မြန်မာ့ပေါ်ဆန်းမွှေး ကမ္ဘာ့အကောင်းဆုံးဆန်ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းပေး

Posted_Date

Image

မြန်မာ့ပေါ်ဆန်းမွှေး ကမ္ဘာ့အကောင်းဆုံးဆန်ဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းပေး

Body

ဆန်သည်  ကမ္ဘာပေါ်တွင်  လူအများစားသုံးသော သီးနှံတစ်မျိုးဖြစ်သည်။

ကမ္ဘာပေါ်၌ ပထမစားသုံးမှုအများဆုံးမှာ ပြောင်းဖြစ်ပြီး ဒုတိယစားသုံးမှုအများဆုံးမှာဂျုံဖြစ်သည်။ ဆန်ကတော့ တတိယစားသုံးမှုအများဆုံးဟုသိရသည်။ တချို့နိုင်ငံများ၏  နေ့စဉ်စားသုံးသောအာဟာရမှာ ဂျုံဖြစ်သည်။  ဂျုံနှင့်အသားကိုတွဲဖက်စားသုံးကြသည်။    တချို့နိုင်ငံများက ဆန်ကိုနေ့စဉ် အာဟာရအဖြစ်  အသား၊ ငါး၊  အသီးအနှံ၊ ဟင်းသီးဟင်းရွက်တို့ဖြင့် တွဲဖက်စားသုံးကြသည်။   ဆန်သည် အာရှတိုက်၏  အဓိကအစားအစာသီးနှံတစ်မျိုးဖြစ်သည်။ အာရှတိုက်ရှိနိုင်ငံများအနက် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဆန်ကိုစားသုံးလေ့ရှိကြသည်။  အိန္ဒိယနိုင်ငံရှိ   အစားအသောက်ကြော်ငြာ သူများလည်း ဆန်နှင့် အသား၊ ငါးတို့ကိုတွဲဖက် စားသောက်နေကြသည်ကို Facebook ပေါ်မှာမကြာခဏတွေ့ရသည်။ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့တွင် ဆန်စားသုံးသည့် လူဦးရေသည် သန်း ၄၀၀၀ ခန့်ရှိသည်။ ဥရောပတိုက်မှာလည်း ဆန်စားသုံးမှု အထိုက်အလျောက်ရှိကြောင်း သိရသလို အီတလီနှင့်စပိန်နိုင်ငံတို့သည်လည်း ဆန်ကိုပြည်ပပို့ကုန်အဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။ အီတလီနိုင်ငံထုတ် ဆန်နှင့် အမေရိကန်ထုတ်ဆန်သည်  ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဆန်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အကောင်းဆုံးဆန်များအနက် မြန်မာတို့စိုက်ပျိုးထုတ်လုပ်သော မြန်မာ့ပေါ်ဆန်း မွှေးဆန်လည်း ပါဝင်ပါသည်။

မြန်မာ့ဆန်စပါးသမိုင်း

ဆန်စပါးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောလုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာ့မြေဧရိယာ တော်တော်များများသည် စိမ်းစိုသော လယ်မြေဧရိယာကများသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက စပါးခင်းများကို အများဆုံးတွေ့ရသည်။ ထို့ပြင် ဆန်သည် မြန်မာနိုင်ငံသူ၊  နိုင်ငံသားများ နေ့စဉ်စားသုံးနေသော အာဟာရလည်းဖြစ်သည်။ ထို့ကြောင့် ဆန်သည် မြန်မာနိုင်ငံ၏  အဓိကစားနပ်ရိက္ခာဖြစ်သည်။

ဆန်စပါးနှင့်ပတ်သက်ပြီး သမိုင်းအထောက်အထားမှာ ဗိဿနိုးမြို့ဟောင်းမှာ စပါးခွံပါသည့် အုတ်များကိုတွေ့ရသည်။ ဟန်လင်းမြို့ဟောင်းနှင့်သရေခေတ္တရာမြို့ဟောင်းမှာလည်း   စားနပ်ရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးသည့်  အထောက်အထားများတွေ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ  လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက ဆန်စပါးကို စိုက်ပျိုးစားသောက်သည့် အလေ့အထရှိခဲ့သည်။  ထို့ပြင်   ပေါင်လောင်ရှင် မဟာအဿပထေရ်၏ ဗောဓိဝင်ဋီကာနိဂုံး၌ ပုဂံပြည်၏ ပြည်ကြီးအင်္ဂါပြည့်စုံပုံနှင့်တင့်တယ်ပုံတို့ကို ပါဠိဂါထာ ၁၄ ပုဒ်ဖြင့်မှတ်တမ်းတင်ခဲ့ရာ ပါဠိဂါထာ ၁၁ ပုဒ်မြောက်မှာ “လယ်၊ ယာ၊ မြစ်၊ ကန်၊ ဥယျာဉ်တို့မှ ပေါ်ထွက်သောပစ္စည်းတို့နှင့်ပြည့်စုံ၏” ဟုဖော်ပြထားရာ ပုဂံခေတ်မှာလည်း လယ်စိုက်ပျိုးသဖြင့် ဆန်စပါးပေါများကြောင်းထင်ရှားသည်။

