စီးကရက်မီးခိုးငွေ့မှာတွေ့ရသည့် ဓာတုအဆိပ်ငွေ့များသည် ရင်သားကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ စသည့်ကင်ဆာအမျိုးမျိုး ဖြစ်လာနိုင်ခြေကို တိုးမြင့်စေ ပါသည်။
တစ်နေ့ကို စီးကရက် နည်းနည်း သောက်ခြင်းသည် နှလုံးနှင့်ဆိုင်သည့် ရောဂါများ ဖြစ်စေရန်အတွက် လုံလောက်ပါသည်။ နှလုံးရောဂါနှင့် သေဆုံးရသူများထဲက ၂၀% သည် ဆေးလိပ်သောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။
တစ်နေ့ တစ်ဘူး နှုန်းဖြင့် နှစ်ပေါင်း ၃၀၊ သို့မဟုတ် တစ်နေ့ နှစ်ဘူး နှုန်းဖြင့် ၁၅ နှစ် သောက်ခဲ့သူ ဆိုပါက အဆုတ်ကင်ဆာစစ်ဆေးရန် ကြိုတင်စာရင်းပေးသင့်ပါသည်။ အဆုတ်ကင်ဆာကို စောစော သိပါက စောစောကုနိုင်ပြီး ပျောက်ကင်းအောင် ကုသပေးနိုင်ပါသည်။
စီးကရက်တွင် အန္တရာယ်ဖြစ်နိုင်သည့် ဓာတုပစ္စည်းပေါင်း ၄,၀၀၀ ကျော် ပါဝင်ပြီး အဆိုပါ ပါဝင်ပစ္စည်းများ အနက် ၆၀ ကျော်က ကင်ဆာဖြစ်စေနိုင်ပါသည်။ စီးကရက်များများသောက်သည့်သူ၊ စီးကရက်ကို နှစ်ရှည် လများ သောက်သည့်သူများသည် သေစေနိုင်သည့် ရောဂါများဖြစ်သည့် ကင်ဆာ၊ အဆုတ်လေအိတ်များ ပျက်စီးသည့် ရောဂါ၊ နမိုးနီးယား၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အခွင့်အလမ်း ပိုများပါသည်။
၁။ ကင်ဆာ
စာရင်းဇယားများအရ အဆုတ်ကင်ဆာသည် ထိုင်းလူမျိုး အမျိုးသားများတွင် ဒုတိယ အဖြစ်အများဆုံးနှင့် ထိုင်းအမျိုးသမီးများတွင် စတုတ္ထအဖြစ်အများဆုံးအဆင့်တွင် ရှိနေသည်ကို တွေ့ရှိရပါသည်။ အဆုတ်ကင်ဆာ သည် အဆုတ်ကတစ်ဆင့် အခြားအရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကို ကင်ဆာဆဲလ်များ ပျံ့နှံ့သွားစေပြီး အသက်ဆုံးရှုံးမှု အလွန်များပြားသောကြောင့် အဆုတ်ကင်ဆာကို ကင်ဆာရောဂါဖြစ်ခြင်း၏ ပင်မ အကြောင်း တရားကြီးအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်ကင်ဆာ၏ ရေသောက် မြစ်ပါ။
ထို့အပြင် စီးကရက်မီးခိုးငွေ့တွင် တွေ့ရသည့် ဓာတုအဆိပ်ငွေ့များသည် ရင်သားကင်ဆာ၊ အစာရေမြို ကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်လာနိုင်ခြေကိုလည်း တိုးမြင့်စေ ပါသည်။ ယခုလို အန္တရာယ်များသောကြောင့် တစ်နေ့ စီးကရက် နှစ်ဘူးနှုန်းနှင့် ၁၅ နှစ်လောက် သောက်ထား သည့်ပုဂ္ဂိုလ် ဆိုပါက ရင်ဘတ်ဓာတ်မှန် နှင့် low-dose CT ရိုက်ကြည့်ပြီး အဆုတ်ကင်ဆာ ဖြစ်နေပြီလား ဆိုသည်ကို စစ်ဆေးကြည့်သင့်ပါသည်။ ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရပါက လုံး၀ပျောက်ကင်းသွား စေရန် ကုသ၍ ရနိုင်ပါသည်။
