နေ့စဉ်ဘ၀မှာ ဟင်းသီးဟင်းရွက် ပိုစားသုံးသင့်သောအကြောင်းများ ဟင်းသီးဟင်းရွက်စားသုံးသူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်ခြေနည်းပါး

Posted_Date

Image

နေ့စဉ်ဘ၀မှာ ဟင်းသီးဟင်းရွက် ပိုစားသုံးသင့်သောအကြောင်းများ ဟင်းသီးဟင်းရွက်စားသုံးသူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်ခြေနည်းပါး

Body

ဟင်းသီးဟင်းရွက်စားသုံးသူများ သို့မဟုတ် အသားဟူ၍ ငါးကိုသာစားသုံးသူများသည်  အသားစားသူတို့နှင့်   နှိုင်းယှဉ်ပါက ရောဂါလက္ခဏာပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေ ပို၍နည်းပါးကြောင်း သုတေသနပညာရှင်များက လေ့လာတွေ့ရှိထားသည်။  အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလူးဟတ်ပြည်သူ့ကျန်းမာရေးသိပ္ပံမှ သုတေသနပညာရှင်များ၏ လေ့လာချက်အရ အပင်ထွက်ပစ္စည်း အခြေခံအစားအစာကို     အဓိကစားသုံးသူများ၌   ရောဂါလက္ခဏာ အတော်အသင့်ပြင်းထန်သော   သို့မဟုတ်   အလွန်ပြင်းထန်သောကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေမှာ အသားစားသူများထက် ၇၃ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သိရသည်။

အလားတူ တခြားအသားများမစားဘဲ ငါးကိုသာ အဓိကစားသုံးသူများ၌လည်း ရောဂါလက္ခဏာအတော်အသင့်ပြင်းထန်သော သို့မဟုတ်အလွန်ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ခြေမှာ အသားစားသူများထက် ၅၉ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။ အဆိုပါသုတေသနပညာရှင်များသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လနှင့် စက်တင်ဘာလကြားကာလအတွင်း  ကပ်ဘေးကို ရှေ့တန်းမှရင်ဆိုင်ခဲ့ကြသော  ဆရာ၀န်နှင့် သူနာပြုများ၏ အစားအစာစားသောက်မှုပုံစံ၊ ကျန်းမာရေးမှတ်တမ်းနှင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုပုံစံတို့ကို လေ့လာပြီးနောက် အစားအစာနှင့် ရောဂါပြင်းထန်နိုင်မှုတို့ကြား ဆက်စပ်မှုတို့ကို ယခုကဲ့သို့ ဖော်ထုတ်တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်စားသူများ နာတာရှည်ရောဂါဖြစ်နိုင်ခြေ ကျဆင်း

အသားစားသူများနှင့်နှိုင်းယှဉ်ပါက အသီးအရွက်ကို အဓိကစားသုံးသူများသည် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် တခြားနာတာရှည်ကျန်းမာရေးပြဿနာများ   ဖြစ်နိုင်ခြေ   ပုံမှန်ထက်ကျဆင်းနေတတ်ကြောင်း သိရသည်။ အထူးသဖြင့် အသီးအရွက် အဓိကစားသုံးသူများတွင်အထက်ပါရောဂါဘယများ၏ လက္ခဏာဖြစ်ဖွယ်ရှိသော ဇီ၀လက္ခဏာ၁၃ မျိုး၏အဆင့် သိသိသာသာကျဆင်းနေတတ်ကြောင်း စကော့တလန်နိုင်ငံ ဂလက်စတိုတက္ကသိုလ်မှ သုတေသနပညာရှင်များကဆိုသည်။ယင်းသုတေသီများသည် အရွယ်ရောက်သူဦးရေ ၁၇၇,၀၀၀ ကိုလေ့လာခဲ့ရာ အသီးအရွက်စားသုံးသူများသည် အသားစားသုံးသူများထက် ရောဂါအခြေပြ ဇီ၀လက္ခဏာများ ကျဆင်းနေတတ်သည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။

ရောဂါတို့၏ ရှေ့ပြေးလက္ခဏာများဖြစ်နိုင်သည့် ဇီ၀လက္ခဏာများထဲတွင် LDL နှင့် HDL ကိုလက်စထရော နှစ်မျိုးပေါင်းပမာဏ၊ LDL ကိုလက်စထရောပမာဏ စသည်တို့ပါ၀င်ကြောင်း သိရသည်။ ထို့ပြင် ဟင်းသီးဟင်းရွက်စားသုံးသူများတွင် နှလုံးရောဂါနှင့် ဆက်စပ်နေသည့် ပရိုတင်းနှစ်မျိုးနှင့် အသည်းပျက်စီးနေသူများတွင်တွေ့ရသည့် အင်ဇိုင်းနှစ်မျိုး ပါ၀င်မှုအဆင့်မှာ ကျန်းမာရေးနှင့်ညီညွတ်သောအဆင့်တွင်ရှိနေတတ်ကြောင်း စတော့တလန်သုတေသနပညာရှင်များက ပြောကြားသည်။  

ဟင်းသီးဟင်းရွက်နှင့်သစ်သီး၀လံ ပိုစားခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်

ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများက ခန္ဓာကိုယ်ကျန်းမာစေသည့် အစားအစာဟုသာ လူသိများကြသော်လည်း ၎င်းတို့၏ အကျိုးကျေးဇူးများက ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ကိုလည်း လွန်စွာကောင်းကျိုးဖြစ်စေသည်။ ကျန်းမာရေးသုတေသီများ၏ လေ့လာတွေ့ရှိချက်အသစ်အရ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံ ပိုစားပေးခြင်းက    ရက်သတ္တနှစ်ပတ်အတွင်းမှာပင်   သိသိသာသာစိတ်အာရုံခံစားမှုကို ပိုမိုကောင်းမွန်စေကြောင်း သိရသည်။ အဆိုပါစမ်းသပ်မှုကို နယူးဇီလန်နိုင်ငံ The University of Otago ရှိ စိတ်ပညာဌာနမှ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို ၁၄ ရက်တိတိနေ့စဉ်ပိုမိုစားသောက်စေပြီးနောက် ၎င်းကျောင်းသား၊ ကျောင်းသူများမှာ တက်ကြွရွှင်လန်း၍ စိတ်ခံစားမှု တိုးတက်မြင့်မားလာသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါတွေ့ရှိချက်ကို The Journal PLOS One ဟု အမည်ရသည့် အစားအသောက်ဆိုင်ရာ ကျန်းမာရေးဂျာနယ်တစ်စောင်တွင်ဖော်ပြထားသည်။

ယင်းအဆိုကို အမေရိကန်ပြည်ထောင်စုရှိ စိုက်ပျိုးရေးဌာနမှ ထောက်ခံထားပြီး ကျောင်းသား၊ ကျောင်းသူများသည် သစ်သီး၀လံနှစ်ခွက်နှင့် ဟင်းသီးဟင်းရွက် သုံးခွက်တို့ကို နေ့စဉ်စားပေးသင့်ကြောင်း အကြံပြုထားသည်။ ဥပမာအားဖြင့် သစ်သီး၀လံတစ်ခွက်ဆိုသည်မှာ ဂရိတ်ဖရုသီးတစ်၀က်  သို့မဟုတ်  လိမ္မော်သီးတစ်လုံးကို   ဆိုလိုခြင်းဖြစ်ပြီးဟင်းသီးဟင်းရွက်တစ်ခွက်ဆိုသည်မှာ ငရုတ်ချိုပွကြီးတစ်ခု သို့မဟုတ် မီးကင်ထားသော  ကန်စွန်းဥတစ်လုံးကိုဆိုလိုခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများများစားပေးခြင်းက စိတ်အာရုံခံစားမှုကို ပိုမိုတိုးတက်ကောင်းမွန်စေရုံမျှမက အ၀လွန်ရောဂါ၊ သက်ကြီးပိုင်းတွင် ဖြစ်လေ့ရှိသော ဆီးချိုရောဂါအမှတ်-၂၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါတော်တော်များများကို ဖြစ်မလာအောင် လျှော့ချပေးနိုင်သည်။

ဟင်းသီးဟင်းရွက်နှင့်သစ်သီး၀လံများ ပိုစားပေးခြင်းက စိတ်ကျန်းမာရေးနှင့် မည်ကဲ့သို့ပတ်သက်ဆက်စပ်နေသနည်းဟု စာဖတ်သူတို့သိလိုပေလိမ့်မည်။ The University of Otago ရှိ စိတ်ပညာဌာနမှသုတေသီများက ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများသည် ကျန်းမာရေးအခြေအနေနှင့်    မည်သို့မည်ပုံပတ်သက်ဆက်နွှယ်နေကြောင်းကို ယခုကဲ့သို့ ဆက်လက်၍  လေ့လာခဲ့ကြသည်။ သုတေသီများကအသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦးကိုအုပ်စုသုံးခုခွဲ၍  ရက်သတ္တနှစ်ပတ်ကြာ  အောက်ပါအတိုင်း စမ်းသပ်ခဲ့ကြသည်။

-  ပထမအုပ်စုတွင်   ပါဝင်သူများကို ၎င်းတို့စားနေကျပုံမှန်အတိုင်း       စားသောက်စေသည်။

-    ဒုတိယအုပ်စုတွင် ပါဝင်သူများကိုမူ ၎င်းတို့စားနေကျ အစားအစာ အပြင်  မုန်လာဥနီ၊ ကီဝီသီး၊ ပန်းသီး၊ လိမ္မော်သီး စသည်ဖြင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီး၀လံ လတ်လတ်ဆတ်ဆတ်တို့ကိုလည်း တစ်နေ့တစ်ကြိမ်နှုန်းဖြင့် နေ့စဉ် စားသောက်စေသည်။

-   တတိယအုပ်စုတွင်  ပါဝင်သူများကို ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ သူတို့စားနိုင်သလောက် များများပိုမိုစားစေပါသည်။

