မြေကြီးက ရွှေသီးစေရမည်

Posted_Date

Image

မြေကြီးက ရွှေသီးစေရမည်

Body

လူသားတို့အတွက် သဘာဝတရားကြီးက မြေ၊ ရေ၊ လေဟူသော လက်ဆောင်ကြီးသုံးခုကို ပေးအပ်ထားသည်။ အဆိုပါလက်ဆောင်သုံးခုကို    လူသားတို့ကောင်းကျိုးအတွက် အသုံးပြုနိုင်ရပေမည်။ မြေကြီးသည် သူ့အပေါ်တွင် သက်ရှိသက်မဲ့အရာ အားလုံးကို နေထိုင်ခွင့်ပြုထားပေရာ လူသားတို့အတွက် မရှိမဖြစ်သောကျေးဇူးရှင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။  မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်  သယံဇာတပြည့်စုံများပြားလှသည်။ “မြေကြီးက ရွှေသီးသည်”ဟူသောစကားမှာ တင်စားပြောဆိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ  လူသားတို့၏အသိပညာ၊ အတတ်ပညာများကို သဘာဝတရားနှင့်ပေါင်းစပ်အသုံးချကာ လူတို့အတွက်  စား၊ ဝတ်၊ နေရေးမှ အရေးကြီးဆုံးဖြစ်သည့် စားရေးအတွက် လိုအပ်သည့်   စားပင်သီးပင်များ အောင်မြင်စွာဖြစ်ထွန်းလာအောင် စိုက်ပျိုးနိုင်ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက်  မြေကြီးဆိုသည်မှာ  အလွန်တန်ဖိုးရှိလှသည်။

ထို့အတူ ရွှေဆိုသည်မှာလည်း လူတိုင်းနှစ်သက်စွဲလမ်းစွာ  ဝတ်ဆင်ကြသော တန်ဖိုးကြီးသတ္တုတစ်မျိုးဖြစ်သည်။ အလွန်တန်ဖိုးရှိသည့်မြေကြီးမှ အလွန်တန်ဖိုးရှိသည့် ရွှေထွက်ပေါ်လာသကဲ့သို့ စားရေးအတွက်  အရေးပါသော တန်ဖိုးရှိသည့် သီးပင်စားပင်များ ဖြစ်ထွန်းလာစေခြင်းကို တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။

အဓိကအားဖြင့် မြေကြီးနှင့်စဉ်ဆက်မပြတ်  ထိတွေ့ဆက်ဆံဆောင်ရွက်ရမည့်လုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်သည်။

မြန်မာတို့ပိုင်ဆိုင်သော မြန်မာ့မြေတွင် မြန်မာတို့စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်ရာဝယ်မိမိတို့စိုက်ပျိုးချင်သည့် သီးနှံအပေါ်မူတည်၍ မြေကိုပြင်ဆင်စိုက်ပျိုးကြရမည်ဖြစ်သည်။   စိုက်ပျိုးရေးဟုဆိုရာတွင်  “ကောက်ပဲသီးနှံ”ဟူသောဝေါဟာရကို သုံးကြသည်မှာ လယ်ယာသီးနှံ၊ စက်မှုသီးနှံ၊ ဆီထွက်သီးနှံအားလုံးကို ကိုယ်စားပြုခြင်းဖြစ်သည်။ စာပေလောကတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းအမည်များကိုစုပေါင်း၍ “စာနယ်ဇင်း”ဟုခေါ်သကဲ့သို့ဖြစ်သည်။

စိုက်ရေးပျိုးရေးတွင် မြေကြီးသည် အကောင်းဆုံး  သွင်းအားစုဖြစ်သည်။ 

မြေကြီးသည် အပင်အတွက် အာဟာရ၊ အောက်ဆီဂျင်နှင့် ရေကိုသိမ်းဆည်းပေးနိုင်ခြင်း၊ သီးနှံအကြွင်းအကျန်နှင့်စားကျက် အကြွင်းအကျန်များအား   မြေကြီးကိုအသုံးပြု၍  မြေဆွေးပြုလုပ်နိုင်ခြင်း၊ အပင်များထောင်မတ်နေစေရန် ကူညီပေးနိုင်ခြင်း စသည့်အရေးပါသည့် အရာဖြစ်သည်။ မြေကြီးတွင် အဓိကပါဝင်သောပစ္စည်းလေးမျိုးမှာ  သတ္တုပစ္စည်းများ(ကျောက်စရစ်၊ သဲ၊ နုန်း၊ ရွှံ့အစရှိသည်…)၊ အော်ဂဲနစ်ပစ္စည်းများ (အပင် အကြွင်းအကျန်၊   တိရစ္ဆာန်အကြွင်းအကျန်၊ အဏုဇီဝသက်ရှိ အစရှိသည်…)၊  ရေ(မြေ၏စိုစွတ်မှု ၃၀ မှ ၅၀ ရာခိုင်နှုန်း)နှင့်  လေ(အောက်ဆီဂျင်နဲ့  ကာဗွန်ဒိုင်အောက်ဆိုက်)တို့ဖြစ်သည်။  အထက်ပါတို့ကိုပေါင်းစပ်ပြီး  မြေကြီးဟုခေါ်ခြင်းဖြစ်သည်။

