ဘက်စုံအသုံးဝင် ကြံသီးနှံပင်

Posted_Date

Image

ဘက်စုံအသုံးဝင် ကြံသီးနှံပင်

Body

လယ်ယာသီးနှံများမှ   စားနပ်ရိက္ခာအပြင် လူသားအကျိုးပြု  အဝတ်အထည်၊  တိရစ္ဆာန်အစာနှင့်  လောင်စာစွမ်းအင်တည်းဟူသော   Food, Fibre, Feed and Fuel (F လေးလုံး)ကို ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ သီးနှံအများစုသည် အဆိုပါ F လေးလုံးအနက် အနည်းဆုံးနှစ်မျိုးခန့်ကိုသာ ထုတ်ပေးနိုင်ကြသော်လည်း  ကြံသီးနှံ အနေဖြင့််မူ F လေးမျိုးစလုံးကိုပင်   ထုတ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။   စားနပ်ရိက္ခာအဖြစ်   သကြားကိုလည်းကောင်း၊ အမျှင်ဓာတ်အဖြစ် ကြံကြိတ်ဖတ်ကို ဖိုင်ဘာကတ်ထူပြား (Fibre Board)နှင့်  စက္ကူအဖြစ် လည်းကောင်း၊ တိရစ္ဆာန်အစာအဖြစ် တင်လဲအခြေခံဘေးဆွယ်ထွက်ကုန်ကိုလည်းကောင်း၊ လောင်စာအဖြစ် ဇီဝအီသနောကို လည်းကောင်း ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့်    စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ ကြံပင်သည် မျိုးရင်း (Family) Gramineae (or) Poaceae တွင်ပါဝင်ပြီး သိပ္ပံအမည်အားဖြင့်် မျိုးစိတ်များစွာရှိသည့်အတွက်  Saccharum sp. ဟုသာ ခေါ်ဝေါ်ရေးသားသည်။

ကြံပင်သည် ကြီးထွားချိန်တွင် ပူအိုက်စွတ်စိုပြီး ရင့်မှည့်ချိန်တွင် အေးမြခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ မိုးရေချိန် ၄၀ လက်မမှ ၆၀ လက်မအတွင်း    ရွာရန်လိုအပ်သော်လည်း ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါ။  ကြံသီးနှံသည် စပါးသီးနှံကဲ့သို့ ရေများများစားစား မလိုအပ်သော်လည်း စပါးသီးနှံရေ လိုအပ်ချက်၏ ငါးပုံ သုံးပုံခန့်ရေကို လိုအပ်သည်။ သွင်းရေကို ကြိုက်နှစ်သက်သောသီးနှံဖြစ်သဖြင့်   ရေသွင်းစိုက်ပျိုးမည်ဆိုပါက ကြံအထွက်ကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုရရှိစေနိုင်သည်။ ကြံသီးနှံသည် မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီသဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၏ ကြံစိုက်ပျိုးမှုအခြေအနေကို လေ့လာကြည့်ပါက ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ကြံစိုက်ဧက ၁၃၀၀၀၀ ခန့်ရှိရာမှ ယခုအခါ ဧကပေါင်းလေးသိန်းကျော်ထိ စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။