၂။ အဆုတ်လေအိတ်များပျက်စီးသည့်ရောဂါ
အဆုတ်က လေအိတ်သေးသေးလေး သန်းပေါင်းများစွာပါဝင်ပြီးတော့ အောက်ဆီဂျင်ကို သန့်စင်ပေးပြီး သွေးထဲကို ပို့ဆောင်ပေးသည့် တာဝန်ကို ဆောင်ရွက်ကြပါသည်။ ဆေးလိပ်ကို ရေရှည် သောက်သည့်သူ ဆိုလျှင် ဆေးလိပ်တွင် ပါဝင်သည့် ဓာတုပစ္စည်းများက အဆိုပါလေအိတ်ကလေးများကို ကြီးမား ဖောင်းပွ ရောင်ရမ်းပြီး ပျက်စီးစေပါသည်။ လေအိတ်လေးများ ရောင်ရမ်းလာပါက အောက်ဆီဂျင်ကို စစ်ထုတ်ပေးခြင်း၊ သယ်ပို့ပေးခြင်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ လူမှာ အောက်ဆီဂျင် မလုံလောက်မှုနဲ့ အသက်ရှုမဝခြင်းများ ဖြစ်လာပါသည်။
လူတစ်ယောက်သည် အဆုတ်တွင် လေအိတ်ရောင်ရမ်းနေပြီဆိုပါက နှလုံးအောင့်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်းနှင့် စိတ်ဓာတ်ကျခြင်းများ ဖြစ်လာတတ်ပြီး ၎င်းတို့၏ နေ့စဉ်ဘဝကိုလည်း ထိခိုက် လာပါသည်။ ပြင်းထန်သည့် အဆုတ်လေအိတ်ရောင်ရမ်းသည့်ရောဂါသည် ရောဂါခံစားနေရသည့်သူကို ရောဂါဒဏ် အတော်ခံရစေပါသည်။အသက်ရှူရခက်လို့ လွန်စွာမောပန်းပြီး အိပ်ရာထဲလဲသည့် အထိဖြစ်စေပါသည်။ တစ်ချို့ဆို အောက်ဆီဂျင်ကို တောက်လျှောက် ပေးထားရပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်သူများ အသက်ရှူရ ခက်လာပြီ၊ အသက်ရှူမ၀ဖြစ်လာပြီဆိုပါက ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီး အခြေအနေ ပိုဆိုး မသွားခင် ကုသမှုခံယူသင့်ပါသည်။
၃။ နမိုးနီးယား
အဆုတ် ရောင်ရမ်းရာကတစ်ဆင့် နမိုးနီးယားဖြစ်လာပါသည်။ ရောင်ရမ်းရသည့် အရင်းအမြစ်ကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုပေါက်ပွားမှုများကြောင့် ဖြစ်နိုင်သည့်အပြင် အန္တရာယ်ရှိသော အရာတွေဖြစ်သည့် ဖုန်၊ အခြားဓာတုပစ္စည်းများ အထူးသဖြင့် စီးကရက်အငွေ့များကို အသက်ရှူ လမ်းကြောင်းတစ်လျှောက် ရှိုက်သွင်း၊ ရှူထုတ်လုပ်ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာကတော့ အသက်ရှူရခက်ခဲခြင်းနှင့် ရင်ကြပ်ခြင်းတို့ ဖြစ်ပါသည်။ တစ်ချို့က အစပိုင်းတွင် အဖျားလေး နည်းနည်းရှိပြီး အအေးမိသလိုလို၊ ခေါင်းကိုက် သလိုလို၊ ချမ်းစိမ့်စိမ့်နှင့် ချောင်းဆိုး၊ လည်ချောင်းနာခြင်းက စတာပါပဲ။ နည်းနည်း ပြင်းလာရင်တော့ ရင်ဘတ် အောင့်မည်၊ အသက်ရှူမမှန်ဖြစ်မည်၊ ချောင်းအရမ်းဆိုးပြီး သလိပ်ထဲ သွေး ပါလာမှာပဲဖြစ်ပါသည်။
နမိုးနီးယားက တကယ်တော့ မွေးကင်းစကလေးများ၊ သက်ကြီးလူကြီးပိုင်းများနှင့် ကိုယ်ခံအား နည်းသည့် သူများတွင် ဖြစ်လေ့ရှိကြပါသည်။ ပြင်းထန်နမိုးနီးယားဆိုပါက အသက်အန္တရာယ် ရှိပါသည်။ အဆိုပါ ပုဂ္ဂိုလ် များကတော့ ဆေးလိပ်သောက်ခြင်းကို အထူးရှောင်ရှားရမှာဖြစ်ပါသည်။ passive smoking လို့ခေါ်သည့် တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း / ဆေးလိပ်ငွေ့ရှူမိခြင်းများလည်းပါ ပါသည်။
၄။ နှလုံးသွေးကြောပိတ်ခြင်း
စီးကရက်မီးခိုးထဲတွင် ပါဝင်သည့် အဆိပ်ဓာတ်များသည် နှလုံးခုန်မူမမှန်မှုကို ဖြစ်စေပြီးတော့ နောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းလာသည့်ဘက်ကို ဦးတည်ပါသည်။ ဆေးလိပ်ငွေ့က အားကစားလုပ်နေချိန်ဖြစ်ဖြစ် နားနေသည့် အချိန်ပဲဖြစ်ဖြစ် နှလုံးခုန်နှုန်းကို မြန်စေပါသည်။ တစ်နေ့ကို စီးကရက် နည်းနည်း သောက်ခြင်း က နှလုံးနှင့်ဆိုင်သည့် ရောဂါများ ဖြစ်စေရန် လုံလောက်ပါသည်။ နှလုံးရောဂါနှင့် သေဆုံးရ သူများထဲက ၂၀% က ဆေးလိပ်သောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ သန္ဓေတားဆေး သုံးစွဲနေသည့် အမျိုးသမီး ဆိုလျှင် ဆေးလိပ်က ဆီးချိုဖြစ်စေရန် အားပေးပါသည်။ ဆေးလိပ်သောက်ခြင်းသည် ပြင်းထန်သည့် နှလုံး တိုက်ခိုက်ခံရမှုနှုန်းကိုလည်း မြင့်တက်စေပါသည်။
၅။ ဆီးချို
Birmingham VA Medical Center, Alabama မှာ စေတနာ့ဝန်ထမ်း အဖွဲ့တစ်ဖွဲ့နှင့် စမ်းသပ်မှုအရ ဆေးလိပ် သောက်သူ ၂၂% က သွေးတွင်းသကြားဓာတ် မြင့်တက်နေသည်ကို တွေ့ရပါသည်။ ဒါက “ဆီးချိုဖြစ်တော့မယ်” ဟု သံချောင်းခေါက်လိုက်ခြင်း ဖြစ်ပါသည်။ အဖွဲ့၏ ၁၇% က လုံး၀ ဆေးလိပ်မသောက်တတ်သူဖြစ်သော်လည်း ဆေးလိပ်သောက်သူများနှင့် နီးနီးကပ်ကပ်နေလေ့ရှိကြပါသည့်အတွက် အဆိုပါ အုပ်စုမှာလည်း ယင်းလက္ခဏာ များကို တွေ့ရပါသည်။ ဆေးလိပ်ဖြတ်ပြီးသည့်သူများနှင့် ဆေးလိပ် လုံး၀မသောက်တတ်သူများကို နှိုင်းယှဉ်လေ့လာရာမှာတော့ ၁၄% နဲ့ ၁၁.၅% လောက်ပဲ ရှိကြပါသည်။