အထက်ပါမြေကြီးပေါ်တွင်  ကောက်ပဲသီးနှံစိုက်ပျိုးရာ၌  သိရှိပြီးဖြစ်သည့် လိုအပ်ချက်များမှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည်။ အမျိုးအစား ပို၍ကောင်းခြင်းကို  နေရာကဏ္ဍတိုင်းတွင်  အလိုရှိကြသည်။  လူတို့တွင်   အမျိုးကောင်းသား၊ အမျိုးကောင်းသမီးဆိုသကဲ့သို့ ကောက်ပဲသီးနှံစိုက်ပျိုးမှုတွင်လည်း မျိုးကောင်းမျိုးသန့်သည် အဓိကဖြစ်၍ “မျိုးစေ့မမှန် ပင်မသန်”   ဆိုစကားပင်ရှိထားသည်။

မျိုးကောင်းမျိုးသန့်   ရရှိရေးအတွက် ပညာရှင်များက သုတေသနပြုကြရသည်။

စမ်းသပ်တီထွင်မှုပြုကြသည်။ ပြည်တွင်းမှာသာမက ပြည်ပကအောင်မြင်ဖြစ်ထွန်းသော သီးနှံအလိုက်မျိုးများကို လေ့လာမှတ်သားရသည်။

ကောက်ပဲသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်သည် အပင်တစ်ပင်အတွက်  အမြစ်ပင်ဖြစ်သည်။ ထိုအမြစ်ခိုင်မာရှင်သန်ရေး အတွက်  လိုအပ်သည်မှာမြေဖြစ်သည်။ မြေကိုအလှဆင်ရမည်ဆိုသည်ထက် သက်ရှိလူသားတစ်ဦးကို ပြုစုရသကဲ့သို့ပမာတူလှသည်။    စိုက်ပျိုးရေးတွင် နှစ်ပေါင်းကြာရှည်စွာ ရှိနေသည့်ဆောင်ပုဒ်တစ်ခုမှာ “ညက်ညက်ထွန် စိပ်စိပ်စိုက်”ဟူ၍ဖြစ်သည်။ မြေကြီးကို ကြေညက်နေအောင် ထွန်ပေးရသလို မြေကြီးပေါ်တွင် သီးနှံအလိုက်သတ်မှတ်ထားသည့် မျိုးစေ့နှင့်အပင်အရေအတွက်ကိုလည်း ပြည့်မီစေရန်  စိုက်ပျိုးရမည်ဖြစ်သည်။

သူ့အတိုင်းအတာနှင့်  သူ့အချိုးအစားအလိုက် မြေဩဇာထည့်သွင်းပေးကြရသည်။

မျိုးကောင်းမျိုးသန့်ရရှိပြီဆိုသည်နှင့် ကောက်ပဲသီးနှံများကို မြေကြီးတွင် စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ရေသည် စိုက်ပျိုးမှုကွင်းဆက်တစ်လျှောက်လုံးတွင် အရိပ်တကြည့်ကြည့်နှင့် ရှိနေရမည်ဖြစ်သည်။ ရေနှင့်ကင်းကွာသောအခါ  ကောက်ပဲသီးနှံများ ဖြစ်ထွန်းနိုင်မည် မဟုတ်သည့်အတွက် ရေရရှိရေးစီမံကြရသည်။ မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ မြေအောက်ရေစသည်တို့မှ   ရေကိုရအောင်ယူကြရမည်။ ကောက်ပဲသီးနှံရှင်သန်ကြီးထွား လာရေးအတွက် ရေလိုအပ်ချိန်တွင် ရေကိုအဆင်ပြေစွာ   ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။   ထမင်းအသက်ခုနစ်ရက်၊   ရေအသက် တစ်မနက်ဆိုသည်နှင့်အညီ ရေသည် အပင်များအတွက် အရေးပါလှသည်။ စိုက်ပျိုးရေးတွင် စိုက်ပျိုးရေနှင့်အောင်ရေ  နှစ်မျိုးလုံးကို အချိန်နှင့်တစ်ပြေးညီ  အသုံးပြုနိုင်ရမည်ဖြစ်သည်။ ရေများလျှင်လည်း  သီးနှံပျက်စီးနိုင်သကဲ့သို့ ရေနည်းလျှင်လည်း အောင်မြင်မှုနည်းပါးပေလိမ့်မည်။

မျိုး၊  မြေ၊  ရေဟူသော  ညီနောင်သုံးဖော်တို့ ပြိုင်တူလှုပ်ရှားနိုင်ရေးအတွက် ဦးဆောင်ထိန်းကျောင်း ပေးရမည်မှာ နည်းပညာဖြစ်သည်။  နည်းပညာသည် ကောက်ပဲသီးနှံအားလုံး၏  အနှစ်ချုပ်သို့မဟုတ်  ခေါင်းဆောင်ဖြစ်သည်ဟုဆိုနိုင်သည်။ နည်းပညာချို့တဲ့နေလျှင် အောင်မြင်မှုပန်းတိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သို့ရောက်ရှိနိုင်မည် မဟုတ်ပေ။  စိုက်နည်းမှန်မှ အထွက်နှုန်းမှန်မည်ဖြစ်သည်။ တိတိကျကျဆိုရသော် မြေကြီးကရွှေသီးနိုင်မည်သာဖြစ်သည်။