ကြံစိုက်ပျိုးထုတ်လုပ်မှုတွင် လွန်ခဲ့သောနှစ်များနှင့်နှိုင်းယှဉ်လျှင်  ကြိတ်ဝါးကြံရရှိမှု၊  အထွက်နှုန်းနှင့် ကြံအရည်အသွေးများသည်လည်း  တဖြည်းဖြည်း ပြောင်းလဲတိုးတက်လျက်ရှိသည်။  ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင်  တစ်နိုင်ငံလုံး  စိုက်ဧက  ၃၈၀၀၀၀ ကျော်မှ  တန်ချိန်  ၈၆  သိန်းကျော်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် စိုက်ဧကလေးသိန်းကျော်မှ တန်ချိန် ၁၁၅ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်တွင် ကြံစိုက်ဧက  ၁၇၀၀၀၀ ကျော်ရှိပြီး ရှမ်းမြောက်ဒေသမှ စိုက်ဧကပေါင်း  ၁၄၀၀၀၀ ကျော်ထိစိုက်ပျိုးခဲ့ရာ ကြိတ်ဝါးကြံ တန်ချိန် ၃၈ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့သည်။ ရှမ်းပြည်နယ်သည် ကြံပင်ကြီးထွားမှုအတွက်   လိုအပ်သောအပူချိန်နှင့် ရေမြေပတ်ဝန်းကျင်ကောင်းများရှိသည့်အတွက် နှစ်စဉ်ကြံစိုက်ဧရိယာ တိုးတက်လျက်ရှိသလို တစ်ဧကအထွက်နှုန်းကောင်းပြီး   သုံးနှစ်မှ  လေးနှစ်ထိ ကြံလမိုင်းများ ထားလေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ ၂၀၂၃−၂၀၂၄ ခုနှစ် ကြံရာသီ ပျမ်းမျှကြံအထွက်နှုန်းသည် တစ်ဧကလျှင် ၂၇ ဒသမ ၅၅ တန်ဖြစ်သည်။ ကြံသီးနှံ၏ တစ်ဧကပန်းတိုင် အထွက်နှုန်းသည်  တန်  ၃၀  ဖြစ်သည့်အတွက် တစ်ဧကအထွက်နှုန်းတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

မြန်မာနိုင်ငံအပါအဝင်  သကြားထုတ်လုပ်သည့် နိုင်ငံပေါင်း ၁၁၀ ခန့်ရှိပြီး ပျမ်းမျှအားဖြင့် ကြံမှသကြား ထုတ်လုပ်မှုမှာ စုစုပေါင်းသကြားထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းဖြစ်ပြီး သကြားမုန်လာမှ ထုတ်လုပ်မှုသည် ၂၀ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်သကြားထုတ်လုပ်မှုသည်  မက်ထရစ်တန်သန်း ၁၈၀ ခန့်ရှိပြီး  ကမ္ဘာ့သကြား အများဆုံးထုတ်လုပ်သည့်နိုင်ငံမှာ  ဘရာဇီးနိုင်ငံဖြစ်ကြောင်းသိရသည်။ ၂၀၁၀−၂၀၁၁ ခုနှစ်မှ  ၂၀၂၂−၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်  သကြားထုတ်လုပ်မှုသည် ၂၀၁၇−၂၀၁၈ ခုနှစ်တွင် အများဆုံးဖြစ်ပြီး  မက်ထရစ်တန် ၁၉၄  ဒသမ ၈၈ သန်းဖြစ်ကြောင်း တွေ့ရှိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှစ်စဉ်သကြားစားသုံးမှုသည်   ၂၀၂၂−၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်၁၇၆  သန်းမှ ၂၀၂၃−၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်၁၈၀ ဒသမ ၀၅  သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။     လေ့လာ တွေ့ရှိချက်များအရ အမေရိကန်ပြည်ထောင်စုသည်   ကမ္ဘာပေါ်တွင် သကြားစားသုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး   လူတစ်ဦး တစ်နှစ်လျှင် သကြားပျမ်းမျှ ၄၆ ဒသမ ၁၃ ကီလိုဂရမ်ခန့် စားသုံးကြောင်းသိရှိရသည်။   သကြားအများဆုံးထုတ်လုပ်သည့် ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော  အိန္ဒိယ၊  တရုတ်၊ ထိုင်းနိုင်ငံတို့ပါဝင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ သကြားထုတ်လုပ်မှုမှာ နှစ်စဉ်တန်ချိန် လေးသိန်းကျော်ဖြစ်သည်။  ၂၀၁၉  ခုနှစ်  မြန်မာနိုင်ငံ၏ လူတစ်ဦး တစ်နှစ်လျှင် သကြားစားသုံးမှု စစ်တမ်းအရ ပျမ်းမျှ ၇ ဒသမ ၇ ကီလိုဂရမ်ခန့်ရှိသည့်အတွက် လက်ရှိ မြန်မာနိုင်ငံလူဦးရေနှင့်  တွက်ချက်ကြည့်မည်ဆိုပါက သကြားတန်ချိန် ၄၂၀၀၀၀ ခန့်လိုအပ်ပြီး ပိုလျှံသောပမာဏကို ပြည်ပသို့တင်ပို့နိုင်သည်။

