန်းမြင့်မားသည့် လူ့အဖွဲ့အစည်းတိုင်းသည် ကမ္ဘာ့ထိပ်တန်း၌ရှိကြပြီး ပညာရေးအဆင့်အတန်းနိမ့်ကျသော နိုင်ငံနှင့်လူမျိုးသည် ဖွံ့ဖြိုးမှုအားနည်းသော ဘဝမှာသာရှိနေကြပါသည်။ တိုးတက်ဖွံ့ဖြိုးမှုကို လိုလားကြသော လူသားတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းက ပညာရေးကို အားပေးမြှင့်တင်နေကြပါသည်။ ထိုသို့လူ့ဘောင်ကောင်းကျိုးအဖြာဖြာကို သယ်ပိုးသော ပညာရေးကို ရှေ့တန်းကအားကြိုးမာန်တက် အကောင်အထည်ဖော်နေသည်မှာ အရည်အသွေးထက်မြက်သည့် ကျောင်းဆရာများပါပဲ။ 

သို့ဖြစ်၍ “ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လာရခြင်းမှာ သူ့နိုင်ငံသားများ ကောင်းကြ၊ တော်ကြလို့ပါ။ ကောင်းသလောက်၊ တော်ကြသောနိုင်ငံသားများ ကြွယ်ဝဖို့ကတော့ အဲဒီနိုင်ငံ၏ ပညာရေးမှာ အရည်အသွေးပြည့်ဝသည့် ဆရာကောင်း၊ ဆရာမြတ်များ ရှိနေမှဖြစ်မှာပါ”ဟူသည့် စင်ကာပူဝန်ကြီးချုပ် (ငြိမ်း)လီရှန်လွန်း၏ စကားအရဆိုလျှင် “နိုင်ငံဖွံ့ဖြိုးမှုမှာ ဆရာများ အရည်အသွေးမြင့်မားမှုက အခရာ”ဟု ဆိုပါရစေ။

ပညာရေးနှင့်ကျောင်းဆရာသည် ရုပ်နှင့်နာမ် (Body and soul) လိုပါပဲ။ ခွဲထုတ်၍မရပါ။ ကွဲကွာခဲ့လျှင် ရှင်သန်နိုင်စွမ်းမရှိတော့ပါ။ ပညာရေးကို ရှေ့တန်းမှ အကောင်အထည်ဖော်နေသူများဖြစ်သည့် ကျောင်းဆရာများသာမရှိလျှင် ပညာရေးဆိုတာလည်း မရှိနိုင်တော့ပါ။ ဤကမ္ဘာလောကမှာ လူမှုအသိုင်းအဝိုင်းကလေးစားပြီး ကလေးများ စံထားလောက်သော ကျောင်းဆရာစစ်စစ် (Role model teacher) များမရှိခဲ့လျှင် ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းဆိုတာ ရေထဲမှာ ရေးသောအရုပ်ဘဝမှာပဲ ရှိနေမှာပါ။ 

ပညာရေးညံ့ရင် နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံကာကွယ်ရေးလည်း ချွတ်ခြုံကျမှုနှင့် ရင်ဆိုင်ရပါလိမ့်မည်။ ပညာရေးမနိမ့်ကျစေရန်မှာ ယင်းကို အကောင်အထည်ဖော်နေသည့် ကျောင်း ဆရာများ၏ စွမ်းရည်သည်လည်း အမြဲတမ်း မြင့်မားထက်မြက်နေရပါမည်။ ဘယ်လိုမှညံ့လို့မဖြစ်ပါ။ ဆရာသည် လူ့သမိုင်းစဉ်ဆက် မိမိအသိုင်းအဝိုင်းကို ဦးဆောင်ပြီး ပညာအလင်းရောင်ထွန်းညှိရင်း လူ့သမိုင်းကို မြှင့်တင်နေကြသူများ ဖြစ်လို့ပါ။

မြန်မာတို့သည် “ဘေးရန်ဆီးကာ”ဆိုသည့် ဆရာ၏ မြင့်မြတ်သော တာဝန်ကို ဆောင်းပါးအစ တွင် “ဘာထရန်ရပ်ဆဲလ်” က ပြောခဲ့တာထက် နှစ်ပေါင်းထောင်ချီပြီး ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ကျောင်းဆရာသည် တပည့်တစ်ဦးချင်းစီကို မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော “ဉာဏ်ရည်” ၊ “စိတ်ထား” ၊ “ပညာ”နှင့် “အလေ့အကျင့်” ကို ဘဝတစ်လျှောက်လုံး ဘေးရန်ကင်းစွာ နေထိုင်သွားတတ်သည်အထိ လေ့ကျင့်ပေးကာ နိုင်ငံသားအားလုံးကို ဘေးအန္တရာယ်အပေါင်းကင်းဝေးအောင် စွမ်းဆောင်နိုင်စွမ်း ရှိကြသူများပါ။

နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းက 

နိုင်ငံကာကွယ်ရေးကို ပြောလိုက်လျှင် ပြည်တွင်း၊ ပြည်ပရန်များကို လက်နက်ကိုင်ပြီး ခုခံကာကွယ်နေ ကြသည်ကိုပဲမြင်ကြပါသည်။ ဘရွတ် (Bruke) ဆိုသော ပညာရေးပညာရှင်က “တကယ်တော့ ပညာရေးဟာ နိုင်ငံကာကွယ်ရေးလုပ်ငန်းပါ”တဲ့။ လက်နက်ကိုင်ဖျက်ဆီးနေသူများသာလျှင် လူ့အဖွဲ့အစည်း၏ အဖျက်သမားစစ်စစ်မဟုတ်ကြပါ။ သူတို့ကို လက်နက်ကိုင်ဆောင်သည့်အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း မူလ အဖျက်သမားစစ်စစ်များပါပဲ။ ယင်းတို့မှာ -