အထက်ပါအတိုင်း  စိုက်ပျိုးရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်လျှင်၊  မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ခေတ်မီနည်းစနစ်များနှင့်  စိုက်ပျိုးမည်ဆိုလျှင်  သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းစွမ်းအားများ  တိုးချဲ့ခြင်း၊  အထွက်တိုးအောင်လုပ်ဆောင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျှင်  စိုက်ပျိုးရေးကဏ္ဍက ထုတ်ကုန်နှစ်ဆတိုးမြှင့်ကာ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သည်။  စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ်လာလျှင် ပြည်တွင်းစားသုံးမှုဖူလုံသည့်အပြင် ပိုလျှံမှုကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ပြည်ပဝင်ငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။  မြန်မာနိုင်ငံက တောင်သူလယ်သမား လုပ်ငန်းရှင်များအတွက် “မြေကြီးကရွှေသီး”ခြင်းပင်ဖြစ်သည်။

စိုက်ပျိုးရေးထွက်ကုန်များတွင် မြန်မာလူမျိုးတို့  အဓိကထားစားသုံးသည့် ဆန်စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ဝါ၊ ပဲပုပ်၊ နေကြာ၊ အာဟာရဓာတ်ပြည့်ဝစွာပါဝင်သည့်  ပဲအမျိုးမျိုး၊နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၊  သစ်သီးဝလံအမျိုးမျိုးနှင့် အခြားထုတ်ကုန်များ   ထုတ်လုပ်ရန် ကုန်ကြမ်းသီးနှံ   အစရှိသည်တို့ပါဝင်သည်။   စိုက်ပျိုးရေးထွက်ကုန်များကို အရေအတွက်ရော၊   အရည်အချင်းပါ ကောင်းမွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပကတင်သွင်းနေရမှုများ  လျှော့ချ နိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျလာမည်ဖြစ်သည်။  နိုင်ငံခြားငွေသုံးစွဲရမှုလျော့ကျလျှင်   ပြည်တွင်းငွေကြေးလည်ပတ်မှုများ  တည်ငြိမ်တိုးတက်ကောင်းမွန်လာပြီး   နိုင်ငံစီးပွားရေး မြင့်တက်လာနိုင်သည်။ နိုင်ငံစီးပွားရေး တိုးတက်လာပြီဆိုလျှင်  ပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများပါ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ “မြေကြီးကရွှေသီး”ခြင်း၏   အကျိုးဆက်များပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား  တွေ့ဆုံအမှာစကား ပြောကြားရာတွင်  “တိုင်းပြည်သာယာဝပြောစေရေးမြေကြီးက   ရွှေသီးအောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးကရွှေသီးမည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဆိုပါက  ကုန်ဈေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေး ထုတ်ကုန်များ  တိုးမြှင့်ထုတ်လုပ်နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက် လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေသည်လည်း  တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဖြစ်ထွန်း အောင်မြင်ပြီး ပြည်ပဈေးကွက် လိုအပ်ချက်ရှိသည့်   ဆန်၊ ပြောင်း၊ ကော်ဖီတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့်  နိုင်ငံတော်အစိုးရသည် “မြေကြီးကရွှေသီး” နိုင်အောင် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာသည် မရှိမဖြစ်အရာများဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က လုပ်ငန်းရှင်များထံ ရင်းနှီး မတည်ငွေများ ပေးအပ်ထားသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်   ပြည်ထောင်စုအဆင့် MSME  ထုတ်ကုန်ပြပွဲနှင့်  ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်မှ  ၁၆ ရက်အထိ ကျင်းပပေးခဲ့သည်။  တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသည့်စကားအတိုင်း   အောင်မြင်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများကို ပြည်သူများမြင်တွေ့ကြရပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ MSME လုပ်ငန်းရှင်များအနေဖြင့်   မိမိတို့၏  လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် ငွေကြေးလိုအပ်ချက်ရှိပါက   မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် ၁၆ ခုတို့တွင် ချေးငွေများ လျှောက်ထားကြရန် အသိပေးထားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးရေး  ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင်ကြိုးပမ်းကြရမည်။ ထိုသို့ကုန်ထုတ်လုပ်မှု တိုးတက်မှ နိုင်ငံ၏ GDP လည်း   တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာခြင်းဖြစ်၍ နိုင်ငံ့ GDP တိုးတက်ရေးအတွက်  လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၊   စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို တိုးတက်စေရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းဆိုသည်မှာလည်း   မြေကြီးပေါ်တွင်  အဓိကတည်ဆောက်ရသည့် အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းသည် မြေကြီးမှရွှေသီးစေခြင်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများမှ အသားစို၊ အသားခြောက်၊  အေးခဲအသား၊  အသားမျှင်၊ စည်သွတ်ဘူး၊ ကြက်အူချောင်း၊ ဝက်အူချောင်း စသည့်အစားအစာများ၊ အင်္ကျီ၊ ဦးထုပ်၊ ဖိနပ်တို့ကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန် လူ့အသုံးအဆောင်ပစ္စည်းများ၊ နွားနို့၊ နို့စိမ်း၊ နို့အေး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့ဆီ၊ မလိုင်၊ ထောပတ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်သော  သဘာဝမြေဩဇာများ စသည်ဖြင့်မွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲ ထုတ်လုပ်လာကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ၏အဓိကဖြစ်သော တိရစ္ဆာန်အစာများကိုလည်း ပြည်တွင်းထွက် စိုက်ပျိုးရေးမှ ရရှိသည့်ကုန်ကြမ်းများကိုအခြေခံပြီး အဆင့်မြင့်နည်းပညာများနှင့် ထုတ်လုပ်ဖြန့်ချိ သုံးစွဲကြရမည်ဖြစ်သည်။ ထို့အတူ ဆန်ထုတ်လုပ်မှုမှ ဆန်ကွဲနှင့်ဖွဲများကိုလည်း မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သည်။ ပြောင်းထုတ်လုပ်မှုတွင်လည်း ပြောင်းပင်အစေးမှ အဆင့်မြင့်ပြောင်းကော်၊ ပြောင်းဆန်မှ  ပြောင်းဆီနှင့်ပြောင်းပင်ကို တိရစ္ဆာန်အစာနှင့် ဘိုင်အိုအက်သနော(ဇီဝလောင်စာဆီ) ထုတ်လုပ်ခြင်းများ ပြုလုပ်နိုင်သည်။