ကမ္ဘာပေါ်တွင် သဘာဝသယံဇာတပစ္စည်းများ တဖြည်းဖြည်းရှားပါးလာသဖြင့်   ကျောက်ဖြစ် ရုပ်ကြွင်းတွင်းထွက် ရေနံဓာတုလောင်စာနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်နှင့် လောင်စာဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက်  အစားထိုးလောင်စာစွမ်းအင် ဇီဝအီသနောကို ရေရှည်တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ ကြံမှသကြားအပြင် ဇီဝလောင်စာဆီဖြစ်သည့် အီသနောကို အများအပြား ထုတ်လုပ်လျက်ရှိကြရာ ၂၀၂၂ ခုနှစ်စာရင်းအရ အမေရိကန်ပြည်ထောင်စုသည် အီသနောဂါလန်သန်းပေါင်း ၁၅၄၀၀ ထုတ်လုပ်ပြီး ပထမနေရာမှ ဦးဆောင်လျက်ရှိသည်။ ဘရာဇီးနိုင်ငံက ဂါလန်သန်းပေါင်း ၇၄၂၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့်   ၂၀၂၁−၂၀၂၂ ခုနှစ် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းဖြန့်ဖြူးလျက်ရှိပြီး သုံးစွဲမှု၏ ၃ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းတွင်ထုတ်လုပ်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်  ဖူလုံမှုရှိစေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအနက်  တစ်ခုအပါအဝင် ဖြစ်သည့် လယ်ယာထွက်သီးနှံနှင့်   ဘေးထွက်ပစ္စည်းများမှ ဇီဝလောင်စာစက်သုံးဆီများကို     ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲနိုင်အောင် ဆောင်ရွက်ရေးမှာ   အထူးလိုအပ်လျက်ရှိကြောင်း တွေ့ရှိရသည်။   ကြံမှ    ဇီဝလောင်စာစက်သုံးဆီအပြင် ကြံကြိတ်ဖတ်မှ    လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူရရှိနိုင်သည်။ ကြံတန် ၁၀၀ ကြိတ်လျှင် ကြံဖတ် တန်ချိန် ၃၀ ခန့်ရရှိပြီး ထွက်ရှိကြံဖတ်ကို ကြံမှသကြားကြိတ်ဝါးရာ၌လိုအပ်သည့် ဘွိုင်လာစွမ်းအင်တွင် ပြန်လည်အသုံးပြုနိုင်သည်။  မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော သကြားစက်ရုံ ၂၂ ရုံမှ တစ်နှစ်လျှင် ကြံတန်ချိန် သိန်း  ၄၀ ကျော် ကြိတ်ဝါး လျက်ရှိသည်။   သကြားစက်ရုံများလည်ပတ်ချိန်တွင် ကိုယ်ပိုင်စွမ်းအင်များထုတ်လုပ်၍   လည်ပတ်ခဲ့ခြင်းဖြစ်ပြီး စက်လည်ချိန်ကာလတွင် စက်ရုံသုံးအပြင် အပိုလျှပ်စစ်စွမ်းအင်များကို ထုတ်လုပ်နိုင်သည်။