ထိုသို့ စားသောက်စေပြီးနောက် ရက်သတ္တနှစ်ပတ်ကြာတွင် အုပ်စုသုံးခုတွင် ပါဝင်သူအားလုံးကို ပျော်ရွှင်မှု၊ တက်ကြွမှု၊ စိတ်အားငယ်မှု၊  စိုးရိမ်ပူပန်မှု၊  စိတ်ဆန္ဒစောမှု၊ စိတ်ဓာတ်ကျမှု စသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေနှင့်ပတ်သက်သည့် မေးခွန်းများဖြင့် လေ့လာဆန်းစစ်ကြည့်ခဲ့သည်။ ထိုအခါ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများကို တစ်နေ့သုံးကြိမ်ခန့်  များများပိုစားနိုင်သော တတိယအုပ်စုတွင်ပါဝင်သူများမှာ စိတ်ကျန်းမာရေး သိသိသာသာပိုမိုတိုးတက်ကောင်းမွန်နေသည်ကို တွေ့မြင်ရသည်။ ကျန်အုပ်စုနှစ်ခုတွင်ပါဝင်သူများကစမ်းသပ်မှုကာလပြီး၍ ရက်သတ္တနှစ်ပတ်ကျော်သည့်တိုင် စိတ်ပိုင်းဆိုင်ရာခံစားမှုအခြေအနေ တိုးတက်ပြောင်းလဲလာသည်ကို မတွေ့ရပေ။ ထို့ကြောင့် The University of Otago ရှိ စိတ်ပညာဌာနမှ သုတေသီများက "FV [fruits and vegetables] များများစား၊ လူငယ်လူရွယ်များ"ဟူ၍ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်ပုဒ်တစ်ခုကို မှတ်တမ်းတင်ခဲ့သည်။

အနီရောင်အသားစားသုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများ

၀က်သား၊ အမဲသား အပါအ၀င် ခြေလေးချောင်းသား အနီရောင် အသားများစားသုံးခြင်းက သံဓာတ်၊ အသားဓာတ်နှင့် ပရိုတင်းဓာတ် တို့ကို ပေးစွမ်းနိုင်သော်လည်း တစ်နေ့တာစားသင့်သည့်အတိုင်းအတာထက် ပို၍ဖြစ်စေ၊  နေ့စဉ်ရက်ဆက်စားသုံး၍ဖြစ်စေ လွန်လွန်ကဲကဲ စားသုံးပါက ကျောက်ကပ်ပျက်စီးခြင်း၊ အစာအိမ်ရောဂါအပါအ၀င် အူမကြီးကင်ဆာဖြစ်စေခြင်း၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါဖြစ်ခြင်း၊ မိသားစုထဲတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါရာဇ၀င်ရှိသူများအနေဖြင့် ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများလာခြင်း စသည့်ကျန်းမာရေးပြဿနာများ မလွဲမသွေတွေ့ကြုံလာနိုင်သည်။    ထို့ပြင်   တိရစ္ဆာန်တို့၏ကလီစာများကို  စားသုံးပြီးနောက် လူ့ခန္ဓာကိုယ်ထဲ ရောက်ရှိသည့်အခါ ယင်းအစားအစာနှင့်ပါလာသောအဆိပ်အတောက်များကို လူ့ခန္ဓာကိုယ်တွင်းရှိ အသည်းနှင့် ကျောက်ကပ်တို့က အချိန်တော်တော်ကြာ ပြန်လည်သန့်စင်အောင် ရှင်းလင်းပေးရသည်။ ထို့ကြောင့် တိရစ္ဆာန်တို့၏ကလီစာကို စားသုံးခြင်းက လူသားတို့၏အသည်းနှင့် ကျောက်ကပ်တို့ကို ဝန်ပိ၍ ပင်ပန်းစေပါသည်။ အထူးသဖြင့် ဘီပိုး၊ စီပိုးကူးစက်ခံထားရသူ၏ ခန္ဓာကိုယ်ထဲတွင် သံဓာတ်များလျှင်   အသည်းမှာ   အမာရွတ်ပို၍ထင်လွယ်သဖြင့်သံဓာတ်များစွာပါသော အစားအစာများဖြစ်ကြသည့် အနီရောင်အသားများ အပါအ၀င် အသည်း၊ အမြစ်၊ သွေးခဲ  စသည်တို့ စားသုံးခြင်းမှ အထူးရှောင်ကြဉ်သင့်သည်။

အချုပ်အားဖြင့်ဆိုသော် ကူးစက်မြန်ဆန်သော ကိုဗစ်-၁၉ ရောဂါခံစားရပြီးနောက် နာတာရှည်ရောဂါရှိသူများအနေဖြင့် ဘ၀နေထိုင်မှုပုံစံကို ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ လိုက်နာ၍ ပြုမူနေထိုင်ရုံမျှမက စားသောက်မှုပုံစံကိုလည်း အထူးဂရုစိုက်ရန်လိုပါသည်။ ထို့ကြောင့် အထက်တွင်ရေးသားဖော်ပြထားသည့် အချက်အလက်များကို   လေ့လာမှတ်သားကာ   သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံတို့ကို နေ့စဉ်ဘ၀တွင် ပိုမိုစားသုံးသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။         

Source: https://myawady.net.mm/stories

Photo Credit to https://www.news-medical.net/

 

စစ်ရေးစစ်ရာ ပျို့လင်္ကာသုံးစောင်

Posted_Date

Image

စစ်ရေးစစ်ရာ ပျို့လင်္ကာသုံးစောင်

Body

ကုန်းဘောင်ခေတ်စာဆိုအကျော် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် နန္ဒီသေနပျို့(၁၁၂၈ ခုနှစ်)သေနင်္ဂဗျူဟာပျို့(၁၁၄၇ ခုနှစ်)နှင့်  ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)တို့ကို  ခေတ်အခြေအနေအခင်းအကျင်းနှင့် စစ်ရေးဆိုင်ရာလိုအပ်ချက်အရဖွဲ့ဆိုခဲ့သည်။