ပြည်ပသို့မြန်မာ့ဆန်စပါးတင်ပို့မှု

မြန်မာ့ဆန်စပါးသည်   ခေတ်အဆက်ဆက်က   ထင်ရှားခဲ့သလို   ရှေးဘုရင်များလက်ထက်ကတည်းက    ပြည်ပပို့ကုန်တစ်ခုဖြစ်ကာ    အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး၌  စစ်တွေဆိပ်ကမ်းမှ နိုင်ငံခြား ကုမ္ပဏီများက ပြည်ပသို့ဆန်စပါးတင်ပို့မှုကိုစတင်ခဲ့ကြသည်။  ၁၈၄၀ ပြည့်နှစ်လောက်က ဆိုလျှင် ဆန်တန်ချိန် ၇၄၅၀၀ တင်ပို့ခဲ့ပြီး      ဥရောပစျေးကွက်ရော အာရှစျေးကွက်ပါတင်ပို့ခဲ့သည်။  ထို့ပြင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးမှာလည်း အောက်မြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုးမှုတိုးလာခဲ့သည်။ ၁၈၆၅ ခုနှစ်မှာ တန်ချိန် ၁ ဒသမ ၆ သိန်းကျော်၊ စူးအက်တူးမြောင်းဖောက်လုပ်ပြီးနောက်ပိုင်း ၁၈၈၀ ပြည့်နှစ်မှာ တန်ချိန် ၈ ဒသမ ၅ သိန်းတင်ပို့နိုင်ခဲ့သည်။ ၁၈၈၃ ခုနှစ် တွံတေးတူးမြောင်းဖောက်လုပ်ပြီး ၁၈၉၀ ပြည့်နှစ်မှာတော့ ဆန်တန်ချိန် ၁ ဒသမ ၁ သန်းကျော်အထိတင်ပို့နိုင်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှာမူ ဆန်တန်ချိန် နှစ်သန်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာ့ဆန်စပါးလောကသို့  နိုင်ငံခြားကုမ္ပဏီများ လွှမ်းမိုးမှုကို ကျော်လွှားနိုင်စေရန် မြန်မာ့ဆန်စပါးလုပ်ငန်းရှင်များက  နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကို ၁၄-၁၁-၁၉၄၇   ခုနှစ်မှာ    စတင်ဖွဲ့စည်းခဲ့ကြသည်။ လွတ်လပ်ရေးရပြီးတစ်နှစ်အတွင်း မြန်မာ့ဆန်စပါးကဏ္ဍ၏ ၇၅  ရာခိုင်နှုန်းကို တိုင်းရင်းသားလုပ်ငန်းရှင်များက ဆောင်ရွက်လာနိုင်ပြီး ပြည်ပဆန်တင်ပို့မှု တန်ချိန် တစ်သန်းကျော်မှ နှစ်သန်းကြားတင်ပို့နိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၃ ဒသမ ၂ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ဆန်ပြည်ပပို့နိုင်ရန် တည်မှီနေသည့်အချက်များ

နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏  စိုက်ပျိုးရေးထုတ်ကုန်ဖြစ်စေ၊ မွေးမြူရေးထုတ်ကုန်ဖြစ်စေ မိမိနိုင်ငံဖူလုံ၍ ပိုလျှံမှသာ ပြည်ပသို့တင်ပို့ကြသည်ကများသည်။ စာရေးသူတို့ နိုင်ငံအနေဖြင့် ပြည်တွင်းဆန်စပါးဖူလုံ၍  ပိုလျှံစေရန်  အောက်ပါအချက်များအပေါ်  တည်မှီနေသည်။ ယင်းတို့မှာ-

(၁)     တောင်သူများ ဆန်စပါးထုတ်လုပ်မှုအပေါ် စိတ်အားထက်သန်ခြင်း

(၂)     ရာသီဥတုမှန်ကန်ခြင်း

(၃)     စိုက်ပျိုးစဉ် စိုက်ပျိုးမှုနည်းစနစ်    မှန်ကန်ခြင်း၊ ရိတ်သိမ်းခြွေလှေ့စဉ်  အလေအလွင့် နည်းစေခြင်း

(၄)     ပြည်တွင်းဆန်စျေးနှုန်း ကောင်းမွန်ခြင်းစသည်တို့ဖြစ်သည်။

ပြည်ပသို့ဆန်တင်ပို့ရာတွင် အောက်ပါအချက်များအပေါ်   တည်မှီနေသည်။ ယင်းတို့မှာ-

(၁)     ကမ္ဘာ့ဆန်စျေးနှုန်း

(၂)     ပြည်တွင်းဆန်စပါးစျေးနှုန်း

(၃)     မြန်မာ့ငွေနှင့်နိုင်ငံခြားငွေလဲလှယ်နှုန်း

 (၄)    ဆန်စပါးထုတ်လုပ်မှုတစ်လျှောက်          တွက်ခြေကိုက်မှုရှိခြင်း

(၅)    ကမ္ဘာ့ဆန်စားသုံးမှုအခြေအနေနှင့်    စျေးကွက်လိုအပ်ချက်စသည်တို့ဖြစ်သည်။ စာရေးသူတို့နိုင်ငံ အနေဖြင့် ဆန်စပါးပြည်ပ တင်ပို့နိုင်ရေးအတွက်နှင့် စိုက်ပျိုးသူများ အကျိုးအမြတ်ရရှိနိုင်ဖို့ဆိုလျှင် စိုက်ပျိုးထုတ်လုပ်သူများအတွက် သင့်တင့်မျှတသောစျေးနှုန်းဖြစ်စေရေးနှင့်မစိုက်ပျိုးမီကပင် စျေးနှုန်းကိုခန့်မှန်းသိရှိနိုင်စေရန် စီစဉ်ဆောင်ရွက်သင့်ပါသည်။