(က)အသိဉာဏ်ပညာ ဆင်းရဲမွဲတေခြင်း၊

(ခ)နိုင်ငံကြီးသား စိတ်ထားကင်းမဲ့ခြင်း၊

(ဂ)အကျင့်စာရိတ္တ ချွတ်ခြုံကျခြင်း၊

(ဃအမျိုးသားရေး “စံ”များ ပျက်သုဉ်းခြင်း၊

(င)အစွန်းရောက်မှုမြင့်မားခြင်းနှင့် တရား မျှတမှုအားနည်းခြင်း၊

(စ)ဒီမိုကရေစီစိတ်ထားနှင့် အလေ့အကျင့် များခေါင်းပါးခြင်း၊

(ဆ)ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းရမည်ဟူသော ခံယူချက်ကင်းမဲ့ခြင်းတို့ပါပဲ။

နိုင်ငံသားအများစုထံ ထိုအဖျက်တရားများ ဝင်ရောက်နေပြီး စုမိနေပြီဆိုလျှင်ဖြင့် နိုင်ငံရေး ကျိန်စာသင့်ကာ သူတစ်ပါး၏ အဝေးထိန်းစနစ်ဖြင့် မှိုင်းမိပြီးပြောသမျှယုံကာ ထာဝရလွှမ်းမိုးမှုခံရသည့်ကျွန်ဖြစ်ပြီး ငြိမ်းချမ်းမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးပါ ကမ္ဘာ့မြေပေါ်မှ ကွယ်ပျောက်သွားပါလိမ့်မည်။ ထိုဘဝမျိုး၊ အဖြစ်မျိုးကို မိမိတို့ဘယ်လိုမှအရောက်မခံ၊ အဖြစ်မခံနိုင်ပါ။ ယနေ့ခေတ် ကျောင်းဆရာများသည် စာသင်ခန်းထဲတွင် လူမမယ်မျိုးဆက်များကို ထိုအဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မယ့်ဘေးမှ ပညာစွမ်းအားဖြင့် ရွပ်ရွပ်ချွံချွံကာကွယ်နိုင်ပြီး နိုင်ငံ့ကောင်းကျိုးကို အစွမ်းကုန်သယ်ပိုးမည့် “တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများ”ကို မလွဲမသွေဖြည့်ဆည်းပေးရန် တာဝန်ရှိပါသည်။ “စာသင်ခန်းသည် ကာကွယ်ရေးမျိုးစေ့ကောင်းဖြစ်သည့် ဉာဏ်ပညာစတင်စိုက်ပျိုးရာနေရာ” ဟုဆိုပါရစေ။ သို့မှသာ မြန်မာ့လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းမှုကင်းဝေးပြီး သာယာဖွံ့ဖြိုးမှာပါ။ 

(က)အသိဉာဏ်ပညာဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေကြသူများ

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် လူငယ်ပညာတတ်များက အမျိုးသားကျောင်းဆရာ (သခင်နု၊ သခင်မြ၊ ဦးသန့်၊ ဦးရာဇတ်၊ ဦးဘဝင်း၊ ဦးဖိုးကျား...စသူများ) အလုပ်ဝင်လုပ်ကြပြီး ကျွန်ပြုခံထားရသဖြင့် “ဘဝအလင်းရောင်မဲ့” နေသော မြန်မာတိုင်းရင်းသားလူငယ်များကို “အမျိုးသားပညာရေးဖြင့် ပညာအလင်းရောင်” ထွန်းညှိပေးခဲ့ပါသည်။ တစ်တိုင်းပြည်လုံး အမျိုးသားရေးစိတ်ဓာတ်ကြွယ်ဝလာကြပြီး တွန်းလှန်ခဲ့ကြသဖြင့် နောက်ဆုံးလွတ်လပ်ရေးရကြကာ မြန်မာတို့ “သခင်ဘဝ” ပြန်ရောက်ခဲ့ကြပါသည်။ 

ပညာဉာဏ်ရောင်သည် ကျွန်ဘဝလူသားကို သခင်ဘဝဆီသို့ ပြောင်းလဲနိုင်စွမ်းရှိခဲ့သည်မှာ သမိုင်းသက်သေပါ။ လူငယ်များက ထိုအစဉ်အလာကောင်းကို မြင်တတ်ရန်နှင့် ယနေ့မြန်မာ့လူ့အဖွဲ့အစည်းဖွံ့ဖြိုးစေရန် ကျောင်းဆရာများက လူငယ်များ၏ပညာတံခါးကို ဖွင့်ပေးရပါလိမ့်မည်။ ပါမောက္ခဘဝမှ အိန္ဒိယသမ္မတကြီးဖြစ်လာသူ အဗ္ဗဒူကာလန်ကတော့ လူငယ်တို့၏ ဦးနှောက်ကို “ပညာမီးညှိ”ပေးပါတဲ့။ ကိုယ့်ခေတ်မှာ ကိုယ့်ကောင်းမွန်သည့် သမိုင်းပေးတာဝန်ဖြစ်သော ဖွံ့ဖြိုးငြိမ်းချမ်းသာယာပြီး “ဂုဏ်ရှိန်မြင့်တဲ့ မြန်မာ့လူ့ဘောင် ပေါ်ထွန်းရေး”ကို ကျောင်းဆရာများ ဆက်လက်ကျေပွန်အောင် ထမ်းဆောင်ရပါလိမ့်မည်။