ပျို့သည် ကဗျာအမျိုးအစားထဲတွင် ရိုးရှင်းသောအဖွဲ့အနွဲ့ဖြစ်သည်။ ကာရန်ဖြင့်ချိတ်ဆက်ထားသော လေးလုံးစပ်တစ်ပါဒစီ၊ ပါဒပေါင်းများစွာ၊ ပိုဒ်ရေပေါင်းများစွာ ကန့်သတ်ချက်မရှိ လွတ်လပ်စွာဖွဲ့သီနိုင်သောအဖွဲ့တစ်မျိုးဖြစ်သည်။ ပျို့စာဆိုသည် သိမှတ်စရာအကြောင်းအရာများကိုသဒ္ဓါလင်္ကာရ၊ အတ္ထာ လင်္ကာရတို့ဖြင့် တန်ဆာဆင်၍ နှစ်သက်ဖွယ်ကောင်းအောင်ဖွဲ့ဆိုသော လေးလုံးစပ်လင်္ကာရှည်တစ်မျိုးဖြစ်သည်။

ပျို့ဟူလျှင် - နှစ်သက်ဖွယ်ကောင်းရမည်။သိမှတ်စရာအကြောင်းအရာများပါဝင်ရမည်ဟုဆိုထားရာ ဖော်ပြပါပျို့ဂုဏ်ရည်များသည် လက်ဝဲသုန္ဒရ၏ စစ်ပျို့သုံးစောင်တွင်ပြည့်လျှမ်းနေသည်။

ပျို့ကဗျာတွင် အရင်းခံကိုယ်ထည်ရှိသည်။ ကိုယ်ထည်ကိုတန်ဆာဆင်ရာတွင် စာဆို၏ဉာဏ်ရည်ဉာဏ်သွေးရှိသည့်အလျောက် ပိဋကတ်ကျမ်းဂန်ဂန္ထန္တရ၊ လောကအတွေ့အကြုံအတွေးအမြင်၊ အယူအဆတို့ ဖြင့် ပုံဖော်နိုင်သည်။ ခြယ်မှုန်းနိုင်သည်။ တန်ဆာဆင်နိုင်သည်။ သို့ဖြစ်ရာ ပျို့ကဗျာတွင် ပျို့ဆရာ၏စိတ်စေတနာနှင့် ခေတ်သရုပ်ကိုပါတွေ့မြင်နိုင်သည်။

ပျို့စာဆိုသည်   မြန်မာ့သေနင်္ဂဗျူဟာအကြောင်းပြောချင်သောအခါ ဆီလျော်မည့်ဇာတ်ကိုရှာသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကိုတွေ့သည်။ ဇာတ်တော်ကိုပျို့အသွင်ဖန်တီးသည်။သေနင်္ဂနှင့်ပတ်သက်၍ပြောရန် ဇာတ်ကွက်နှင့်ဇာတ်ရုပ်ကိုရှာပြန်သည်။နန္ဒီသေနအမတ်ကြီးကိုတွေ့သည်။ နန္ဒီသေနအမတ်ကြီး၏ဇာတ်ရုပ်ကို မိမိခစားခဲ့သော၊  လေးစားကြည်ညိုရင်းရှိသော ကျေးဇူးရှင်အလောင်းမင်းတရားကြီး၏ စစ်ရည်စစ်သွေး၊ စစ်တွေးစစ်ကြံ၊ စစ်ဟန်စစ်ထုံးများဖြင့် ခြယ်မှုန်းလိုက်သည်။ ကိုယ်ပြောလိုသောစကားကို နန္ဒီသေနအမတ်ကြီး၏ အငှားပါးစပ်ဖြင့် ပြောခိုင်းလိုက်သည်။ ပြောခိုင်းလိုက်ရသော်လည်း စာဆိုမှာအားမရသေးပေ။ ဇာတကမှ ပျို့အဖြစ်ဖန်တီးရာတွင် ဇာတ်ကြောင်းကိုငဲ့နေရသဖြင့် ပြောချင်သည်များကျန်ရစ်နေပေသေးသည်။

ထို့ကြောင့် စစ်သူကြီးတို့လက်စွဲကျမ်းအနေဖြင့် သေနင်္ဂဗျူဟာပျို့ကိုရေးဖွဲ့ခဲ့သည်။ထိုပျို့တွင်မူ ဇာတ်လမ်းမပါ၊ ရသမနွှယ်ဘဲသုတသာကဲသည်။ စစ်ရေးဆိုင်ရာဆောင်ရန်ရှောင်ရန်များ မြန်မာ့သေနင်္ဂဆိုင်ရာမှတ်သားလိုက်နာဖွယ်ရာများကိုလမ်းညွှန်ထားသည်။ အာဂုံဆောင်လေ့ကျက်၍ စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ကျင့်သုံးရန်  သတိပေးခဲ့သည်။