ထို့ပြင် ဆန်စပါးကုန်စည်ဒိုင်များတွင် စနစ်မှန်ကန်ပြီး အာမခံချက်ရှိသည့်ပုံစံများဖြစ်အောင် ဆောင်ရွက်သင့်သည်။ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း ဆန်စပါးစိုက်ပျိုးရာတွင် ပြည်ပအထိ တင်ပို့နိုင်စေရန်ရည်ရွယ်၍    အရည်အသွေးကောင်းမွန်သော ဆန်စပါးများကို စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုပါသည်။

မြန်မာ့ဆန်စပါးနှင့်ပေါ်ဆန်းမွှေး

မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးဟုဆိုလိုက်လျှင် ရွှေဘိုပေါ်ဆန်းကိုသာပြေးမြင်ကြပေလိမ့်မည်။ အကြောင်းမှာ ရွှေဘိုပေါ်ဆန်းသည် နာမည်ကြီးသောကြောင့်ဖြစ်သည်။ ပေါ်ဆန်းသည် အခြားသောဆန်များထက် ပရိုတိန်းဓာတ်ကြွယ်ဝသည်။   ပေါ်ဆန်း၏ထူးခြားချက်မှာ ဆန်ကိုချက်လိုက်ပါက အလျားနှစ်ဆခန့် ရှည်ထွက်လာသည်။ ဆိုလိုတာက ဆန်လုံးဘဝထက်  နှစ်ဆခန့်ရှည်ထွက်လာခြင်းကိုဆိုလိုသည်။ အရပ်စကားအရပြောရလျှင် အချက်ခံသည်။ ဆန်ပွားသည်။ အိုးတက်သည်ဟုဆိုလိုသည်။  ပေါ်ဆန်းဆန်သည် အနံ့ရှိသည်။ ချက်လိုက်လျှင် အနံ့သင်းသင်းလေး မွှေးသည်။ ထို့ကြောင့်ပေါ်ဆန်းမွှေးဟု ခေါ်ဆိုဟန်တူသည်။ 

ပေါ်ဆန်းနှင့်   ငကျွဲဆန်မျိုးများသည် အခြားစပါးမျိုးများနှင့်   မျိုးစပ်မရဟု ထိုင်းပညာရှင်များက   ဆိုကြသည်။ 

မလေးရှားနှင့်    စင်ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပြီး  Pearl Rice ဟု မလေးရှား၊ စင်ကာပူသက်ကြီးရွယ် အိုများက အသိအမှတ်ပြုကြသည်။   ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသော “The World Rice Conference” တွင် ကမ္ဘာ့အကောင်းဆုံးဆုဖြစ်သော “World Best Rice” ဆုကို မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေးဆန်အားချီးမြှင့်ခြင်းခံခဲ့ရသည်။

ယနေ့ကမ္ဘာပေါ်တွင်  ထင်ရှားသည့်ဆန်တစ်မျိုးမှာ   ထိုင်းဆန်ဖြစ်သည်။ ထိုင်းဆန်နာမည်ကြီးရခြင်းမှာ အရောင်အသွေးကောင်းခြင်း၊       ချက်ပြုတ်စားသောက်ရာမှာ အနံ့အရသာနှင့်ပြည့်စုံခြင်းစသည့် အချက်များကြောင့် ဖြစ်သည်။  

အဆိုပါထိုင်းဆန်မွှေးကို  ယှဉ်ပြိုင်နိုင်မည့်ဆန်မျိုး  မြန်မာနိုင်ငံ၌ရှိပါသည်။

နည်းပညာဖြင့်  ဖန်တီးထုတ်လုပ်ထားခြင်းမျိုးမဟုတ်ဘဲ သဘာဝအလျောက်စိုက်ပျိုးထားခြင်းဖြစ်သည်။ ထိုဆန်က ထိုင်းဆန်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဖြစ်သည်။  ငကျွဲဆန်နှင့်ပေါ်ဆန်းမွှေးဆန်သည် မြန်မာလူမျိုးတို့၏ မိရိုးဖလာသဘာဝဆန်ပင်ဖြစ်သည်။