မြန်မာနိုင်ငံရှိ   သကြားစက်ရုံအများစုသည် တစ်ရက် ကြံတန်ချိန် ၂၀၀၀ စွမ်းအား ကြိတ်ဝါးသည့် စက်များဖြစ်သဖြင့်   ကြံဖတ်ပိုလျှံမှုနည်းပြီး   လျှပ်စစ်ထုတ်နိုင်မှုနည်းပါးသည်။ ပုဂ္ဂလိက သကြားစက်ရုံလေးရုံဖြစ်သည့်  နဝဒေးသကြားစက်၊  မောင်းကုန်းသကြားစက်၊  ဆင်းရွှေလီသကြားစက်နှင့် မိုင်းရယ်သကြားစက်တို့မှာ တစ်ရက်လျှင် ကြံတန်ချိန် ၅၀၀၀ တန်နှင့်အထက်  ကြိတ်ဝါးနိုင်သည့် စက်များဖြစ်သောကြောင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်စွမ်းအင်အပြင် ပိုလျှံသောလျှပ်စစ်စွမ်းအင်များကို အနီးပတ်ဝန်းကျင်ရှိရွာများအား ဖြန့်ဝေပေးနိုင်သည်။ ထို့ကြောင့် ပြည်တွင်းသကြားစက်လုပ်ငန်းရှင်များအနေနှင့် စက်စွမ်းအားတိုးမြှင့်ပြီး   Value Added  ထုတ်လုပ်မှုများနှင့် ယှဉ်တွဲဆောင်ရွက်မည်ဆိုပါက သကြားစက်ရုံများအတွက်   အပိုဝင်ငွေရရှိပြီး   ကြံစိုက် တောင်သူများအားပံ့ပိုးနိုင်ကာ   စျေးကောင်းပေး ဝယ်ယူနိုင်ခြင်းတို့ကြောင့်   နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးရရှိစေမည် ဖြစ်သည်။

ထိုကဲ့သို့   ဘက်စုံအကျိုးကျေးဇူးများသည့် ကြံသီးနှံပင်စိုက်ပျိုးထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့စေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲအနေဖြင့် သုတေသနလုပ်ငန်းနှင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။   လက်ရှိအချိန်ထိ    ဌာနမှ   မှတ်ပုံတင်ထုတ်လုပ်ထားသော     ကြံမျိုးသစ်ကိုးမျိုးရှိပြီး တောင်သူများက ဒေသအလိုက် မိမိတို့ကြိုက်နှစ်သက်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြသည်။

မည်သည့်သီးနှံပင်ဖြစ်စေ မျိုးတစ်မျိုးကို နှစ်စဉ်ဆက်တိုက်စိုက်ပျိုးပါက အရည်အသွေးနှင့် အထွက်နှုန်း ကျဆင်းလာနိုင်ခြင်းကြောင့် လက်ရှိထုတ်ဝေပြီး သားကြံမျိုးများမှ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေသော မျိုးများကို ခေတ်မီတစ်သျှူးနည်းဖြင့် မျိုးသန့်ပွားများပြီး   ဖြန့်ဝေခြင်းလုပ်ငန်းကို ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသုံးခြံတွင်  ဆောင်ရွက်လျက်ရှိသည်။  တစ်သျှူးနည်းနှင့် ကြံမျိုးမွေးမြူခြင်းဖြင့် ရောဂါကင်းစင်ပြီး အရည်အသွေးကောင်းသော Healthy Seed Cane များကိုရရှိသည်။ အဆိုပါ တစ်သျှူးစတင်မွေးမြူခြင်းနှင့် ရရှိလာသည့် Breeder Seed နှင့် Foundation Seed အဆင့်များကို သုတေသနခြံများနှင့် မျိုးသန့်ခြံများတွင် ဆောင်ရွက်လျက်ရှိပြီး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ Commercial Seed အဆင့်ကို  မျိုးသန့်ခြံများနှင့် သကြားစက်ရုံများမှတစ်ဆင့် တောင်သူများထံဖြန့်ဖြူးပေးလျက်ရှိသည်။

ထွက်ရှိလာသောသကြားများ၏ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် ပျဉ်းမနား ကြံသုတေသနခြံတွင် ဓာတ်ခွဲခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး  လိုအပ်သည့်  ပစ္စည်းအင်အား၊ လူအင်အားပြည့်စုံပါက  ISO   အသိအမှတ်ပြု သကြားအရည်အသွေး ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့်  မိမိတို့နိုင်ငံမှထွက်ရှိသော အရည်အသွေးစံချိန်မီသည့်သကြားများကို အာဆီယံနှင့် အနောက်နိုင်ငံများအထိပါ တင်ပို့နိုင်မည်ဖြစ်သောကြောင့် တိုင်းပြည်ဝင်ငွေပိုမိုရရှိမည့်အပြင် သကြားစက်ရုံများနှင့် တောင်သူများပါ အကျိုးအမြတ်များစွာရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ရပေသည်။    ။