သေနင်္ဂဗျူဟာပျို့ဖွဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဗျူဟစက္ကိပျို့ကိုထပ်မံရေးဖွဲ့ပြန်သည်။ ဤပျို့ပါအချို့သောအကြောင်းအရာများသည်နန္ဒီသေနပျို့တွင်လည်းကောင်း၊ သေနင်္ဂဗျူဟာပျို့တွင်လည်းကောင်းပါဝင်ပြီးဖြစ်သည်။ သို့သော်...စာဆို၏စေတနာသည် ထိုပျို့နှစ်စောင်နှင့်အားမရ တင်းတိမ်၍မနေထပ်မံပေးလိုသေးသည်။ အသစ်အသစ်ပေါ်ထွန်းလာမည့် မြန်မာ့စစ်ရေးခေါင်းဆောင်များ၊ မြန်မာ့စစ်သွေးထက်သူများအတွက် မှာကြားလိုသေးသည်။ လမ်းညွှန်လိုသေးသည်။ ထို့ကြောင့်ဗျူဟစက္ကိပျို့တွင်     သေနင်္ဂဗျူဟာရေးဖွဲ့စဉ်ကကဲ့သို့ အသေးစိတ်မရှင်းလင်းခဲ့ရသော  စစ်ဖျက်ခြင်းခြောက်ပါးကို   မြန်မာ့သမိုင်းလာတိုက်ပွဲစဉ်များဖြင့် ချိန်ထိုးညွှန်ပြသည်။ ယခင်ပျို့များတွင် လမ်းညွှန်ရန်ကျန်ရစ်ခဲ့သော စစ်ခေါင်းဆောင်များအတွက် စစ်ရေးလမ်းညွှန်တစ်စိတ်တစ်ဒေသကိုလည်းဖော်ပြပေးလိုက်သေးသည်။

သေနင်္ဂဗျူဟာစစ်သမိုင်း(၁၉၄၃ခုနှစ်)၏ဥယျောဇဉ်တွင် ထိုစဉ်ကသေနာပတိချုပ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက “ယခုခေတ်ပြောင်းခေတ်လွဲအခြေအနေအမျိုးမျိုးကိုထောက်ကာ  ရှေးကရှိသည့်သေနင်္ဂဗျူဟာကျမ်းအမျိုးမျိုးကိုလေ့လာထိုက်သည်သာတည်း . . . ”ဟုတိုက်တွန်းခဲ့သည်သာမက  မြန်မာ့စစ်သေနင်္ဂဗျူဟာနှင့် ခေတ်သစ်သေနင်္ဂဗျူဟာကို ချိန်ထိုးပြခဲ့သည့်သာဓကရှိခဲ့ပေသည်။

ရှေးပဝေသဏီကတည်းက အခြေတည်ခဲ့သော မြန်မာတို့သည်  ပထမမြန်မာနိုင်ငံတော်-ပုဂံခေတ်မှသည် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်အထိ စစ်ရေးအသွင်၊  စစ်ရေးအမြင်များဖြင့်သာ နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်မဟုတ်။ အမျိုးဘာသာသာသနာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးသောစစ်သွေးတို့ဖြင့်ပါ   တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ ခွာ၍မတွန့်” အသက်စွန့်ဝံ့သူများဖြစ်သည်။

“မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည့်”သူများလည်းဖြစ်ကြသည်။

ဗြိတိသျှတို့၏သိမ်းယူမှုမှလွဲ၍ တိုင်းတစ်ပါးသားတို့၏ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ခြင်းမှာလည်း စစ်မှန်သောစစ်သွေးတို့ဆူဝေနေသည့် ခိုင်ကျည်သောမြန်မာ့စိတ်ဓာတ်ကြောင့်ဖြစ်ပေသည်။

 ဗြိတိသျှတို့သည် မြန်မာပြည်ကို အလွယ်တကူသိမ်းယူသည်ဟုဆိုရမည်ဖြစ်သော်လည်း မြန်မာ့မျိုးချစ်တော်လှန်ရေးသမားတို့၏ နေရာအနှံ့အပြားမှ အုံကြွတော်လှန်မှုကိုကား   ခက်ခက်ခဲခဲနှိမ်နင်းခဲ့ရသည်။ စစ်စရိတ်ကုဋေချီကာသုံးစွဲခဲ့ရသည်။  အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်၌လူ ၂၉၀၂ ဦးတွင် ပုလိပ်တစ်ဦးအချိုးဖြင့် တာဝန်ယူထိန်းသိမ်းနေချိန်တွင် အထက်မြန်မာနိုင်ငံ၌ လူ ၁၇၃ ဦးတွင် ပုလိပ်တစ်ဦးတာဝန်ယူနေရသည်မှာ စစ်ရည်စစ်သွေးပြည့်ဝနေသော မြန်မာတို့၏သူ့ကျွန်မခံလိုသော နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမည်မျှပြင်းထန်သည်ကိုထင်ရှားစေခဲ့သည်။