(ခ)နိုင်ငံကြီးသားတွေ မွေးထုတ်ပေးနိုင်ကြသူများ

နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ သာယာမှု၊ ဖွံ့ဖြိုးမှုရှိရန်ဆိုလျှင် ထိုလူ့အဖွဲ့အစည်းဝင်တိုင်းက‘နိုင်ငံကြီးသားစိတ်ထား’ဆိုသည့် တာဝန်သိမှု၊ တာဝန်ယူမှု၊ စည်းကမ်းကို ရိုသေလေးစားတန်ဖိုးထားမှုနှင့် ကိုယ်ချင်းစာတရားများနှင့် ပြည့်စုံရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားသယ်ပိုးမှုက သူများအကျိုးမထိခိုက်စေရန်နှင့် မိမိလုပ်သမျှသည် အနည်းဆုံး မိမိဝန်းကျင်ကောင်းကျိုးသယ်ပိုးနိုင်မှု ပြည့်စုံရမည်ဆိုသည့် “ပရဟိတ” စိတ်ထားပိုင်ဆိုင်ရပါမည်။ ထို့အပြင် အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရိုင်းပင်းကူညီမှု၊ နားလည်မှု၊ လေးစားတန်ဖိုးထားမှုများ ပြည့်လွှမ်းနေမှု၊ နိုင်ငံနှင့် မိမိအသိုင်းအဝိုင်းကို နိမ့်ကျတာ မခံချင်စိတ်၊ မြှင့်တင်လိုစိတ်၊ မိမိလူမျိုးနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်း ကာကွယ်ပြီး မြှင့်တင်လိုစိတ်များလည်း ပြည့်နေရပါမည်။

အထက်ပါ မြင့်မြတ်စိတ်ထား ပိုင်ဆိုင်လာစေရန် ကျောင်းဆရာသည် ကလေးဘဝအချိန်ကတည်းက လေ့ကျင့်ပေးခြင်းဖြင့် မျိုးဆက်သစ်များတွင် ကြီးနိုင်ငယ်ညှဉ်းပြုတတ်သူ၊ အတ္တကြီးသူ၊ ရန်လိုစိတ်ကြီးသူ၊ စာနာစိတ်မရှိသူ၊ တာဝန်ယူမှုကင်းသူ၊ စည်းကမ်းမဲ့၊ တာဝန်မဲ့သူစသည့်လူ့လောက၏ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးမည့် ဗီဇဆိုး၊ ဗီဇညံ့များအားလုံး ပျောက်ကွယ်သွားပါလိမ့်မည်။ ထိုဗီဇဆိုးများပျောက်ပြီး လောကပါလတရားများ လွှမ်းမိုးနေသည့် နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူများနိုင်သမျှ များများကို ကျောင်းဆရာများက မွေးထုတ်နိုင်ပြီဆိုလျှင် လူ့အဖွဲ့အစည်းလည်း အဖျက်အန္တရာယ်ကင်းပြီး ငြိမ်းချမ်းမှုအပေါင်းနှင့် ပြည့်ဝလာပါလိမ့်မည်။ 

(ဂ)မျိုးဆက်တိုင်းကို အကျင့်စာရိတ္တမြင့်မားအောင် မြှင့်တင်နေကြသူများ

လူ့တန်ဖိုးမြင့်တက်ခြင်းနှင့် ဖွံ့ဖြိုးမှုကိုတိုင်းတာသည့် “စံပေတံ” များအနက် “စာရိတ္တ ပေတံ” သည် ရှေးအကျဆုံးနှင့် ခေတ်အမီဆုံးဖြစ်၍ ယနေ့တိုင်ထိပ်ဆုံးမှထားပြီး တိုင်းတာနေဆဲပါ။ “ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်း သာယာမှု၏ အခြေခံအုတ်မြစ်ပါပဲ၊ ပညာရေး၏ အနှစ်သာရ၊ ပညာရေး၏ အဆုံးစွန်ဆုံးပန်းတိုင်သည် အကျင့်စာရိတ္တပျိုးထောင်ရေး” ဟု ဂရိအတွေးအခေါ် ပညာရှင်ကြီး “ပလေတို” ပြောခဲ့ပါသည်။ မြန်မာ့ပညာရေးတွင် နှစ်ပေါင်းထောင်ချီပြီး ကျင့်သုံးခဲ့ သည်မှာ “ဗလငါးတန်” ခိုင်မာရေးပါ။ ထိုအထဲမှာ “စာရိတ္တဗလ”ကြံ့ခိုင်ရေးကို ရှေ့ဆုံးမှာထား လေ့ကျင့်ပေးနေပါသည်။ 