 

(၁၁) ကြိမ်မြောက် (ACMEC) အက်ခ်မက်ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်

News Image

(၁၁) ကြိမ်မြောက် (ACMEC) အက်ခ်မက်ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်

ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMEC) အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံအနေဖြင့် (၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပသွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ်အက်ခ်မက် ထိပ်သီးအစည်းအဝေးကို ၂၀၀၃ ခုနှစ်က ပုဂံမြို့တွင် ကျင်းပခဲ့သလို (၆) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကိုလည်း ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာ့သနပ်ခါးနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

Posted_Date

Image

မြန်မာ့သနပ်ခါးနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

Body

မြန်မာ့သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်က စတင်အသုံးပြုခဲ့ကြကြောင်း နံရံပန်းချီအထောက်အထားများအရ   လေ့လာသိရှိရသည်။    ထိုမှဆက်တိုက် ပင်းယခေတ်၊  အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှသည်  ယနေ့မျက်မှောက်ခေတ်ထိခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းသည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို  အမျိုးသား၊ အမျိုးသမီးမခွဲဘဲ  နှစ်ခြိုက်စွာ  အသုံးပြုကြသည်။

ဒြပ်မဲ့ယဉ်ကျေးမှု

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏  လူသားမျိုးနွယ်ကိုယ်စားပြု    ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The  Representative List of The Intangible Cultural Heritage of Humanity)တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့်သွေးပြီး လိမ်းရသည့်ဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုမတိုင်ခင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇   ရက်အထိ   ပါရာဂွေးနိုင်ငံ   အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု     အမွေအနှစ် ညီလာခံတွင်  ယူနက်စကို၏   ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်သည်  မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာသကဲ့သို့  မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး  ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါးအလှကုန်ပစ္စည်းအများစုကို Mercury၊ Hydroquinone၊    Betamethasone   17 Valerate စသည့် တားမြစ်ဓာတုဆေးဝါး များဖြင့် ပြုပြင်ဖော်စပ်ထားခြင်းဖြစ်သည်။

သုံးစွဲသူများကို      ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များအစား      ရှေးထုံးမပျက်   မြန်မာ့ရိုးရာသနပ်ခါးကို  ကိုယ်တိုင်သွေးလိမ်းပြီး  အလှဆင်သင့်သည်။

ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာကြရာ သနပ်ခါးမှာ    Antioxidant  (ခေါ်)   ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို    သက်သာစေသော ဓာတ်ပစ္စည်းများ၊   ဗက်တီးရီးယားများ ကို သေစေသောဓာတ်များနှင့် အရေပြားအရောင်ကို ပြောင်းလဲစေသော ဟော်မုန်းထွက်ရှိမှုကို      ဟန့်တားပေးနိုင်သည့်ဓာတ်ပစ္စည်းများ    သဘာဝအလျောက်ပါရှိနေကြောင်း  လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးသည် နေပူဒဏ်၊ နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားကြသည်။

အလားအလာကောင်းသော မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို    အသင့်လိမ်း၍ရသည့်အဆင့်ထိ  အချောထည်ထုတ်လုပ်ကာ  ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊   မြန်မာ့သနပ်ခါး   စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့သနပ်ခါးသည် ပြည်တွင်းစျေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး  ပြည်ပစျေးကွက်အနေဖြင့် အကြမ်းထည်အဖြစ်  တင်ပို့၍မရသည့်အတွက်  လိမ်း၍ရသည့်အဆင့်ထိ အချောထည်ထုတ်လုပ်ကာ ခရင်မ်ပုံစံမျိုးပြုလုပ်ပြီး တင်ပို့ရမည်ဖြစ်ကြောင်း  သိရသည်။

ပြည်တွင်း၌ သနပ်ခါးကို  မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး  ခန့်မှန်းစိုက်ဧက သုံးသိန်းခန့်ရှိကြောင်းနှင့်  သနပ်ခါးပင်များသည်     ခြောက်နှစ်မှ   ခုနစ်နှစ်အတွင်း စျေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးများကို    အပင်သက်တမ်းငါးနှစ်မှ  ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း   ၃၅   နှစ်ကြာမြင့်ကြောင်း  လေ့လာသိရှိရသည်။