ထို့ပြင် မြန်မာမျိုးချစ်တပ်မတော်သားတို့သည် ဖက်ဆစ်ဂျပန်တို့ထံမှစစ်ပညာသင်ကြားခွင့်ရရှိသောအခါတွင် သင်ကြားပေးသည့်စစ်နည်းဗျူဟာများမှာ ချီစစ်၊ ထိုးစစ်နှင့်ဖျက်စစ်များကိုသာသင်ကြားပေးသည်။ခွာစစ်နှင့်ခံစစ်အားလုံးဝမသင်သဖြင့် သေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့တို့မှ စစ်ပညာများနှင့် မြန်မာ့စစ်သမိုင်းမှ ခွာစစ်နှင့်ခံစစ်ကိုလေ့လာယူခဲ့ရပြီး မြန်မာ့ရိုးရာစစ်ပညာများဖြင့် ဖက်ဆစ်ဂျပန်တို့အား မြန်မာ့‌မြေပေါ်မှမောင်းထုတ်နိုင်ခဲ့ကြောင်း သုတေသီရာမညကိုကိုနိုင်ဝန်ခံခဲ့သည်။

စင်စစ်သော်ကား မြန်မာ့ရိုးရာစစ်ပညာသည် စစ်ရေးအပြင် စစ်ရေးအခင်းအကျင်းအစီအရင်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူမှုစီးပွားဘဝတွင်ပါ လက်တွေ့ကျကျကျင့်သုံးနိုင်သော လုပ်ငန်းလမ်းညွှန်ချက်များဟုမှတ်ယူအပ်သည်။

စာဆိုတော်လက်ဝဲသုန္ဒရ၏ စစ်ပျို့များနှင့်ရှေးပညာရှင်တို့၏စစ်ကျမ်းများလာ စစ်ရေးအစီအစဉ်များကိုလည်းကောင်း၊ စစ်ခေါင်းဆောင်တို့ထားရှိအပ်သည့်စိတ်ဓာတ်နှင့်  စစ်သူတို့ကျင့်ဆောင်အပ်သည့် ခံယူချက်များကိုလည်းကောင်း မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာကျင့်သုံးနိုင်သဖြင့် မြန်မာ့ရိုးရာစစ်ပညာသည် ယနေ့တိုင်မရိုးနိုင်သောမြန်မာရှိသရွေ့တည်တံ့နေမည်ဖြစ်သော လမ်းညွှန်ချက်များသာဖြစ်ပေတော့သည်။

နှစ်ပေါင်းထောင်ချီ၍ စစ်ပညာစစ်အတတ်ကိုအလေးထားဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့မြန်မာများသည် အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီးသိမ်းပိုက်ခြယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေလိမ့်မည်။ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲရသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အစဉ်တစိုက်ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေးသတိရှိအပ်လှသည်။

ဗျူဟစက္ကိ-ဟူသောအမည်နှင့်လိုက်လျောအောင် ဖော်ကျူးခဲ့သည်မှာ  စစ်မဟာဗျူဟာ၂၉ ပါးပင်ဖြစ်သည်။  ဤဗျူဟာများကိုတစ်ပါးချင်းဖွင့်ဖော်ရှင်းပြထားသည့်   စာဆို၏စေတနာ၊   စာဆို၏ကျေးဇူးမှာ နောက်လာမြန်မာ့စစ်သွေးသစ်တို့အတွက် တန်ဖိုးကြီးမားလှပေသည်။

စာဆိုသည် နန္ဒီသေနပျို့ (၁၁၂၈ခုနှစ်)ကိုရှေးဆရာတို့မစပ်ဆို၍စပ်ဆိုရကြောင်း၊ သေနင်္ဂဗျူဟာပျို့ (၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)ကို  စစ်ရေးဆိုင်ရာလိုအပ်ချက်အရ ဖွဲ့သီရကြောင်းသက်ဆိုင်ရာပျို့များတွင် ဖော်ပြထားသည်။ စာဆို၏စေတနာတန်ဖိုးကိုထိုခေတ်၏အခြေအနေနှင့်ယှဉ်ထိုး၍ တွက်စစ်နိုင်သည်။

 စာဆိုသည် တနင်္ဂနွေမင်း (၁၀၇၆-၁၀၉၅)လက်ထက်တွင်ဖွား၍ ဟံသာဝတီပါမင်းတရား (၁ဝ၉၅- ၁၁၁၃) လက်ထက်တွင် လူလားမြောက်ခဲ့သည်။ ဆယ်နှစ်ကျော်အရွယ်ကတည်းက ကသည်းတို့၏ ကျူးကျော်စစ်နှင့်ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် မွန်-မြန်မာတိုက်ပွဲများ၊ ကွေ့-ဂုဏ္ဏအိန်၏ပုန်ကန်မှုများကြောင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုးသိန်းရှင်ထံခစားရသည့်အခါတွင်မူ စစ်ရေးစစ်ရာတို့နှင့်လုံးထွေးနေခဲ့ရတော့သည်။

အင်းဝပျက်ပြီး ကုန်းဘောင်ခေတ်ထူထောင်သောအခါ အလောင်းမင်းတရားကြီး (၁၁၁၄-၁၁၂၂) ၏အပါးတော်တွင် အမှာတော်ရေးအဖြစ် တတိယမြန်မာနိုင်ငံတော်ထူထောင်ရေးစစ်ပွဲများ၊ မဏိပူရ၊အာသံနှင့်ယိုးဒယားတို့သို့ချီသောဘုန်းတန်ခိုးပြစစ်ပွဲများနှင့် နဖူးတွေ့ဒူးတွေ့ဆုံကြုံခဲ့ရသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏စစ်ရေးစွမ်းရည်တို့ကိုလေ့လာမှတ်သားနိုင်ခဲ့သည်။