“ကလေးများကို စာရိတ္တဖွံ့ဖြိုးအောင်၊ ခိုင်မာအောင် လေ့ကျင့်မပေးဘဲ ဝိဇ္ဇာ၊ သိပ္ပံပညာရပ် သက်သက်လောက်ကိုသာ သင်ပေးလိုက်လျှင် လူ့တန်ဖိုးအစစ်ကို ချန်ထားခဲ့သည်မို့ ပညာရေး၏ အဓိကတာဝန်ကို ကျောင်းဆရာများက မျက်ကွယ်ပြုလိုက်တာပါပဲ”တဲ့။ ဒါကလည်း ဆောင်းပါးအစတွင်ပြောခဲ့သူ ဘာထရန်ရပ်ဆဲလ်၏ အဆိုပါပဲ။ ကျောင်းဆရာတို့၏ အဓိကတာဝန်ကို ချန်ထားလို့ မဖြစ်ပါ။ မဖြစ်မနေထမ်းဆောင်ရပါမည်။ အဲဒီ တာဝန်လစ်ဟင်းခဲ့၍ အနာဂတ်လူ့ဘောင်တွင် “တန်ဖိုးနိမ့်လူသား” များသာ ပြည့်လျှမ်းနေခဲ့လျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် ဖွံ့ဖြိုးမှုပန်းတိုင်နှင့် အလှမ်းကွာဝေးသွားမှာပါ။

ပညာရေးပညာရှင် “လစ်ဗင်စတုန်း” ကလည်း “သမိုင်းမှာရော ယနေ့မှာပါ ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာဆိုတာတွေက လူ့စာရိတ္တအားနည်းမှုကြောင့်ဖြစ်ပေါ်လာသည့် ပြဿနာများပါပဲ”တဲ့။ စာရိတ္တသည် လူ့သမိုင်းနှင့်ချီပြီး ခိုင်မာလာခဲ့သည့် လူသား၏တန်ဖိုးအစစ်အမှန်ပါ။ လူ့အဖွဲ့အစည်းငြိမ်းချမ်းဖို့၊ သာယာဖို့တည်ရှိလာခဲ့တာပါ။ ချည့်နဲ့ယိမ်းယိုင်ခဲ့လျှင် လူ့သမိုင်းဒုက္ခနှင့် ရင်ဆိုင်ရတော့တာပါပဲ။ လူ့သမိုင်းဘယ်လိုတိုးတက်တိုးတက်၊ ထိုတိုးတက်တာနှင့်အတူယှဉ်တွဲပြီး အတူပါလာသည်မှာ “ကြံ့ခိုင်တဲ့ စာရိတ္တမဏ္ဍိုင်” ပါပဲ။ သူကသာ ဖွံ့ဖြိုးမှုအစစ်အမှန်ကို ထိန်းသိမ်းနိုင်စွမ်းရှိလို့၊ လမ်းညွှန်ပြနိုင်လို့ပါ။ 

စစ်မှန်တဲ့ လူ့တန်ဖိုးဆိုတာ ရိုးသားမှု၊ တရား မျှတမှု၊ နိုင်လိုမင်းထက်ကင်းမှု၊ သည်းခံမှု၊ မနာလို ဝန်တိုမှုစိတ်ကင်းမှု၊ လူ့ကျင့်ဝတ်နှင့်စည်းကမ်းကို ရိုသေလေးစားမှုနှင့် စာရိတ္တမြင့်မားမှုစတာတွေပါ။ ယနေ့ မိမိတို့၏ ကျောင်းဆရာများတွင် ထိုတန်ဖိုးကိုဦးထိပ်ထားပြီး ကိုယ်တိုင်လည်းကျင့်ကြံကာ လူငယ်များကိုလည်း လေ့ကျင့်ပေးနိုင်ပါမှသာ စာရိတ္တခိုင်မာသော ဖွံ့ဖြိုးငြိမ်းချမ်းမှုပြည့်လျှမ်းသည့် နိုင်ငံ့၏အုတ်မြစ်ကို ချနိုင်စွမ်းရှိကြပြီးနိုင်ငံကို ကာကွယ်ပေးနေသော “ကျောင်းဆရာ” ဘဝရောက်ကြမှာပါ။

(ဃ)    အမျိုးသား “စံ” များပျက်သုဉ်းမှုကို ထိန်းသိမ်း ကာကွယ်နေကြသူများ

ပညာရှင်များက “ကမ္ဘာ့လူမျိုးစုငယ်လေးများ အလျင်အမြန်ပျောက်ကွယ်နေပါပြီ။ ထိန်းသိမ်းပေး ကြပါတဲ့။” လူမျိုးကွဲများနှင့် သွေးနှောပြီး လူမျိုခံရ၍မဟုတ်ပါ။ လူမျိုးတစ်မျိုးလို့ သတ်မှတ်နိုင်သည့် “အမျိုးသားစံ”များဖြစ်သည့် “ဘာသာစကား”၊ “စာပေ”၊ “အနုပညာ”၊ “ဂီတ”၊ “ရိုးရာဓလေ့”နှင့် “ဝတ်စားဆင်ယင်မှု” များ ပျောက်ဆုံးကုန်လို့ပါ။ အရှေ့တိုင်းဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုက နည်းမျိုးစုံဖြင့် ထိုးဖောက်ပြီး ဖျက်ဆီးခြင်းကို ခံနေရပါသည်။ ထို့အတူ ဘာသာစကားကြီးငါးမျိုး၊ (တရုတ်၊ အာရေဗျ၊ ဟင်ဒီ၊ အင်္ဂလိပ်နှင့် စပိန်) တို့က ဝါးမြိုသဖြင့် ကမ္ဘာ့ဘာသာစကားငယ်ပေါင်း နှစ်စဉ် ၁၀၀ ခန့် ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ ပါသတဲ့။ 