အဆိုပါ သုတေသန အချက်အလက်များက ဘာကိုပြနေသလဲဆိုလျှင် ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း၊ သွေးတွင်း သကြားဓာတ် မြင့်တက်ခြင်းနှင့် ဆီးချိုရောဂါတို့၏ ဆက်စပ်ပုံကို သိသာစေပါသည်။ ဆေးလိပ်ငွေ့က ပန်ခရိယမှာ သွားစုနေပြီးတော့ ပန်ခရိယ၏ လုပ်ငန်းဆောင်တာများကို ကျဆင်းစေပါသည်။ အကျိုးဆက်ကတော့ ဆီးချိုရောဂါ ဖြစ်ကြပါသည်။
ထို့အပြင် ဆီးချိုဝေဒနာရှင်များသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခက်ခဲသည်ကိုလည်း တွေ့ရပါသည်။ ဆေးလိပ်မသောက်တတ်သူများနှင့် နှိုင်းယှဉ်ပါက အင်ဆူလင်အသုံးပြုရာမှာလည်း ပြဿနာ ရှိနေတတ်ပါသည်။ နောက်ပြီးတော့ ကျောက်ကပ်ရောဂါ၊ ထိသိနာဗ်ကြောများကို ထိခိုက်သည့် အာရုံကြော ရောဂါ၊ ဆီးချိုကြောင့် မျက်လုံးကွယ်ခြင်း စသဖြင့် အမျိုးမျိုး ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်များက ဆီးချိုသမားကို ဆေးလိပ် ဖြတ်ခိုင်းခြင်း၊ အဆီနည်းသည့် အစားအစာများသာ စားသုံးစေခြင်း၊ လေ့ကျင့်ခန်း များများလုပ်စေခြင်း၊ ဆရာဝန်ညွှန်ကြားသည့် ဆေးများကို သောက်ခိုင်းခြင်း၊ ဆေးခန်း မှန်မှန် ပြခိုင်းခြင်း စသဖြင့် ညွှန်ကြားပေးပြီး အသက်အန္တရာယ် ထိခိုက်မှု ဖြစ်လာနိုင်ခြေများကနေ လျှော့ချပေးလျက် ရှိပါသည်။
နိဂုံးချုပ်အားဖြင့်ပြောရမည်ဆိုပါက သေစေနိုင်သည့် ရောဂါမှန်သမျှသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ်နေပါသည်။ ဖော်ပြခဲ့သည့် ရောဂါငါးမျိုးအပြင် ခံတွင်းရောဂါ၊ သွားပျက်စီးခြင်း၊ ခံတွင်းနံ့နံခြင်း၊ ကိုယ်သင်းရနံ့ ဆိုးရွားခြင်း၊ Gold Finger ဟု ခေါ်သည့် လက်ချောင်းများတွင် အဝါရောင် စွဲခြင်း၊ ပါးရေနားရေ တွန့်ခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း စသဖြင့် နောက်ဆက်တွဲရောဂါမျိုးစုံ ဖြစ်နိုင်ပါသည်။ အဆိုပါ ရောဂါမျိုးစုံသည် ဆေးလိပ်သောက်သူများ၏ ဘဝအတွက် အနုတ်လက္ခဏာဆောင်သည့် အကျိုးဆက်များဖြစ်ပါသည်။ အဆိုပါရောဂါများနှင့် စိတ်ဓာတ်ကျပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ရောဂါအကြီးစားများနှင့် ရင်ဆိုင်နိုင်ကြောင်း အသိပညာပေးလိုက်ပါသည်။
Photo: PCT NEW HOMEPAGE