နောင်တော်ကြီး (၁၁၂၂-၁၁၅၁)လက်ထက်တွင် မင်းခေါင်နော်ရထာအရေး၊ တောင်ငူစားသတိုးသင်္ခသူအရေး   စသည့်ပြည်တွင်းရေးအပြင်  ပြည်ပစစ်ဖြစ်သည့်   ဇင်းမယ်အရေးနှင့်လည်းဆုံကြုံခဲ့ရသည်။

ဆင်ဖြူရှင်(၁၁၂၅-၁၁၃၈)လက်ထက်ကား မြန်မာတို့စစ်တံခွန်လွှားသောခေတ်ဖြစ်သည်။ ဘုန်းတန်ခိုးပြစစ်ပွဲများဖြစ်သော ယိုးဒယား၊ မဏိပူရ၊ အာသံသို့စစ်ချီတိုက်ခိုက်မှု၊ တရုတ်တို့၏ကျူးကျော်စစ်ကိုတွန်းလှန်မှုတို့နှင့်ကြုံတွေ့ခဲ့ရပြန်သည်။

ထိုမျှပင်မကသေးပါ။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၁)လက်ထက် ရခိုင်သို့ချီသည့် ပြည်တွင်းစစ်၊ ယိုးဒယားနှင့် အာသံသို့ချီသည့် ပြည်ပစစ်တို့နှင့် ဆူဆူဝေဝေနေရာ  ကုန်းဘောင်ခေတ်ဦးသို့မဟုတ်ပျို့စာဆို၏သက်တမ်းတစ်လျှောက်သည် စစ်ရေးမက်ရေးတို့ဖြင့် ရောထွေးယှက်တင်နေခဲ့ပေသည်။

စစ်ရေးနှင့်ကြုံရသဖြင့် စစ်သဘောကိုသိရှိခဲ့သည်။ စစ်အရေးစစ်အမြင်များကြွယ်ဝလာသည်။ အထူးသဖြင့် အလောင်းမင်းတရားကြီး၏ စစ်ရေးအစီအရင်၊ စစ်ရေးအမြင်တို့ ရင်ဝယ်စွဲငြိခဲ့သည်။ စစ်ရေးအောင်မြင်မှုများကို ပြန်ပြောင်းသုံးသပ်လေလေ မင်းတရားကြီး၏စစ်ရေးပရိယာယ် ကြွယ်ဝမှုကို    အံ့ချီးမဆုံးဖြစ်ရလေလေ ခံစားလာမိသည်။ မြန်မာ့သေနင်္ဂဗျူဟာအပေါ်တန်ဖိုးထားကာ ဂုဏ်ယူဝင့်ကြွားလိုစိတ်များတဖွားဖွားပေါ် ပေါက်လာသည်။ မိမိကဲ့သို့ပင် စစ်သွေးလုလင်တို့ ဂုဏ်ယူဝင့်ကြွားတန်ဖိုးထားကာ လေးစားလိုက်နာကျင့်သုံးစေလိုသောစေတနာဖြင့်  စစ်ပျို့များကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပေသည်။

ပျို့စာဆိုနှင့် ရှေးခေတ်ပညာရှင်တို့ကျေးဇူးကြောင့် ကမ္ဘာဇမ္ဗူမြန်မာလူတို့စစ်ရေးစွမ်းရည်ထက်မြက်ခဲ့ကြသည်။ကျမ်းအသီးသီးလာစစ်ပညာအရပ်ရပ်ကို  တိုက်ရင်းလေ့လာ လေ့လာရင်းတိုက်ခဲ့ကြသဖြင့်စစ်ရည်ဝခဲ့ကြသည်။ ကျမ်းအဆိုကိုအခြေခံ၍ လက်တွေ့သရုပ်မှန်နှင့်ပေါင်းစပ်ညှိနှိုင်းလိုက်သောအခါ မြန်မာ့နည်းမြန်မာ့ဟန်အပြည့်အဝရှိသော မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီဆီလျော်သောမြန်မာ့စစ်ပညာရပ်တို့ တိုးပွားများပြားလာခဲ့ရသည်။

မြန်မာ့ရိုးရာစစ်ပညာကို နည်းနိဿယအဟောင်းအမြင်းအဖြစ် မစွန့်ပစ်ပယ်လိုက်ပေ။ ဟောင်းပင်ဟောင်းသော်လည်း အကောင်းတွေများစွာရှိသည်။ ခေတ်ကာလနှင့် လူမှုဘဝအပြောင်းအလဲကြောင့်  အသွင်သဏ္ဌာန်ပြောင်းသော်လည်း အနှစ်သာရမပြောင်း။   အမည်နာမပြောင်းသော်လည်း  မူဝါဒမပြောင်း၊   စစ်ရေးအသွင်ပြောင်းသော်လည်း စစ်ရေးအမြင်ကားမပြောင်း။

- သံတမန်ရေးအရဝိုင်းပယ်ခြင်း

- နိုင်ငံရေးအရဖိအားပေးခြင်း

- အဖျက်လုပ်ငန်းများအားပေးခြင်း

- လုပ်ကြံဝါဒဖြန့်သိက္ခာချစော်ကားသော ရေဒီယို၊ ရုပ်သံ၊ စာနယ်ဇင်းတို့ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း၊ သွေးခွဲခြင်း၊ အမှန်အမှားရောမွှေ၍စိတ်လှုပ်ရှားအောင်ဆွခြင်း