သနပ်ခါး၏ ဆေးဖက်ဝင်အသုံးပြုပုံများ

မြန်မာလူမျိုးများသည်  သနပ်ခါးကို အလှအပအတွက်   အသုံးပြုသည့်အပြင် ဆေးဖက်ဝင်သည့်    အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ကြိုက်နှစ်သက်ကြသည်။ မြန်မာ့ဆေးကျမ်းအရ သနပ်ခါးသည် ပူ၏၊ သွေးကိုကြွစေ၏၊ ပူခါးချုပ်ပွင့်ဖြစ်၏၊ ငန်းမန်းကိုနိုင်စေ၏၊ အပူနာ၊ အအေးနာ နှစ်မျိုးစလုံးတွင် သုံးနိုင်၏။ အပင်၏အရွက်၊ အသီး၊ ပင်စည်၊ အမြစ်အားလုံးကို အသုံးပြုနိုင်၏ဟု ဖော်ပြထားပါသည်။

အရွက်၏ ဆေးဖက်ဝင်ပုံ

သနပ်ခါးကို ဝက်ရူးပြန်ရောဂါကုသဆေးဖော်စပ်ရာတွင်  အသုံးပြုနိုင်သည်။  အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍   ရေချိုးပြီး   ချွေးအောင်းပေးပါ။   အရွက်ပြုတ်ရည်ကို   ဆားများများခတ်၍သောက်ပါက     ငှက်ဖျားရောဂါပျောက်စေသည်။ မြုံနေသောအနာများအတွက် အရွက်ကိုကြိတ်၍ ဆန်ဆေးရည်နှင့်   သောက်ပေးပါ။  အရွက်ခြောက်ကို နေလှန်း၊ အမှုန့်ပြုလုပ်ပြီး  ရေဖြင့်သောက်ပါက   အဖောအရောင်၊    အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ       ကင်းရှင်းပပျောက်စေသည်။

အသီး၏ဆေးဖက်ဝင်ပုံ

သနပ်ခါးသီးကို  အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင်  ထည့်သွင်းအသုံးပြုနိုင်သည်။   အရွက်  သို့မဟုတ် အသီးလက်တစ်ဆုပ်စာကို    ရေနွေးဖြင့်ပြုတ်ပြီး ခပ်နွေးနွေးအရည်ကို  ငုံဆေး၊ အဖတ်ကို နာနေသောနေရာပေါ်ကပ်ပေးပါက   သွားနာ၊ သွားကိုက်သက်သာစေသည်။

ပင်စည်၏ဆေးဖက်ဝင်ပုံ

သနပ်ခါးကို   တစ်ကိုယ်လုံးလိမ်းပေးပါက  ခန္ဓာကိုယ်တွင်းရှိ   မျက်စိဖြင့်မမြင်နိုင်သော  အညစ်အကြေးနှင့်  အခိုးတို့အား ခန္ဓာကိုယ်ပြင်ပသို့ သနပ်ခါးက      စုပ်ယူဆွဲငင်ယူပြီး အပူအပုပ်များ ထွက်စေပါသည်။  သနပ်ခါးကို မှန်မှန်လိမ်းပေးပါက  တင်းတိပ်၊ မှဲ့ခြောက်နှင့်  အဆီပြန်ခြင်းမှကင်းဝေးပြီး    အသားအရေအေးမြ၍ နေလောင်ဒဏ်သက်သာစေကာ  အသားအရေ   စိုပြည်လှပစေသည်။  ဝက်ခြံအစိုများအတွက်      သနပ်ခါးတုံးကိုသွေး၍ သံပရာရည်အနည်းငယ်ထည့် လိမ်းပေးပါ။ ဝက်ခြံအမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့၊ ညလိမ်းပါ။   သနပ်ခါးတွင်ဆားအနည်းငယ်ရောထည့်လိမ်းပေးခြင်းဖြင့်   မိတ်၊ အင်ပျဉ်တို့ယားယံခြင်းမှ သက်သာစေသည်။ ရေနွေးပူလောင်နှင့်     မီးပူလောင်ဒဏ်ရာများအတွက် သနပ်ခါးထူထူလိမ်းအုံပေးခြင်းဖြင့် အသားအရေကို ပကတိအတိုင်း ပြန်လည်ရရှိစေသည်။