ယနေ့ ၂၁ ရာစုနှင့် ခေတ်မီပညာရေးဆိုသည်မှာ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုး၏ ယဉ်ကျေး မှုအား ဝင်ရောက်ကျူးကျော်လွှမ်းမိုးသည်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ပြီး မိမိလူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်စွမ်းရှိနေအောင် လေ့ကျင့်ပေးရမည့်ပညာရေးပါ။ ဤသို့ နိုင်ငံနှင့်လူမျိုး၏ “အမျိုးသားစံ” များကို ကာကွယ်ထိန်းသိမ်းရင်း မိမိလူမျိုး၊ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးခြင်းဆီသို့ ချီတက်သွားနေသည့် ပညာရေးသည် “မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ပညာရေး” အမျိုးအစားပါ။

အမျိုးသားရေး ကိုယ်ခံစွမ်းအားနည်းသည့် ဒေသများတွင် လူမျိုးစုငယ်များ၏ “စံ” များ အလျင် အမြန်ပျောက်ဆုံးနေသည်ကို ကမ္ဘာတစ်ဝန်းမှာ တွေ့ရပါသည်။ ကျောင်းဆရာသည် ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်မြှင့်တင်ပေးရန် တခြားလူတန်းစားထက် ပိုမိုတာဝန်ရှိသည်ဖြစ်၍ အထူး သဖြင့် တိုင်းရင်းသားပေါင်းစုံသည့် မိမိတို့နိုင်ငံတွင် မိမိနှင့်နီးစပ်ရာ ယဉ်ကျေးမှုကို ကိုယ်တိုင်နားလည် ကာယင်းကိုချစ်တတ်၊ မြတ်နိုးတတ်ပြီး မြှင့်တင်နိုင်သည့် ခွန်အားနှင့်လည်း ပြည့်စုံရပေမည်။ နိုင်ငံသူနိုင်ငံသားများ၏ “အမျိုးသားစံ”များ ပျောက်ပြီး လူမျိုးကွယ်ပျောက်မည့် အန္တရာယ်ကို တားဆီး ကာကွယ်ရန်အတွက် မိမိနိုင်ငံနှင့် လူမျိုး၏ “ဝိသေသစံ” များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် ကျောင်းဆရာများက မြန်မာတိုင်းရင်းသား မျိုးဆက်သစ်များကို မလွဲမသွေ လေ့ကျင့်သင်ကြားပေးရမည့်အချိန်ပါ။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အမျိုးသားကျောင်းဆရာများက မိမိတို့၏ တပည့်များကို အမျိုးသားရေးသန္ဓေမျိုးစေ့တွေ ချပေးခဲ့ပါသည်။ 

ကိုယ့်ယဉ်ကျေးမှု၊ စာပေ၊ စကားအပေါ် အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုကျူးကျော်မှုကို တွန်းလှန်ကာကွယ်ခဲ့သဖြင့် မြန်မာစာပေနှင့် မြန်မာ စကားသည် ယနေ့တိုင်ထည်ထည်ဝါဝါဖြင့် တည်ရှိနေဆဲပါ။ ယနေ့မှာ မိမိတို့နိုင်ငံသည် ကမ္ဘာကို လွှမ်းမိုးသော ဘာသာစကားကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် ဟင်ဒီဘာသာစကားတွေကြားမှာ ရောက်နေသည်မို့ အလွန်စိုးရိမ်နေရသော အချိန်နှင့် အခြေအနေပါ။ ပြီးတော့ကမ္ဘာသုံးစကားဖြစ်သည့် အင်္ဂလိပ်စာကိုလည်း သင်ယူနေသေးတာကြောင့် ယနေ့မြန်မာကျောင်းဆရာများသည် သတိအမြဲကပ်ပြီး မိမိတို့၏ စာပေနှင့်ဘာသာစကားကို ထိန်းသိမ်းကာကွယ်မြှင့်တင်နေရပါလိမ့်မည်။ တစ်ချိန်ကမြင့်မားသည့် သမိုင်းအစဉ်အလာကောင်းကို မလွဲမသွေ ဆက်လက်ထိန်းသိမ်းနိုင်ပါမှ မြန်မာစာ၊ မြန်မာစကားနှင့် ရိုးရာယဉ်ကျေးမှုများသည် ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့ရှင်သန်ဖွံ့ဖြိုးနိုင်မှာပါ။

(ဆက်လက်ဖော်ပြပါမည်)

Source-Myawady Webportal

မိခင်နို့တိုက်ကျွေးခြင်းနှင့် အကျိုးဆက်များ

Posted_Date

Image

မိခင်နို့တိုက်ကျွေးခြင်းနှင့် အကျိုးဆက်များ

Body

ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာများ တိုးတက်ထွန်းကားလာသော်လည်း ထိုပညာများဖြင့် မဖန်တီးနိုင်သောအရာများရှိနေသည်။ ထိုအထဲတွင် မိခင်၏နို့ရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးသိပ္ပံပညာများ မည်မျှပင်တိုးတက်စေကာမူ ယင်းဆေးပညာများဖြင့် မိခင်နို့ရည်နှင့် အစွမ်းအာနိသင်တစ်ထပ်တည်းတူညီသော နို့ရည်ကို မဖန်တီးမထုတ်လုပ်နိုင်ပါ။ မိခင်၏နို့ရည်သည် မေတ္တာ၊ စေတနာ၊ ကရုဏာများဖြင့် ပေါင်းစပ် ထွက်ပေါ်လာသော မိခင်၏ နှလုံးသွေးအဖြူပင်ဖြစ်သည်။ သားသမီးငယ်တို့ သောက်သုံးရှင်သန် ကြီးထွားရန်အတွက် မိခင်၏ အနီရောင်နှလုံး သွေးရည်များသည် မိခင်၏ မေတ္တာတန်ခိုးကြောင့် ချိုမြိန်၍ အာဟာရပြည့်ဝသော အဖြူရောင်နို့ရည် ဖြစ်သွားရပါသည်။