ငကျွဲဆန်၏ထူးခြားချက်မှာ ချက်လိုက်လျှင် မူလဆန်စေ့ထက် နှစ်ဆလောက်ရှည်ထွက်လာခြင်း ဖြစ်သည်။  ပေါ်ဆန်းမွှေးဆန်၏ ထူးခြားချက်မှာ ငကျွဲဆန်ကဲ့သို့ပင်ဖြစ်သည်။  သို့သော်ဆန်အနံ့မွှေးဖို့ရာ စိုက်ပျိုးချိန်ကို  အချိန်ကိုက်စိုက်ပျိုးဖို့လိုကြောင်း ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ပြင် ငကျွဲဆန်နှင့်  ပေါ်ဆန်းမွှေးဆန်ကို   DNA ဖော်ထုတ်ပြီး မြန်မာ့စပါးအမျိုးအစားဖြစ်ကြောင်း မှတ်ပုံတင်ဖို့   မြန်မာနိုင်ငံ၏ ဆန်အမျိုးအစားဖြစ်သည့်  ငကျွဲဆန်နှင့်ပေါ်ဆန်းမွှေးဆန်ကိုသာ  စနစ်တကျစိုက်ပျိုး၍    နိုင်ငံတကာအဆင့်မီထုပ်ပိုးပြီး  စီမံကိန်းချဆောင်ရွက်ပါက ကမ္ဘာ့စျေးကွက်မှာ  နာမည်ရထင်ရှားသော ဆန်ဖြစ်လာနိုင်ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် သဘာဝအတိုင်း စိုက်ပျိုးတောင်  ကမ္ဘာ့အဆင့်မီဆန်မျိုးဖြစ်သဖြင့်  စနစ်တကျစိုက်ပျိုးခြင်း၊ ခေတ်မီအောင်စနစ်တကျ ထုပ်ပိုးခြင်းများဖြင့် စီမံကိန်းချဆောင်ရွက်လျှင် မြန်မာ့ပေါ်ဆန်းမွှေးက ကမ္ဘာ့စျေးကွက်တွင် ထိပ်ဆုံးဖြစ်မည်မှာ သေချာသည်။

မြန်မာ့ပေါ်ဆန်းမွှေးနှင့် မြန်မာ့စီးပွားရေးဦးတည်ချက်

မြန်မာနိုင်ငံ၌ လူဦးရေ သန်း ၅၀ ကျော်သည် ဆန်တန်ချိန်  ရှစ်သန်းကျော်ကိုစားသုံးကြသည်။ ထိုသန်း ၅၀ ကျော်အနက်မှ လေးသန်း/ငါးသန်းခန့်သည် ပေါ်ဆန်းမွှေးဆန်ကို  စားသုံးကြသည်။ ကျန်လူဦးရေက အခြားဆန်များကိုစားသုံးကြသည်။ ဆန်သည်  ပြည်ပဝင်ငွေကို အများဆုံးရှာပေးနိုင်သဖြင့်  ယခုအခါပေါ်ဆန်းမွှေးဆန်ကို နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ဆောင်ရွက်သင့်သည်။

အထွက်နှုန်းကောင်းစေရေး၊ ကြိတ်ခွဲမှုစနစ်ကောင်းစေရေးနှင့်  ပြည်ပတင်ပို့နိုင်မှုတို့ကို ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ့ပေါ်ဆန်းမွှေးသည် အရည်အသွေးမညံ့ပါ။    ပေါ်ဆန်းမွှေးသည် ပြည်တွင်း၌  အများအပြားစားသုံးကြသော်လည်း  ပြည်ပသို့တင်ပို့မှုမရှိသေးဟု သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်းစားသုံးမှုဖူလုံမှုမရှိသေးခြင်းနှင့်  ထုတ်လုပ်မှုစရိတ်ကြီး နေခြင်းတို့ကြောင့်ဟု သိရသည်။ သို့သော်လည်း  မြန်မာ့ပေါ်ဆန်းမွှေးကို ပြည်ပနိုင်ငံများက အသိအမှတ်ပြုကြသည်။

ထို့ကြောင့် ပြည်ပသို့တင်သွင်းနိုင်အောင် ကြိုးပမ်းကြဖို့လိုပါသည်။  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက် များမှာလည်း    တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အချက် ပါဝင်နေသည်။  ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးသည် ပြည်တွင်းဖူလုံရေးအတွက် သာမကဘဲ    နိုင်ငံ့စီးပွားရေးအတွက်ပါ လယ်ယာထွက်ကုန်များ (အထူးသဖြင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်) တင်ပို့နိုင်မှုသည်  အရေးပါသော မြန်မာ့စီးပွားရေးဦးတည်ချက်တစ်ခုလည်း ဖြစ်သည်။ မြန်မာ့ပေါ်ဆန်း မွှေးကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရွှေဘိုဒေသတို့၌ အများအပြားစိုက်ပျိုးကြသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ၂၀၂၃-၂၀၂၄ ခုနှစ်က စပါးစိုက်ဧက ၁၈ သိန်းအနက် ပေါ်ဆန်း ၃၅၆၈၄၂ ဧကစိုက်ပျိုးခဲ့သည်။ ရေဦးခရိုင်၌ ဧက ၁၁၁၈၉၀၊ ကန့်ဘလူခရိုင်၌ ၂၂၇၄၅ ဧကစိုက်ပျိုးခဲ့သည်။ အခြားသောဒေသများမှာလည်း စိုက်ပျိုးမှုများရှိသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာ့ပေါ်ဆန်းသည်  အရည်အသွေးရှိပြီးသားဖြစ်သည်။ ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်နိုင်သည့် အရည်အသွေးလည်းရှိပါသည်။ ထို့ကြောင့် နည်းစနစ်တကျစိုက်ပျိုးခြင်း၊   ခေတ်မီအောင်ထုပ်ပိုးခြင်း၊   ခေတ်မီသောကြိတ်စက်များ   အသုံးပြုကြိတ်ခွဲခြင်းနှင့် ပြည်တွင်းဖူလုံမှုရှိအောင် စိုက်ပျိုးခြင်းအပြင် ပြည်ပသို့ပါတင်ပို့နိုင်အောင် စိုက်ပျိုးခြင်းစသည့် အချက်များနှင့် ကိုက်ညီအောင်   ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါသည်။  