အရေပြားပါးလွှာပြီး   ယားနာဖုများ  မကြာခဏထွက်လေ့ရှိသူများအနေဖြင့်  Dettol  ဆပ်ပြာသုံး၍  ရေချိုးသန့်စင်ပြီးနောက်  သနပ်ခါးထူထူလိမ်းပါ။ ငှက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနှင့်     အစာအိမ်နာရောဂါတို့ကို ကုသရာ၌လည်း သနပ်ခါးကို  ဆေးဝါးအဖြစ်  အသုံးပြုနိုင်သည်။  သနပ်ခါးတုံးအနှစ်သားကို   သွေး၍လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့အေးမြစေသည်။ 

(ခြွင်းချက်အနေဖြင့် သနပ်ခါးလိမ်းရာတွင် အရေပြားပါးလွှာ၍  နုနယ်သော  မျက်ဝန်းတစ်ဝိုက်ကို   ရှောင်ရပါမည်။  အဘယ်ကြောင့်ဆိုသော်  သနပ်ခါးပျစ်ပျစ်ထူထူလိမ်းပြီးနောက်  ခြောက်သွားသောအခါ အရေပြားကို    တင်းဆွဲနေသလိုခံစားရပါလိမ့်မည်။ ထို့ပြင်  မျက်ဝန်းတစ်ဝိုက်အရေပြားကို ဆွဲ၊ ဆန့်၊ ကျုံ့၍  တွန်းအားဖြစ်စေပြီး    မျက်ဝန်းတစ်ဝိုက်အရေပြားများကို    တွန့်လာစေမည်။)       သနပ်ခါးသွေးရည်ကို    တစ်ဝကြီးရှူရှိုက်ပေးခြင်းဖြင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခေါင်းကိုက်၊  ခေါင်းအုံ၊ ဇက်ကြောထိုး၊ နှာခေါင်းပိတ်စသောရောဂါများကို သက်သာပျောက်ကင်းစေသည်။ အနာတစ်ဝိုက်က အရေပြားပေါ် ကို သနပ်ခါးရည်ကြည် ပွတ်လိမ်းပေးခြင်းက   ငန်းမန်းကိုနိုင်ပြီး အပူနာ၊   အအေးနာနှစ်မျိုးစလုံးအတွက် ကောင်းကျိုးပြုသည်။  အမျိုးသမီးများ မီးယပ်ဖြူဆင်းပြီး   ခန္ဓာကိုယ်ပူနွေးနေလျှင်    ကံ့ကော်ဝတ်ဆံနှင့် သနပ်ခါးရောသွေးပြီး      သကြားအနည်းငယ်ထည့် သောက်ပါ။  အပူများသောဒေသများတွင် သနပ်ခါးခြောက်သွားသည်နှင့်     ထပ်ခါထပ်ခါလိမ်းပေးပါက အပူငြိမ်းစေပါသည်။  သနပ်ခါးက   ခါးသက်သက်အရသာရှိပြီး    ဆန်ဆေးရည်ဖြင့်သွေး၍    သောက်ပေးပါက       အနာဝင်(အနာမြုံ)ရောဂါကို    သက်သာပျောက်ကင်းစေသည်။  နွေရာသီ၌      ကလေးများတွင်ဖြစ်လေ့ရှိသော  အပူဖု၊   အပူနာ၊   ကျောက်၊     ဝက်သက်ပေါက်ချိန်များတွင်   သနပ်ခါးသန့်သန့်သွေးပြီး ခွံ့ပေးပါ။  တစ်ကိုယ်လုံးလိမ်းပေးပါ။ ရင်ခွင်ပိုက်ကလေးငယ်များ အညှော်မိရာတွင် သနပ်ခါးသွေးရည်အနည်းငယ်ခွံ့ပေးခြင်းဖြင့်    အညှော်ထွက်စေပါသည်။