မွေးကင်းစမှ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ကျွေးသင့်

အချို့သောသူများတွင် ကလေးငယ်ကို မိခင်နို့ချိုတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မှားယွင်းသော အတွေးအခေါ်အယူအဆများ၊ လုပ်ရပ်အမှားများ ရှိနေပါသည်။ မွေးကင်းစကလေးငယ်ကို မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် လုံလောက်သောအာဟာရ မရရှိနိုင်ဟူသော အယူအဆဖြစ်သည်။ စနစ်ဟောင်းခေတ်ဟောင်းမှ အရိုးစွဲပါလာသော အယူအဆမှားများဖြစ်သည်။ အမှန်စင်စစ်ကလေးငယ်မွေးစမှ ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးရုံဖြင့် လိုအပ်သော အာဟာရဓာတ်ကို ရရှိသည်။ ကလေးငယ်အသက်ခြောက်လကျော်မှသာ အခြားသင့်တော်သော ဖြည့်စွက်စာများ တွဲဖက်ကျွေးနိုင်သည်။ သို့သော်လည်း မိခင်နို့ရည်ကို ဆက်လက်တိုက်ကျွေးပေးနေရမည်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးရာတွင် မွေးကင်းစမှ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ကျွေးသင့်သည်ဟု ပညာရှင်များက ဆိုပါသည်။ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အရွယ်သည် ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သည့် အရွယ်ဖြစ်၍ မိခင်နို့ရည်သည် ကလေးငယ်အတွက် များစွာအထောက်အကူဖြစ်သည်။ 

မိခင်နို့ရည်တွင် အာဟာရဓာတ်များနှင့်အတူ ရေဓာတ်လည်း ၈၇ ရာခိုင်နှုန်းပါဝင်သည်။ ထို့ကြောင့် ကလေးငယ်အတွက် အာဟာရဓာတ်သာမက ရေဓာတ်ကိုပါ ဖြည့်ဆည်းပေးနိုင်သည်။ ပူပြင်းသော နွေရာသီ၌ပင်လျှင် ကလေးငယ်ရေမငတ်နိုင်ပေ။ ထို့အပြင် မွေးကင်းစကလေးငယ်များ အသက်ရှင်သန်စေလိုလျှင် မိခင်နို့ရည်ကို တိုက်ဖြစ်အောင် တိုက်ကျွေးရန် လိုအပ်ပါသည်ဟု ဆေးပညာရှင်များက သုတေသနပြုလုပ်ချက်သက်သေများဖြင့် တိုက်တွန်းပြောကြားခဲ့ပေသည်။ ကလေးငယ်ကို မွေးပြီးပြီးချင်း အချိန်တစ်နာရီအတွင်း မိခင်၏ နို့ဦးရည်ကို တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်များ သေဆုံးမှုနှုန်းကို သိသာစွာ လျော့ကျစေသည်ဟု ဆိုပါသည်။ မိခင်နို့ရည်ကို ကလေးငယ်အား တိုက်ကျွေးခြင်းဖြင့် ကလေးငယ်အတွက် ကောင်းမွန်သောစိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ ရရှိစေနိုင်သည်။ မိခင်က ကလေးငယ်ကို ရင်ခွင်တွင် ယုယပိုက်ထွေးလျက် နို့ချိုတိုက်ကျွေးစဉ်မိမိ၏ရင်သွေးကို တစိမ့်စိမ့်ရှုကြည့်ကာ နှလုံးသားမှ အကြင်နာမေတ္တာဓာတ်များ တဖွားဖွားပေါ်ပေါက်နေမည်ဖြစ်သည်။ ထို့အတူ ကလေးငယ်ကလည်း မိခင်၏ မေတ္တာကရုဏာကို အကြွင်းမဲ့နားမလည်သည့်တိုင် မိခင်အပေါ် ချစ်ခင်အားကိုးမှုဖြင့် မေတ္တာသံယောဇဉ်တို့ ပြန်လည်ရစ်ပတ် နှောင်တွယ်နေလိမ့်မည်ဖြစ်သည်။

မိခင်နို့ရည်သည် ကလေးငယ်ကို အာဟာရပေးရုံသာမက ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုင်ရာရောဂါများနှင့် အခြားရောဂါများကို တားဆီးကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများရှိသည်။ ကလေးငယ်၏ သွေးသားထဲတွင် မိခင်၏ နို့ရည်အာဟာရများ စီးဝင်လှည့်ပတ်နေပြီဆိုလျှင် ကလေးငယ်၏ ဘဝတစ်ခုလုံး မဟာတံတိုင်းကြီးကာရံထားသကဲ့သို့ လုံခြုံအေးချမ်းနေပေသည်။ ထို့ကြောင့် ကလေးငယ်သည်အားငယ်ကြောက်ရွံ့မှုများ ကင်းဝေးကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရှိနေပါသည်။