စိုက်ပျိုးရေးနှင့်  မွေးမြူရေးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခြင်းမှာ  “မြေကြီးကရွှေသီး”စေခြင်းဖြစ်သည်။  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အထက်တွင်ဖော်ပြထားသကဲ့သို့ အဓိကလိုအပ်ချက်မှာ နည်းပညာဖြစ်သည်။ ပညာတတ်လူသားအရင်းအမြစ်များ ရရှိစေရေး Polytechnic တက္ကသိုလ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ   ဖွင့်လှစ်သင်ကြားပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များကိုလည်း တိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင်  နဝမတန်းပြီးမြောက်သည်နှင့် နည်းလမ်းလေးသွယ်တွင် မိမိတို့နှစ်သက်ရာ သင်ယူခွင့်ကိုလည်း ပေးထားပြီးဖြစ်သည်။

မြေကြီးက   ရွှေသီးဖို့ဆိုသည်မှာ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းဈေးကွက်ကြီးများ ခိုင်မာစွာရှိနေသည့်အတွက်  မိမိတို့၏စွမ်းအားကို ဖော်ထုတ်ပြသကြရန်သာဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တစ်နည်းနည်းအားဖြင့် ပါဝင်နေသူများဖြစ်ကြသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့အတွက် ပန်းတိုင်ရည်မှန်းချက်များ    ချမှတ်ထားသည်မှာ   သုတေသနအထပ်ထပ်လုပ်ဆောင်ပြီးမှ သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်  လုပ်ငန်းတိုင်းရည်မှန်းချက်ပြည့်မီရေးကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းတိုင်းတွင် မိမိတို့မမျှော်လင့်ထားသည့်အရာများ ရှိတတ်သည်။  မမြင်ရသည့်နေရာတွင် အန္တရာယ်များရှိနေတတ်သည်။ အခက်အခဲများရှိနေပါက ထိုအခက်အခဲများကို  ကြီးမားသောအောင်မြင်မှုဆီသို့  ဆွဲခေါ်သွားရမည်ဖြစ်သည်။  လုပ်ငန်းရှင်များ၊ လုပ်သားများအားလုံးတွင် အကောင်းမြင်မှုနှင့် စိတ်အားထက်သန်မှု ရှိနေရမည်ဖြစ်သည်။  အကောင်းမြင်စိတ်ဓာတ်သည် အောင်မြင်မှုဆီဦးတည်ပြီး  အဆိုးမြင်စိတ်ဓာတ်သည်  ဆုံးရှုံးမှုသို့  ဦးတည်သည်။

ထို့ကြောင့်    ကြီးပွားတိုးတက်ကာ လုပ်ငန်းများ အောင်မြင်လိုသူတိုင်း၊ မြေကြီးမှ ရွှေသီးလိုသူတိုင်းအနေဖြင့် စိတ်ဓာတ်ကောင်းရမည်။ စည်းကမ်းစနစ်တကျရှိရမည်။  နိုင်ငံနှင့်လူမျိုးအပေါ်၊  မိမိ၏လုပ်ငန်းအပေါ်သစ္စာထားရှိရမည်။ ထို့ပြင် မိမိတို့လုပ်ဆောင်နေသည့်လုပ်ငန်းတွင် စည်းလုံးမှု  အမြဲရှိနေရမည်ဖြစ်သည်။  တစ်ဦးကမေတ္တာ  တစ်ဦးကစေတနာဆိုသကဲ့သို့ လုပ်ငန်းရှင်နှင့်လုပ်သားများ စည်းလုံးမှုရှိမှလည်း အောင်မြင်ပေမည်။

ထို့အတူ လုပ်ဆောင်သူများအားလုံးတွင် ကိုယ်စီစွမ်းရည်များ ရှိနေကြရမည်ဖြစ်သည်။ ကိုယ်စီစွမ်းရည်ဆိုသည်မှာ မိမိတာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင် နိုင်သည့် အရည်အချင်းဖြစ်သည်။ 