အမြစ်၏ဆေးဖက်ဝင်ပုံ

သနပ်ခါးအမြစ်ကို   ဝမ်းနုတ်ဆေး၊   ချွေးထုတ်ဆေးတို့ဖော်စပ်ရာတွင်  ထည့်သုံးလေ့ရှိသည်။  မီးယပ်ရောဂါရှိသူများ အမြစ်ကို  နနွင်းမှုန့်နှင့်သွေး၍   သောက်ပေး၊ လိမ်းပေးပါက သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပျောက်ကင်းစေသည်။ ကလေးများ အအေးမိ၊ အစားမှား၊ချွဲကပ်   စသည်တို့အတွက်     သနပ်ခါးအမြစ်တုံးသွေး၍ ကွမ်းရွက်စိမ်းရည်ဆတူရောပြီး     တိုက်ကျွေးပေးပါ။   သနပ်ခါးမြစ်    ငါးပဲသားကို    ပျားရည်ခြောက်ပဲသားနှင့်ရော၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်းစေသည်။ သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရော၍လျက်ပေးပါက အစာအိမ်ရှိ အဆိပ်ကိုပြေစေသည်။ အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေချောမွတ်စေပါသည်။  သနပ်ခါးအမြစ်ကို  ဆားနှင့်သွေးပြီး   နေ့စဉ်ပုံမှန်ရေနွေးကြမ်းပန်းကန်    တစ်ဝက်ခန့်သောက်သုံးပေးပါက  အသည်းရောင်ရောဂါပျောက်ကင်းစေသည်။

သတိပြုရန်

သဘာဝသနပ်ခါးတုံးစစ်စစ်များ ရှိကြသကဲ့သို့  ကြိတ်ပြီးသားအသင့်သုံး သနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍  သနပ်ခါးအရည်၊  အနှစ်စသည်ဖြင့် ဘူး၊ ပုလင်းတို့ကို   အလွယ်တကူဝယ်ယူရရှိနိုင်သည်။    ယင်းအသင့်သုံးသနပ်ခါး ဘူးနှင့်ပုလင်းများတွင် တာရှည်ခံစေရန်နှင့်  တခြားအမွှေးနံ့ပစ္စည်းများ  ပါဝင်သောကြောင့် လူတချို့၌ ဓာတ်မတည့်မှုများ  ဖြစ်စေနိုင်ပါသည်။ သို့သော် စျေးကွက်ထဲတွင် စံချိန်စံနှုန်းပြည့်အသိအမှတ်ပြု   သနပ်ခါးဘူး၊   ပုလင်းများရှိကြရာ မိမိအသားအရေနှင့်    ဓာတ်တည့်သော အသင့်လိမ်းသနပ်ခါးဘူးများကို ရွေးချယ်အသုံးပြုသင့်သည်။

၂၀၂၁   ခုနှစ်မှစ၍    နိုင်ငံတော်က တပို့တွဲလပြည့်နေ့ကို  "မြန်မာ့သနပ်ခါးနေ့"အဖြစ် အထူးတလည်သတ်မှတ်လိုက်သည်။ သနပ်ခါးစိုက်ဒေသများဖြစ်သော   အရာတော်၊ ရေစကြို၊ မြိုင်၊  ရွှေဘိုနှင့် ပေါက်မြို့များ၌ တပို့တွဲလပြည့်ညတွင်  မြို့အလိုက်   ဘုရားများတွင် သနပ်ခါးမီးပူဇော်ခြင်း   (သနပ်ခါးဖြင့် အနွေးဓာတ်ပူဇော်ခြင်း)များ   ပြုလုပ်ကြသည်။

အချုပ်ဆိုရသော်   ယခုအခါ  မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ  အားတက်သရောကြိုးပမ်းလျက်ရှိရာ    မြန်မာ့သနပ်ခါး    ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်စာရင်းအဖြစ် ကမ္ဘာ့အလယ်တွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

News Image

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်းအတွင်း၌ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။