ထိုအချက်များအပြင်  အထက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီအောင်ဆောင်ရွက်နိုင်လျှင် မြန်မာ့ပေါ်ဆန်းမွှေးသည်  ပြည်ပပို့ကုန်တစ်ခုဖြစ်လာနိုင်ပြီး ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ကမ္ဘာတစ်လွှား ဝင့်ကြွားနိုင်မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။   ။

 

စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး MSME ဖြင့်မြှင့်တင်ပေး

Posted_Date

Image

စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး MSME ဖြင့်မြှင့်တင်ပေး

Body

မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်းအမြစ်နှင့်     မြေသယံဇာတများ ပိုင်ဆိုင်ကာ  စိုက်ပျိုး၍ရနိုင်သော မြေဧရိယာဟက်တာ ၁၂ ဒသမ ၂၅ သန်းရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍကို မှီခိုလုပ်ကိုင်နေကြသည်။ မြန်မာနိုင်ငံတွင် မတူညီသည့် ရေမြေတောတောင်ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များအတွက်သာမက ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ အပါအဝင် သီးနှံမျိုးစုံနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်နိုင်ငံ ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်     “တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးတို့အတွက်  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့်  စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို   အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည် ဖြစ်သည်။ GDP တွင် စိုက်ပျိုးရေးကဏ္ဍကြီး၊  စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိပေရာ  စိုက်ပျိုးရေး၊  မွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် အခြားကဏ္ဍကြီးတို့သည်လည်း အောင်မြင် တိုးတက်မည် ဖြစ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူရသည့် အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ ပြည်တွင်းမှ ပိုလျှံသည်တို့ကို ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။   

ပြည်ပသို့ကုန်ကြမ်းများ တင်ပို့ရောင်းချပြီး ထိုကုန်ကြမ်းဖြင့်ထုတ်လုပ်သည့် ကုန်ချောကို ပြန်လည်ဝယ်ယူမည့်အစား အဆင့်မီကုန်ချောကို ပြည်တွင်း၌ပင် ထုတ်လုပ်၍ ပြည်ပဈေးကွက်တွင်  ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။

ပြည်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ထူထောင် လုပ်ကိုင်ခြင်းဖြင့် ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်ပဝင်ငွေတိုးတက်ရရှိလာနိုင်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်     ဖေဖော်ဝါရီလ ၃ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကား ပြောကြားစဉ်   “မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များအား  ပြည်ပသို့ တင်ပို့နိုင်သည့်အခြေ အနေသို့ရောက်ရှိအောင်  ဆောင်ရွက်ကြရန်လိုကြောင်း၊ MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းထက် ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့မည်ဆိုပါက အကျိုးပိုမိုဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးထုတ်လုပ်မှုသုတေသန လုပ်ငန်းများ၊ ဈေးကွက်သုတေသန လုပ်ငန်းများကို  သက်ဆိုင်ရာစိုက်ပျိုးရေး တောင်သူများ၊   ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်   အဓိကအားဖြင့်ပြည်တွင်းမှထွက်ရှိသည့် ကုန်ပစ္စည်းများကို အရည်အသွေးမီမီ  အဆင့်အတန်း မြင့်မြင့်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးစားကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အခြေခံလုပ်ငန်းများဖြစ်သည်။ ထိုအခြေခံလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ကြံဆောင်နိုင်ကြမည်ဆိုလျှင် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုမည် ဖြစ်သည်။

နိုင်ငံ့စီးပွားမြင့်မားရေးအတွက်    စီးပွားရေးဦးတည်ချက် (၃) ရပ် ချမှတ်ဆောင်ရွက်ထားရာတွင် “ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကိုအားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဦးတည်ချက်လည်း ပါဝင်သည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်   ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားနေသည့်အတွက် နှစ်စဉ် ပြည်ပမှ စားအုန်းဆီ တန်ချိန်များစွာတင်သွင်းနေရသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် စားသုံးဆီတန်ချိန်ရှစ်သိန်းကျော် တင်သွင်းခဲ့ရသည်ဟု လေ့လာသိရှိရသည်။  ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးပြီး   ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်စဉ် ပြည်ပမှ ဒေါ်လာ သန်း ၆၀၀ ဖိုးခန့်  တင်သွင်းနေရသည့် ဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးခြင်းအတွက် ချေးငွေများပေးအပ်ဆောင်ရွက်လျက်ရှိပြီး  ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ဧကသုံးသန်း  တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ဝါစိုက်ပျိုးသည့်နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ ဝါများလုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။  နိုင်ငံအတွင်း လူတစ်ဦးချင်းစီ တစ်နှစ်လိုအပ်သည့် ဝတ်ရေး ဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချရန်၊ သွင်းကုန်အစားထိုးရန်တို့အတွက်    အရည်အသွေးအဆင့်အတန်းမီ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ သုံးနှစ်တာကာလအတွင်း ဝါသီးနှံစိုက်ပျိုးဧရိယာ ဧကရှစ်သိန်းပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကာ ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိသည်။