“မြေကြီးကရွှေသီး”ရမည်ဟူသော မင်္ဂလာစကားနှင့်အညီ ယနေ့အချိန်အခါသည် မြန်မာတို့အတွက် အချိန်ကောင်း၊ အခါကောင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းမွန်သော ဆောင်ရွက်ချက်များကို   လုပ်ဆောင်ပေးလျက်ရှိသည်။  ထို့ကြောင့်  ရောက်ရှိနေသည့် အချိန်အခါကောင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌  မြေကြီးမှရွှေသီးအောင် “တစ်စိတ်ဝမ်း တစ်လက်ညီ” ပြည်ရေးကို ပြိုင်တူညီညာ လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။    ။

Source: Myawady Web Portal

နံနက်ခင်း အာဟာရပေးသည့် ပဲပြုတ်ဆီဆမ်းနှင့် ထမင်းကြမ်း

Posted_Date

Image

နံနက်ခင်း အာဟာရပေးသည့် ပဲပြုတ်ဆီဆမ်းနှင့် ထမင်းကြမ်း

Body

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော  ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းမှာ တောသူတောင်သားများ  ဖြစ်ကြသည်။ ထိုသူများ မက်မက်မောမောစားကြသည့် နံနက်ခင်းစာမှာ ပဲပြုတ်ဆီဆမ်းနှင့် ညဉ့်ဦးကတည်းက ပိုလျှံအောင်ချက်ထားသည့် ထမင်းကြမ်းဖြစ်သည်။

ပဲပြုတ်ဟုဆိုလိုက်သည်နှင့် မျက်စိထဲတွင် မြန်မာ့ရိုးရာစားစရာ စားတော်ပဲပြုတ် ကို   မြင်ပြီးဖြစ်ပါသည်။  ရေစိမ်ထားပြီး အညှောက်ကလေးများ ထွက်နေသော စား တော်ပဲလုံးကို အနူးမြန်အောင် ဆော်ဒါ နှင့်  ဆားသင့်ရုံထည့်ပြုတ်ထားသဖြင့် ဆိမ့်သောအရသာ ခပ်လေးလေးနှင့် ချိုငန်သော  အရသာရှိသည်။    ထိုပဲပြုတ်ကို   နှမ်းဆီ သို့မဟုတ်  မြေပဲဆီကို ဆမ်းစားလေ့ရှိကြသည်။

တောသူတောင်သားများ ထမင်းကြမ်း စားကြခြင်းမှာ အဆာခံခြင်းကြောင့်ဖြစ်သည်။ နံနက်စောစော နွားတစ်ရှဉ်းနှင့် တောင်ယာလယ်တောဆင်းသူများ အဖို့  နေ့လယ်နေမြင့်မှ   နွားများနေမပူအောင် အလုပ်သိမ်းအိမ်ပြန်ကြရသည်။ ထိုအချိန် အတွင်း   နောက်ထပ်     ဗိုက်မဆာစေရန် ထမင်းကြမ်းကို   စားကြရခြင်းဖြစ်သည်။ အမှန်မှာ အစာအိမ်နှင့် သင့်လျော်သော နံနက်ခင်းစာမှာ   ထမင်းပူပူနွေးနွေးဖြစ်သည်။ ထမင်းအေးသည်  ဝမ်းမီးကိုငြိမ်းစေသဖြင့် အလုပ်မလုပ်သောသူများ မစားသင့်ပေ။ ရင်တောင့်ပြီး အစာမကြေဖြစ်ရာမှ ကြာလျှင် အစာအိမ်ရောင်ရောဂါရနိုင်သည်။

စားတော်ပဲပြုတ်ကို ခံတွင်းတွေ့ကြခြင်းမှာ ဆော်ဒါနှင့်ပဲပြုတ်ထားသောကြောင့် ဖြစ်သည်။ ဆော်ဒါသည် အစာအိမ်မှ လေကို အထက်သို့ပွ၍တက်စေသော အစာဖြစ်သဖြင့် ဆော်ဒါများလွန်းလျှင် မကောင်းပေ။   ပဲပြုတ်ပြုတ်သူများက  ပဲလုံးအနူးမြန်စေရန် ထည့်ပြုတ်ခြင်းဖြစ်သည်။

မြန်မာ့ရိုးရာအစားအစာ ပဲပြုတ်သည် အင်္ဂလိပ်ခေတ်တွင် အိန္ဒိယမှပါလာသော ကာကာများ၏ လက်ဖက်ရည်ဆိုင်များမှ နံပြားနှင့်ပေါင်းပြီး  လူကြိုက်များသော အစားအစာဖြစ်လာသည်။

ပဲအမျိုးအစားများစွာအနက်  စားတော်ပဲလုံးကို   လူကြိုက်များရခြင်းမှာ ဆိမ့်၍ အားရှိသော  ပဲမျိုးဖြစ်သောကြောင့်ဖြစ် သည်။ ကုလားပဲနှင့်မတူသော အချက်မှာ ကုလားပဲသည် အားရှိသော်လည်း ဝမ်းကို ချုပ်စေသည်။ စားတော်ပဲသည် လေကို  ပွစေသဖြင့် ဝါယောဓာတ်ပါသော အစား အစာဖြစ်သည်။ ဝမ်းကို မချုပ်ပေ။  စား တော်ပဲလုံး ရေစိမ်သောအခါ အညှောက် လေးများထွက်သဖြင့် အရည်ကို စုပ်ယူ နိုင်သည့် အာပေါစာဖြစ်သည်။ အညှောက်ပေါက်လေးတွင် တွန်းကန်ထွက်နိုင်သည့် အာကာသဓာတ်ရှိသဖြင့်  စားတော်ပဲစားလျှင် ချွေးထွက်စေနိုင်သော သတ္တိ ရှိသည်။ အဖျားရှိသူများ ကုလားပဲနှင့် မတည့်သော်လည်း စားတော်ပဲပြုတ်နှင့် တည့်သည်။ နံနက်စာအဖြစ် ထမင်းပူပူ နှင့်စားနိုင်သည်။