မိခင်နို့ရည်တွင် ဤသို့သော အာနိသင်ထူးများ ရှိနေသော်လည်း ယခုအခါ ကမ္ဘာပေါ်တွင် အချို့မိခင်များသည် ကျန်းမာရေးကိစ္စ၊ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတို့ကို ရှေ့တန်းတင်ကာ မိမိတို့၏ ကလေးငယ်များကို နို့ချိုတိုက်ကျွေးရန် ဝန်လေးနေကြသည်။ မည်သို့ပင်ဖြစ်စေ မိခင်၏ကျန်းမာရေးအခြေအနေကြောင့် နို့မထွက်မှသာ အခြားနည်းလမ်းကို စဉ်းစားသင့်သည်။ သို့ရာတွင် မိခင်အများစုသည် မိမိ၏ရင်သွေးကို နို့ချိုတိုက်ကျွေးလိုသည့် မေတ္တာစေတနာဖြင့်ပင် အခက်အခဲအားလုံးကို ကျော်လွှားနိုင်ကြသည်ပင်ဖြစ်သည်။

မိခင်နို့မစို့ရသောကလေးတို့၏ စိတ်ဓာတ်နှင့် အမူအကျင့်

နို့ချိုမတိုက်ကျွေးဘဲ အခြားအာဟာရများဖြင့် အစားထိုးဖြေရှင်းခြင်း၏ အကျိုးဆက်အဖြစ် မွေးကင်းစကလေးများ သေနှုန်းမြင့်မားလာကြောင်း တွေ့ရသည်။ နို့ချိုတိုက်ကျွေးခြင်းမခံရသော ကလေးများသည် မသေပျောက်လျှင်လည်း ရောဂါအမျိုးမျိုး ထူပြော၍ ကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေလေသည်။ ထို့အပြင် နောက်ထပ်ဆိုးရွားသည့် ပြဿနာတစ်ရပ်မှာ မိခင်နို့မစို့ရသောကလေးတို့၏ စိတ်ဓာတ်နှင့် အမူအကျင့်တို့သည် ခက်ထန်ရိုင်းစိုင်းနေတတ်ခြင်းပင်ဖြစ်သည်။ လူမှုဗေဒပညာရှင်များသည် အချိန်ကာလအစောပိုင်းကပင် ယင်းပြဿနာကို ကောင်းစွာသတိပြုမိခဲ့ကြသည်။ သားသမီးတို့က မိဘတို့အပေါ် တစ်စတစ်စအရိုအသေတန်လာကြခြင်းမှာ ငယ်စဉ်က မိခင်နို့ရည်ကို မသောက်သုံးခဲ့ရခြင်းကြောင့်ဟု သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် ကလေးငယ်ကို မိခင်နို့တိုက်ကျွေး မှုပျက်ယွင်းခဲ့ခြင်းသည် သားသမီးနှင့် မိဘအကြား ခိုင်မြဲမည့် မေတ္တာနှောင်ဖွဲ့မှုကို ပျက်ပြားစေပြီး မေတ္တာကရုဏာခေါင်းပါးသည့် လူ့အဖွဲ့အစည်းဆီသို့ ဦးတည်နေမည်ဖြစ်သည်။ 

မိခင်နို့ အောင်မြင်စွာ တိုက်ကျွေးရေးအဆင့် ၁၀ ဆင့်

ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်နို့ တိုက်ကျွေးရေးဆိုင်ရာ မူဝါဒများချမှတ်၍ မိခင်နို့ အောင်မြင်စွာတိုက်ကျွေးရေးအဆင့် ၁၀ ဆင့်ကို မြှင့်တင်ပေးခဲ့သည်။ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများ အောင်မြင်စေရန် မိခင်လောင်းများကို သင်တန်းအမျိုးမျိုး ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ကိုယ်ဝန်ဆောင်မိခင်များ အသိပညာဗဟုသုတပြည့်ဝစေရန် စဉ်ဆက်မပြတ် လမ်းညွှန်ပေးလျက် မိခင်နို့စနစ်တကျတိုက်ကျွေးနိုင်ရေးအတွက် မိခင်နို့တိုက်ကျွေးရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားစေလျက်ရှိသည်။

ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံက “ကလေးငယ် တစ်ယောက်၏ အနာဂတ်ပန်းတိုင်သည် မိခင်တစ်ယောက်၏ ဗိသုကာလက်ရာဖြစ်၏။”ဟု ဆိုခဲ့သည်။ ထို့ကြောင့် မိခင်တို့သည် မည်မျှကြီးလေးသော တာဝန်ဝတ္တရားများကို များပြားစွာ ထမ်းဆောင်နေရပါစေ၊ မိမိတို့၏ ကလေးငယ်များကို အခက်အခဲများကြားမှပင် အချိန်ပေးကာ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် နို့ချိုတိုက်ကျွေးသင့်ကြပါသည်။ သို့ဆိုလျှင် အာဟာရပြည့်ဝသော မေတ္တာကရုဏာ အပြည့်အဝရရှိသော ရင်သွေးငယ်များအဖြစ် မွေးဖွားကြီးပြင်းလာ၍ စွမ်းရည်ထက်မြက်မြင့်မားသည့် လူတော်လူကောင်းကလေးများ ဖြစ်လာကြပြီး မိခင်၏ ပုခက်လွှဲသောလက်သည် ကမ္ဘာကို စိုးမိုးနိုင်သည် ဆိုသည်မှာလည်း အမှန်ပင်ဖြစ်နေပေလိမ့်မည်။ ။