ရော်ဘာထုတ်ကုန်သည်လည်း မြန်မာနိုင်ငံ၏ သေချာသည့်ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့် မီသည့် ရော်ဘာကုန်ကြမ်းများကို ထုတ်လုပ်နိုင်သည်။  စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို ဧက ၁ ဒသမ ၆ သန်း စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း ၆၃၅ ဒသမ ၅၄ ပေါင်နှုန်းဖြင့် အထွက်ပေါင်ချိန်ပေါင်း ၆၅၂ ဒသမ ၃ သန်း ထွက်ရှိခဲ့သည်။ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာထဲမှ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန်  နှစ်သောင်းကျော်ခန့်ရှိပြီး ပြည်ပသို့တန်ချိန် သုံးသိန်းခန့်တင်ပို့လျက်ရှိသည်။ ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈-၂၀၁၉ မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာသန်း ၂၅၀ မှ ၄၅၀ ကြားတွင်ရရှိခဲ့ရာ   ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသည့် စက်မှုသီးနှံတစ်ခုဖြစ်သဖြင့် MSME နှင့်အကျုံးဝင်သည့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရက အားပေး ကူညီလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရော်ဘာသီးနှံနည်းတူ ကော်ဖီစိုက်ပျိုးခြင်းကိုလည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးမှုအနေဖြင့် ကော်ဖီစိုက်ဧက ၅၀၀၀၀ အနက် ပိဿာ ၂၄ ဒသမ ၁ သန်းကျော်ထွက်ရှိခဲ့သည်။ ပြည်တွင်း၌ တစ်နှစ်လျှင် ကော်ဖီစေ့တန်ချိန် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်အထိ ထုတ်လုပ်လျက်ရှိပြီး အထူးတန်းဝင် ပရီမီယံနှင့် ဈေးကွက်ဝင်ကော်ဖီများလည်း ပါဝင်သည်။ အဆိုပါထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။ မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်မား၍   ကမ္ဘာ့ဈေးကွက်တွင်နေရာရရှိရေးနှင့် ကော်ဖီကို မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တစ်ခုအဖြစ် ပေါ်ထွက်လာစေရေးအတွက်   ကော်ဖီစိုက်ပျိုးမှုကိုပိုမိုတိုးချဲ့ဆောင်ရွက်ပြီး မြန်မာ့ကော်ဖီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လိုအပ်ချက်ရှိသဖြင့် ဈေးကွက်ရှိပြီး ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ MSME လုပ်ငန်းများသည် အပြန်အလှန်အထောက်အကူပြုနေသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့် ပေါင်းစပ်ထုတ်လုပ်သွားမည်ဆိုပါက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အခြေခံအကျဆုံး လုပ်ငန်းများဖြစ်သဖြင့် ကုန်ကြမ်းသေချာသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး  နိုင်ငံသူ၊ နိုင်ငံသား များ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာမည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။      ။

 

စွမ်းနိုင်သမျှသောအားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်း ပူးပေါင်းကူညီ

Posted_Date

Image

စွမ်းနိုင်သမျှသောအားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်း ပူးပေါင်းကူညီ

Body

မြန်မာနိုင်ငံသည်    စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့်  မတ်လ  ၂၈  ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ  မြို့ရွာများအားလုံး  ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ ပြည်သူအချို့  ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်က     နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (the day of national mourning)  တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် မတ်လ  ၃၁  ရက်မှ  ဧပြီလ  ၆  ရက်အထိ ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏သမိုင်းတွင် မှတ်တမ်းတင်နိုင်သည့် ငလျင်ကြီး ၁၈ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၉၁၂ ခုနှစ် မေလ ၁၃ ရက်တွင်လှုပ်ခဲ့သော ပြင်းအား ၈ ရစ်(ခ်) တာစကေးရှိသည့် မေမြို့ငလျင်သည်  အင်အားအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး  ယခု မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဒုတိယအင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ ငလျင်ကြီးသည် အင်အားပြင်းထန်သော ငလျင်ဖြစ်ပြီး ငလျင်မှထုတ်လွှတ်သော စွမ်းအင်မှာ အဏုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်စုစုပေါင်းနှင့် ညီမျှကြောင်း ပြည်ပပညာရှင်တစ်ဦးက ပြောကြားခဲ့ရာ ငလျင်ဒဏ်သင့်ရာဒေသများ၏ အပျက်အစီးဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ထို့ပြင်  ၁၇၆၂  ခုနှစ်  ရခိုင်ငလျင်နှင့် ၁၉၄၆ ခုနှစ် စစ်ကိုင်းငလျင်တို့သည်လည်း  အင်အား ရစ်(ခ်)တာစကေး ၈ ရှိပြီး  အကြီးမားဆုံးငလျင်များဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့်  ဧပြီလ  ၉  ရက်အထိ  သေဆုံးသူ   ၃၆၄၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊   ပျောက်ဆုံးနေသူ ၁၄၅ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့်   ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊   အသေးစိတ်စာရင်း မရရှိသေးသော်လည်း  အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊  ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင်   ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊  တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတကာကူညီ ထောက်ပံ့မှုများ အနေဖြင့် နိုင်ငံ ၂၂ နိုင်ငံက လေယာဉ် ၁၀၆ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ ခေါက် ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၄၇၂ တန်ကျော်၊ ကယ်ဆယ်ရေး ပစ္စည်းများတန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငလျင်နှင့်ပတ်သက်၍ အသိ၊ သတိရှိကြရမည်ဖြစ်သည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက်  ကြိုတင်မသိနိုင်သော  သဘာဝဘေးအန္တရာယ်ဖြစ်၍ မဖြစ်ပွားမီ အဆောက်အအုံများကို ရေရှည်မျှော်မှန်းပြီး အောက်ခံမြေသားနှင့် အဆောက်အအုံများ  ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားရမည်ဖြစ်သည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မဖြစ်မီ၊ ဖြစ်ပွားစဉ်၊ဖြစ်ပြီးအချိန်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ငလျင် နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်း တစ်ရပ်ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပထမဦးစားပေးအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး အပိုင်းအစများအားလုံး အမြန်ဆုံးရှင်းလင်း ဖယ်ရှားရေး၊   ဒုတိယအဆင့် အနေဖြင့် လက်ရှိအခြေအနေတွင် ပျက်စီးလုနီးပါး ဖြစ်နေသည့်အပြင် အန္တရာယ်ရှိသည့် အဆောက်အအုံများအား   ဘေးအန္တရာယ်ကင်းစွာ    အပြီးတိုင် စနစ်တကျဖြင့်     ဖြိုဖျက်ရေး၊   တတိယအဆင့်အနေဖြင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆောက်ရေး ကဏ္ဍ၌ ယခုငလျင်ဒဏ်ခံစားရမှုအပေါ်   သင်ခန်းစာယူရန်၊ လမ်း၊  တံတား၊  ရုံးအဆောက်အအုံ၊  အထပ်မြင့် အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရေးအတွက် မြေအနေအထား စစ်ဆေးခြင်းပြုလုပ်ပြီးမှသာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရေးဟူ၍ အပိုင်းသုံးပိုင်းကို ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့် အကြောင်းကြား သတင်းပို့လာပါက   နိုင်ငံတော်  အစိုးရက  ကြိုဆိုလက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊  ဘယ်လာရုစ်၊   အင်ဒိုနီးရှား၊   ဘူတန်၊ ဖိလစ်ပိုင်၊   ဂျပန်   အပါအဝင်    နိုင်ငံများစွာက ကူညီထောက်ပံ့မှုများအပြင် ကယ်ဆယ်ရေးဝန်ထမ်းပေါင်းများစွာ ရောက်ရှိခဲ့ပြီး    ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဧပြီလ ၁ ရက်တွင် ပြုလုပ်သော  အလှူငွေများပေးအပ် လှူဒါန်းပွဲတွင်လည်း  စေတနာရှင်၊ အလှူရှင်များက စုစုပေါင်း ငွေကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံကို အားတက်သရော လှူဒါန်းခဲ့ကြသည်။

မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉  ရောဂါ၊ အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၊ ရာဂိတို့၏  သက်ရောက်မှုကြောင့် မကြုံစဖူးဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများ၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ပြီးတစ်နှစ် ခံစားခဲ့ကြရသည်။ ခံစားရမှုနှင့်အတူ အဆိုပါ သဘာဝဘေးအန္တရာယ်ကြီးများကို   နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က အတူတကွဖြတ်ကျော်နိုင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မိမိတို့တတ်စွမ်းသမျှသော အားတို့ဖြင့် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိန်ခေါ်မှုများကို  ကျော်ဖြတ်နေရသည့်အချိန်တွင် ကြုံတွေ့လာရသည့် သဘာဝဘေးဒဏ်များကို လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပြည်တွင်း၊ ပြည်ပအကူအညီများနှင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း နိုင်ရာဝန်ဖြင့် စွမ်းနိုင်သမျှသော အားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်သည်။   ။

Source: https://myawady.net.mm/stories

 

 

 

MSME လုပ်ငန်းများအတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်ဖြစ်သည့် ကော်ဖီစီးပွားရေး

Posted_Date

Image

MSME လုပ်ငန်းများအတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်ဖြစ်သည့် ကော်ဖီစီးပွားရေး

Body

ကော်ဖီသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး  အဖျော်ယမကာများထဲမှ တစ်ခုဖြစ်သည်။  ကော်ဖီသည် ကော်ဖီပင်မှရရှိသော ကော်ဖီစေ့များမှပြုလုပ်ထားသည်။ ကော်ဖီတွင် ကဖင်းဓာတ်ပါဝင်ကာ ၎င်းသည် စိတ်ကိုလန်းဆန်းစေပြီး အာရုံစူးစိုက်မှုကိုကောင်းမွန်စေသည်။ ကော်ဖီ၏သမိုင်းကြောင်းသည်    ရှည်လျားပြီး စိတ်ဝင်စားဖွယ်ကောင်းသည်။ ကော်ဖီပင်ကို   အီသီယိုးပီးယားတွင်  စတင်တွေ့ရှိခဲ့ပြီး အာဖရိကမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။    ကော်ဖီကို အစပိုင်းတွင်    ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင်   အသုံးပြုခဲ့ပြီးနောက်ပိုင်းတွင်    လူကြိုက်များသော အဖျော်ယမကာတစ်ခုဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏   စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) သည် အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ MSME များသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ခြင်းတို့တွင် အဓိကကျသော အင်အားစုဖြစ်သည်။  