မြန်မာ့ရိုးရာ အစားအစာများတွင် နံနက်စောစော စားလေ့ရှိသော စားတော်ပဲပြုတ်သည် ကျန်းမာရေးနှင့် သင့်လျော် သော အစားအစာဖြစ်သည်။ ပိန်သူဖြစ်စေ၊ ဝသူဖြစ်စေ သင့်လျော်ပြီး အာဟာရဓာတ်လည်း ပြည့်စုံသောအစားအစာဖြစ်သည်။ အထူးပါဝင်သော သတ္တိထူးမှာ အစာအိမ်သစ်တွင် ခိုအောင်းနေသော လေချဉ်လေဟောင်းကို ဖွထုတ်ပြီး အပြင်သို့ထွက်စေကာ အစာစားချင်စိတ်ကိုဖြစ်စေသော သတ္တိ၊ ဆာလောင်သောအပူကို ငြိမ်းစေပြီး အာဟာရဖြစ်စေသော  အစားအစာဖြစ်ကြောင်း  တင်ပြအပ်ပါသည်။    ။

Source: Myawady Web Portal

တရုတ် GJ-2 ဒရုန်းလေယာဉ် ဂျပန်နိုင်ငံအနီး ပျံသန်းမှုကို ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု

News Image

တရုတ် GJ-2 ဒရုန်းလေယာဉ် ဂျပန်နိုင်ငံအနီး ပျံသန်းမှုကို ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ GJ-2 ဒရုန်းလေယာဉ် မိမိနိုင်ငံအနီး ကောင်းကင်ယံတွင် ပျံသန်းမှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းကြက်မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

Posted_Date

Image

တိုင်းရင်းကြက်မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

Body

ကျေးလက်နေပြည်သူများ၏  စားရေရိက္ခာ ပြည့်စုံဖူလုံရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းကြက်မွေးမြူရေးကို“ဟင်းစားမှသည် တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်  စီးပွားဖြစ်မှသည် ပြည်ပပို့ကုန်အမည်တစ်မျိုး…”အဖြစ်မွေးမြူပါက  မိသားစုစားရေရိက္ခာအတွက် ဟင်းစားရရှိလာမည့်အပြင် ပိုလျှံသည်များကို ဈေးကွက် တင်ပို့ရောင်းချပါက မွေးမြူရေး အလုပ်အကိုင် အခွင့်အလမ်း  စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့်  ပိုလျှံ တိုးပွားဝင်ငွေ အခွင့်အလမ်းရရှိလာမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည်  မြေကြီးပေါ်တွင်  စိုက်ပျိုးမွေးမြူကာ စိုက်ပျိုး၍ အပင်မှထွက်ရှိလာသည်များကို မွေးမြူရေးတိရစ္ဆာန်များတွင်ကျွေးမွေး၍   အသား၊   ငါး၊   နို့၊ ဥများ ထုတ်လုပ်ကာ   လူသားများအတွက် အဓိကလိုအပ်သော    အစာကွင်းဆက်၊   အစာသံသရာ အတွက် စားရေရိက္ခာပြည့်စုံဖူလုံအောင် ဆောင်ရွက်ပေးနေသော လုပ်ငန်းဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းအရ တိုင်းရင်းကြက်၊ ဥစားကြက်၊ အသားစားကြက်၊ ကြက်ကောင်ရေစုစုပေါင်း ၈၀ ဒသမ ၈၆  သန်းရှိကာ ဒေသကြက်ကောင်ရေသည် ကြက်စုစုပေါင်း၏   ၅၄  ဒသမ  ၃  ရာခိုင်နှုန်းရှိပြီး ပြည်သူများ၏   အသားရိက္ခာအတွက်   အဓိက ပံ့ပိုးပေးနေသော  မွေးမြူရေးလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသများတွင်  တိုင်းရင်းကြက်မွေးမြူရေးသည် ဝင်ငွေကောင်းရရှိစေနိုင်ပြီး ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော တိုင်းရင်းကြက်မျိုးများဖြစ်သည့်

(က)   စစ်တကောင်းကြက်

( ခ )   အင်ပင်ဝကြက်

( ဂ )   လည်ပြောင်ကြက်

(ဃ)   တိုက်ကြက် အစရှိသောမျိုးများသည် အထူးထင်ရှားသည်။

တိုင်းရင်းကြက်မွေးမြူရေးသည် ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများကဲ့သို့ ကုန်ကျစရိတ်မများဘဲ မွေးမြူထုတ်လုပ်နိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပေသည်။ အဓိကအားဖြင့်