Source-Myawady Webportal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုးဆန်သည့် အဲန်လူမျိုးများ

Posted_Date

Image

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုးဆန်သည့် အဲန်လူမျိုးများ

Body

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင် ကျေးရွာမှာ  အဲန်လူမျိုးအများစု နေထိုင်ကြပါတယ်။ အဲန်လူမျိုးတွေဟာ အနက်ရောင်ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်ပြီး ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြကာ သွားမည်းမှလှတယ်လို့ ယူဆကြတဲ့အတွက်သူတို့ရဲ့သွားတွေကို မည်းနေအောင် ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးတွေနဲ့ ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးတွေရဲ့ ရှေးကျတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိကဆွဲဆောင်နေပါတယ်။

သူတို့ရဲ့သွားတွေကို မည်းအောင်မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင်မှိုင်းတိုက်ပြီးသွားတွေကို သူတို့ရဲ့အသက် (၁၂)၊ (၁၃) နှစ် အရွယ်မှာကတည်းက စတင်သုတ်လိမ်းကြပြီး သစ်ရွက်ခြောက်၊ ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစ်စေဝါးလေ့ရှိပါတယ်။ အမျိုးသား အမျိုးသမီးအားလုံး နားပေါက်ဖောက်ကြကာ သူတို့ရဲ့ရိုးရာပွဲနေ့တွေမှာ ပန်းတွေထည့်ပန်ကြပြီး ငွေလက်ကောက်တွေ အမြဲဝတ်ဆင်ကာ ဖိနပ်လည်း စီးလေ့မရှိတဲ့ သူတို့ရဲ့ လူနေမှုပုံစံတွေက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

အဲန်လူမျိုးတွေဟာ တောင်ယာစပါး၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနဲ့ အမဲလိုက်ခြင်းတို့ကို အဓိကလုပ်ကိုင် ရပ်တည်နေထိုင်ကာ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတစ်စုဖြစ်ပြီး သီသန့်နေထိုင်ရာ ကမ္ဘာလေးကဲ့သို့ တွေ့မြင်ရပါတယ်။ အဲန်လူမျိုးတွေဟာ တောစောင့်နတ်၊ တောင်စောင့်နတ်နဲ့ သေဆုံးသွားတဲ့ ဘိုးဘေးနတ်တွေကို ကိုးကွယ်ယုံကြည်ကြပါတယ်။ ရိုးရာနတ်ပွဲကို ဆောင်းအကုန် နွေအကူးကာလမှာ အမဲလိုက်ကြပြီး ရရှိလာတဲ့သားကောင်နဲ့ ပူဇော်ပွဲပြုလုပ်ကြပါတယ်။ ရွာထဲမှာ လူမျိုးတွေရဲ့ ရိုးရာနတ်စင်တစ်စင်ကို တွေ့ရှိရမှာဖြစ်ပြီး ရွာရဲ့ နတ်ဆရာအိမ်မှာ သူတို့ပူဇော်နေတဲ့ နတ်ကိုခေါ်ဖို့ ဗုံကြီးတစ်လုံးရှိပါတယ်။ အဲဒီဗုံကြီးကို ရိုးရာနတ်ပူဇော်ပွဲမှာ အမျိုးသားတွေသာ တီးကြရပြီး ဗုံတီးပူဇော်ခြင်းဖြင့် ရွာထဲကို မကောင်းဆိုးရွားတွေ မဝင်ရောက်နိုင်ကြောင်း၊ ရန်သူတွေက သူတို့ကိုမတွန်းလှန်နိုင်ကြောင်းနဲ့ ဆန်ရေစပါးပေါကြွယ်ဝကြောင်း ယုံကြည်ကြပါတယ်။

အဲန်လူမျိုးတွေဟာ အဲန်ကိုယ်ပိုင်ဘာသာစကားနဲ့ ရှမ်းဘာသာစကားကို အဓိကပြောဆိုကြပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ အဲန်ရွာစုစုပေါင်း ၄၀ မှာ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။ 

အဲန်လူမျိုးတွေဟာ ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင်အုပ်စု တစ်စုဖြစ်ပြီး မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ စာရင်းဝင်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုမှာ အဲန်လူမျိုးတွေနေထိုင်တဲ့ နမ့်လင်မိုင်၊ နမ့်လင်းကောင်၊ ပါးလို့၊ ပါကျော့၊ ပန်လေ၊ ဝမ်နောင်၊ တပ်ထပ်၊ ဝခါးစတဲ့ ကျေးရွာ ခုနစ်ရွာရှိပြီး မိုင်းလန်းကျေးရွာအုပ်စုမှာ တစ်ရွာ၊ မိုင်းခတ်မြို့နယ်မှာ ၁၃ ရွာ မိုင်းဖြတ်မြို့နယ်မှ လေးရွာတွေ့ရှိရပါတယ်။

ယခုအခါမှာ အဲန်လူမျိုးအများစု နေထိုင်ရာရွာလေးကိုတော့ အစိုးရက ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောင်ရွက်ပေးထားပြီဖြစ်ပေမယ့် ရှေးရိုးရာလူနေထိုင်မှုကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်ကြတဲ့ အဲန်လူမျိုးတွေရဲ့ အလေ့အထကတော့ လေ့လာဖို့ကောင်းတဲ့အတွက် ကျိုင်းတုံဒေသကို အရောက်သွားဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။

Source-Myawady Webportal