- သူလျှိုဒလန်မွေးမြူလျက် အဖျက်အမှောင့်လုပ်ငန်းများထိုးဖောက်လုပ်ဆောင်ရန်ကြိုးစားခြင်း

- စစ်ရေးအရအနှောင့်အယှက်ပေးခြင်း - ကုန်သွယ်ရေးအရတားမြစ်ပိတ်ပင်ခြင်း အစရှိသဖြင့်  မိမိနိုင်ငံတော်၏အကျိုးစီးပွားကိုပျက်ပြားအောင် ထိပါးနှောင့်ယှက်ဟန့်တားသူမှန်သမျှကို ထိထိမိမိပြင်းပြင်းထန်ထန် တုံ့ပြန်ချေမှုန်းနိုင်စွမ်းရှိရမည်။

အလုံးစုံသော သေနင်္ဂဗျူဟာအတတ်ပညာဟူသမျှအားလုံးတို့သည် “လှည့်စားခြင်း” အပေါ် အခြေခံသည်ဟူသော သဘောတရားနှင့်အညီ ရန်သူသည် လှည့်စားဖြားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင်ဖျက်ဆီးနေ၏။  နိမ့်ကျအောင်ဖိနှိပ်နေကြ၏။  ကြောက်လန့်အောင်ခြိမ်းခြောက်နေ၏။ စစ်သဘောတရားကို နားမလည်သူအချို့တို့ကမသိ။ အငိုက်မိကာရန်သူ့အလိုအကြိုက်သို့လိုက်ပါမိတတ်၏။ ထို့ကြောင့်    စစ်ပရိယာယ်ကိုနားလည်ရန်လိုအပ်မည်ဖြစ်၍ အမိနိုင်ငံတော်ကိုအဓွန့်ရှည်စွာခိုင်မာတည်တံ့ရေးအတွက် ရှေးရှေးသောမြန်မာလူငယ်များကဲ့သို့ပင်     သေနင်္ဂဗျူဟာအတတ်ပညာကို စိတ်ပါဝင်စားသင့်ပါကြောင်း  ဆရာချစ်နိုင်(စိတ်ပညာ)က ကောင်းသောအကြံ    မှန်သောအကျင့်  သင့်သောအယူဖြစ်ရေး  လမ်းညွှန်ပေးခဲ့သည်။

စာဆိုတော်လက်ဝဲသုန္ဒရ၏စစ်ပျို့သုံးစောင်ကိုလေ့လာရာတွင်ပျို့စာကိုယ်ပါစစ်ရေးဆိုင်ရာအကြောင်းအရာများအစီအရင်များနှင့်ဆက်နွှယ်၍ မြန်မာ့သမိုင်းကြောင်းလာစစ်ရေးဖြစ်စဉ်များကိုလည်းသက်ဆိုင်ရာ ရာဇဝင်ကျမ်းများ၊ အရေးတော်ပုံကျမ်းများမှကောက်နုတ်ဖော်ပြခဲ့ခြင်းမှာ မြန်မာတို့၏စစ်ရေးအသွင်၊ စစ်ရေးအမြင်နှင့်စွေးစွေးနီသောမြန်မာ့စစ်သွေးတို့ကို သိရှိခံစားနားလည်စေလို၍ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆင့်မြင့်မားသည့်  မြန်မာ့ဂန္ထဝင်စာပေများကို  ခံစားသိတတ်၊ ခံယူတတ်ရန်ရည်ရွယ်သည်။

ဤစစ်ပျို့သုံးစောင်လေ့လာချက်ကျမ်းစာပေကိုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့်  ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သောစစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်မြဲမြံခိုင်ကျည်သော “ကမ္ဘာဇမ္ဗူ မြန်မာလူ”များပေါ်ထွန်းလာရမည်မှာမလွဲပေတည်း။    ။

Source: https://myawady.net.mm/stories

 

လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson ဖျော်ဖြေပွဲကို Judson Entertainment Bar တွင် ပြုလုပ်မည်

News Image

လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson ဖျော်ဖြေပွဲကို Judson Entertainment Bar တွင် ပြုလုပ်မည်

ရန်ကုန်  မတ် ၂၄

လူငယ်တေးသံရှင် လွှမ်းပိုင်နှင့် ဂျီဖက်တို့၏ Pre Water Festival in Judson တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင်ထံမှ သိရသည်။

အဆိုပါ Pre Water Festival in Judson တေးဂီတဖျော်ဖြေပွဲကို လာမည့် မတ် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် Judson Entertainment Bar တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တေးသံရှင် လွှမ်းပိုင် ထံမှ သိရသည်။ 

အမေရိကန်နှင့် တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိဟု အီရန်ပြော

News Image

အမေရိကန်နှင့် တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိဟု အီရန်ပြော

အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် တိုက်ရိုက်မဟုတ်သည့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန်အသင့်ရှိသည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး အဘတ် အာရက်ချီက မတ်လ ၂၄ ရက်တွင်  ပြောကြားလိုက်သည်။