      (၁)     အဆောက်အအုံ၊ အစာ၊ ဆေး၊ ခြံသုံးပစ္စည်းနှင့် လုပ်အားခ စသည့်ကုန်ကျစရိတ်များ သက်သာစွာ မွေးမြူနိုင်ခြင်း။

      (၂)      ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊  အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်မျိုးများထက် ခံနိုင်ရည်ရှိခြင်း။

      (၃)     ဒေသတွင်းမိမိဘာသာ ရှာဖွေစားသောက်နိုင်ခြင်း။

      (၄)     ဖောက်စက်မလိုအပ်ဘဲ မိမိကိုင်တိုင်ဝပ်၍ သားပေါက်နိုင်ခြင်း။

       (၅)     ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး  ကြက်ငယ်များအဝရှင်သန်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း။

      (၆)     အရွယ်ရောက်သောအခါ    မိမိဘာသာရန်သူကို  ကာကွယ်ရှင်သန် လှုပ်ရှားနိုင်ခြင်း။

      (၇)     ကြက်သား၏ အနံ့၊ အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်း။

      (၈)     ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်း စသည့် အရည်အသွေးကောင်းများ ရှိပေသည်။

အထက်ဖော်ပြပါ အရည်အသွေးကောင်းများရှိသော်လည်း တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျကျွေးမွေး၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလျှင် သေပျောက်ဆုံးရှုံး ပျက်စီးမှုများ ကြုံတွေ့ရတတ်သည်။

“ဆရာမပြ နည်းမကျ”ဆိုသကဲ့သို့ တတ်သိနားလည်သော ဆရာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်(မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)များ၏ နည်းမှန်လမ်းမှန်နည်းပေး လမ်းပြမှုဖြင့်   တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျမွေးမြူထုတ်လုပ်ပါက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မှန်ကန်သောမွေးမြူရေး လုပ်ငန်းဖြစ်ပေသည်။

တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများသည် အချိန်တိုကာလအတွင်း  ရင်းနှီးမြှုပ်နှံငွေပြန်လည်ရရှိနိုင်ခြင်း၊  မိမိတို့ဒေသအတွင်းရှိ  တိုင်းရင်းကြက်မျိုးများ၏  ထုတ်လုပ်နိုင်မှုစွမ်းရည်သည် စနစ်တကျ မွေးမြူထုတ်လုပ်ပါက   ပုံမှန်သိရှိထားသည်ထက် များစွာသာလွန် ကောင်းမွန်ခြင်း၊ အသားနှင့်ဥများ၏ အနံ့အရသာများမှာ မွေးမြူရေးကြက်ဥ၊ ကြက်သားများထက် လူကြိုက်များပြီး ထုတ်ကုန်တန်ဖိုးပိုမိုမြင့်မားခြင်းတို့ကြောင့်    ယခုအချိန်ကာလတွင် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းသည် မွေးမြူရန်အခွင့်အလမ်း ပိုမိုကောင်းမွန်လျက်ရှိသည်။

တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရန်  ကြက်ခြံဆောက်လုပ်ပေးရမည်။ ညအိပ်ရန်၊   ခွေး၊ ကြောင်၊  ငှက်၊  သားရဲတိရစ္ဆာန်တို့ရန်မှ ကာကွယ်ရန်နှင့်      ရာသီဥတုဒဏ်မှ ကာကွယ်ရန်ဖြစ်သည်။    တိုင်းရင်းကြက်များသည် ကိုယ်တိုင်ရှာဖ ွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ထမင်း(သို့)ရောစပ်စာ၊ အစာစိမ်း၊ဒေသအလိုက် ရရှိနိုင်သော  ပိုးစာရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ဗေဒါရွက်၊ ဟင်းသီးဟင်းရွက်တို့ကိုလည်း ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်တို့ဖြင့်ရောစပ်ကာ အစာခွက်ဖြင့် ကျွေးမွေးနိုင်သည်။

သန့်ရှင်း၍  လတ်ဆတ်သော အစာနှင့်ရေရရှိရေးသည်   မွေးမြူရေးအတွက်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။  သန့်ရှင်းသောအစာနှင့် ရေရရှိရေးအတွက် သန့်ရှင်းသော အစာခွက်၊ ရေခွက်အသုံးပြုရေးသည်လည်း အရေးကြီးလှပေသည်။

တိုင်းရင်းကြက်များသည် မြန်မာနိုင်ငံအနှံ့အပြားဒေသ အသီးသီး၏ ရာသီဥတုပတ်ဝန်းကျင် အခြေအနေနှင့် ယဉ်ပါးပြီးဖြစ်ကာ  မိဘ၊ ဘိုးဘွားလက်ထက် အစဉ်အဆက်မွေးမြူခဲ့ကြသော  ဒေသကြက်မျိုးများဖြစ်သည်။ တိုင်းရင်းကြက်မွေးမြူရေးတွင်-

“ကြက်မကိုးကောင် ကိုးလရှောင်တစ်နေ့တစ်ကောင် စားသုံးမျိုးမတုံး” ဆိုသောစကားရှိသည်။ စနစ်တကျမွေးမြူမှသာလျှင် ဆိုရိုးစကားနှင့်ကိုက်ညီသော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးတွင်  ဥတင်းများ ထားရှိပေးရမည်။ ကြက်ခြံ၏ မှောင်၍ ထောင့်ကျသောနေရာတွင် ဥတင်းကိုမြေပြင်မှ ၁ ပေခွဲအကွာတွင် ကောက်ရိုး၊ မြက်ခြောက်ခင်းပြီး ခိုင်ခိုင်မြဲမြဲထားပေးရမည်။    ကြက်မတစ်ကောင်လျှင်   ဥတင်းတစ်ခုနှုန်းထားပေးရမည်။  ဝပ်ကြက်မ သားပေါက်ပြီးပါက ဥတင်းထဲမှ ကောက်ရိုး၊ မြက်ခြောက်များကို စွန့်ဖယ်၍ မီးရှို့ပစ်ရမည်။ ကြက်သန်း၊ လှေးများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥတင်း၊ အိပ်တန်းအကြိုအကြားနေရာများကို ဆေးရွက်ကြီးထည့်ခြင်း၊ ဆေးရွက်ကြီးစိမ်ထားသောရေဖြင့် ပက်ဖျန်း၊ သုတ်လိမ်းပေးခြင်းတို့ကို ပြုလုပ်ရမည်။ ကြက်ငယ်လေးများ ပေါက်လာပါက သီးသန့်အနွေးပေး မွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် သုံးကြိမ်မှလေးကြိမ် သားပေါက်ရာမှ ငါးကြိမ်မှခြောက်ကြိမ်အထိ ပိုမိုပေါက်ပွားနိုင်ပြီး ခွေး၊ ကြောင်၊ ကျီး၊ စွန် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။

 တိုင်းရင်းကြက်မွေးမြူရေးခြံကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။  သန့်ရှင်းရေး ပြုလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းပါဝင်မှုကိုကြည့်ရှုပြီး ကြက်များ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးရမည်။ အထူးသဖြင့် တိုင်းရင်းကြက်များ အိပ်တန်းဝင်နေချိန်နှင့် အစာကျွေးချိန်တွင် သေချာစစ်ဆေးပေးရမည်။

တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်စေသော အတားအဆီးမှာ ကြက်လည်လိမ်ရောဂါ ဖြစ်ပွားမှုဖြစ်သည်။ မှိုင်ကုပ်ပြီးရက်ပိုင်းအတွင်း   ကြက်တစ်အုပ်လုံးဆုံးရှုံးနိုင်သည်။ ကြက်ဝမ်းကျရောဂါသည် ဒုတိယဆုံးရှုံးမှုများသော ရောဂါဖြစ်သည်။ ကြက်အသက်အရွယ် မရွေးဖြစ်ပွားကာ ဆုံးရှုံးမှုများတတ်သည်။ ကြက်ငယ်ကလေးများ ညအချိန်တွင် ခြင်ကိုက်ရာမှ မျက်ခွံတွင် အနာဖြစ်ပြီး ကြက်ကျောက်ရောဂါလည်းဖြစ်ပွားတတ်သည်။ ၎င်းရောဂါများကို ကာကွယ်ဆေးပေးခြင်းဖြင့်   အပြည့်အဝကာကွယ်နိုင်သည်။

Description: C:\Users\TinTunAung\Desktop\27-2-2025\272132.JPG

    သန်ကောင်များကြောင့်လည်း ထုတ်လုပ်မှု ကျဆင်းတတ်သဖြင့် သန်ချဆေးများကိုလည်း ပုံမှန်တိုက်ကျွေးပေးရန် လိုအပ်သည်။

မှတ်တမ်းများထားရှိခြင်းသည်  တိုင်းရင်းကြက်မွေးမြူရေးတွင် ကြက်မျိုးရွေးချယ်မှုကို အထောက် အကူဖြစ်စေသည်။  ကြက်မတစ်ကောင်ချင်းအလိုက်  ဥနှုန်း၊ သားပေါက်နှုန်း၊ ကြီးထွားနှုန်း၊ အစာစားနှုန်းတို့ကိုမှတ်တမ်းထားမှသာ  မျိုးကြက်ရွေးချယ်ခြင်းနှင့်  ပယ်ခြင်းများပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်မည်ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးကို မိရိုးဖလာနည်းဖြင့်သာ မွေးမြူနေကြသဖြင့် တိုးတက်မှု နှောင့်နှေးနေပေသည်။ နည်းစနစ်တကျ မွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်းနှင့် ကြီးထွားနှုန်း၊ထုတ်လုပ်မှု အမြင့်မားဆုံးရရှိစေရန် ဆောင်ရွက်နိုင်ပြီး ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင် ရာသီဥတုအခြေအနေများတွင် လိုက်လျောညီထွေဖြစ်စေနိုင်သည့် မျိုးသစ်များထွက်ပေါ်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှစီးပွားဖြစ်မွေးမြူရေး အသွင်ဖြစ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံဒေသအသီးသီးရှိ     ဒေသကြက်မျိုးများကိုပြန်လည်ဖော်ထုတ်မွေးမြူနေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း  တိုင်းရင်းကြက်များကို စနစ်တကျမွေးမြူခြင်းဖြင့်  အစားအစာပြည့်စုံဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်လူမှုုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်၏ စားရေရိက္ခာပြည့်စုံ ဖူလုံရေးတွင်အရေးပါသောမွေးမြူရေး လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: Myawady Web Portal