မြန်မာနိုင်ငံတွင် ကော်ဖီလုပ်ငန်းသည် အများအားဖြင့် မိသားစုပိုင် MSME များဖြင့် လည်ပတ် လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးသူများသည် မိမိတို့၏ လယ်ယာများတွင် ကော်ဖီပင်များကို စိုက်ပျိုးပြီး ရိတ်သိမ်းပြုပြင်ကာ ဒေသတွင်းဈေးကွက်များတွင် ရောင်းချကြသည်။ အချို့ MSME များသည် ကော်ဖီစေ့များကို ဝယ်ယူ၍ အဆင့်မြင့်သော ထုတ်ကုန်များအဖြစ်ပြောင်းလဲကာ ပြည်တွင်းနှင့်  ပြည်ပဈေးကွက်များသို့ တင်ပို့ကြသည်။   ကော်ဖီလုပ်ငန်းတွင် ပါဝင်သော MSME များသည် စိုက်ပျိုး ရေး၊  ထုတ်လုပ်ရေး၊  ဖြန့်ဖြူးရေးနှင့် ဈေးကွက်ရှာဖွေရေးတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အရည်အသွေးမြင့် အာရေးဗီးကားကော်ဖီကို စိုက်ပျိုးနိုင်သော ရာသီဥတုနှင့် မြေဆီလွှာများ ပိုင်ဆိုင်ထားသည်။ အရည်အသွေးမြင့်ကော်ဖီစေ့များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင်   နေရာတစ်ခုရယူနိုင်ပါသည်။   ကော်ဖီစေ့များကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ကော်ဖီမှုန့်၊ ကော်ဖီအရည်၊ ကော်ဖီအချိုရည်နှင့် အခြားသော ကော်ဖီနှင့် ဆက်စပ်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ပါသည်။

၎င်းသည် MSME များအတွက်  ဝင်ငွေ တိုးပွားစေရုံသာမက နိုင်ငံခြားငွေကိုလည်းရှာဖွေပေးနိုင်ပါသည်။ ကော်ဖီလုပ်ငန်းတွင် ပါဝင်သော MSME များသည် ဒေသတွင်းစီးပွားရေးကိုမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကော်ဖီစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်ခြင်းသည် ဒေသခံများအတွက်    အလုပ်အကိုင် အခွင့်အလမ်းများကိုဖန်တီးပေးပြီး ဒေသတွင်းဝင်ငွေကိုတိုးပွားစေပါသည်။ မြန်မာ့ကော်ဖီသည် နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားမြင့်မားပြီး အရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များကို ထုတ်လုပ်ကာ နိုင်ငံတကာဈေးကွက်သို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေကို ရှာဖွေနိုင်ပါသည်။

စိန်ခေါ်မှုများ

မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာနည်းပညာသည် အခြားနိုင်ငံများထက် များစွာလိုအပ်နေသေးသည်။

မြန်မာနိုင်ငံသည်  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အလားအလာကောင်း များစွာရှိသော်လည်း   ကော်ဖီအခြေခံ စားသောက်ကုန်များအတွက်မူ   ပြည်ပမှ တင်သွင်းနေရသည့် အခြေအနေမှာ မြင့်မားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီမှုန့်နှင့်   အခြားကော်ဖီထုတ်ကုန်များ (ဥပမာ  ကော်ဖီအချိုရည်၊ ကော်ဖီမစ်)ကို အဓိကအားဖြင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ တင်သွင်းလျက်ရှိသည်။ အဆင့်မြင့်ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် အရည် အသွေးမြင့် ကော်ဖီစေ့များနှင့် ကော်ဖီအခြေခံဖျော်ရည်များကို ပြည်ပမှတင်သွင်း အသုံးပြုကြသည်။  ကော်ဖီထုတ်ကုန်များအတွက်   ထုပ်ပိုးမှုနှင့်  ဈေးကွက်တင်ခြင်းအပိုင်းတွင်လည်း ပြည်တွင်း၌ အားနည်းမှုများရှိသောကြောင့် ပြည်ပမှတင်သွင်းမှုကို     အားကိုးနေရဆဲဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင်   ကုန်းမြင့်ကော်ဖီ ခေါ် အာရေးဗီးကားကော်ဖီနှင့် မြေနိမ့်ကော်ဖီခေါ် ရိုဘတ်စတာကော်ဖီကို စိုက်ပျိုးလျက်ရှိသည်။ သို့သော် ထုတ်လုပ်မှုပမာဏမှာ ပြည်တွင်းလိုအပ် ချက်ကိုဖြည့်ဆည်းရန်    လုံလောက်မှု မရှိသေးပါ။  ပြည်တွင်း၌   ကော်ဖီမှုန့်ထုတ်လုပ်သည့်  လုပ်ငန်းများ ရှိသော်လည်း အများစုမှာ  အသေးစားလုပ်ငန်းများဖြစ်သည်။ အရည်အသွေးနှင့် ထုပ်ပိုးမှုပိုင်းတွင်    ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည်။

ကော်ဖီထုတ်ကုန်တိုးမြှင့်

မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက် ဝယ်လိုအားတောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ မြန်မာ့ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအတွက် မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။   မြန်မာနိုင်ငံမှ ကော်ဖီများကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊  ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်ဂျီယံ၊ ဆွစ်ဇာလန် နိုင်ငံတို့သို့   တင်ပို့လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ် တင်ပို့နေသည့် နိုင်ငံပေါင်းမှာ မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံရှိရာ မြန်မာ့ကော်ဖီသည် အနံ့အရသာနှင့် အရည်အသွေးပိုင်း၌  ထိပ်တန်းအဆင့်မြင့်  နိုင်ငံတကာဈေးကွက်တွင်  နာမည်ကောင်း ရရှိနေပြီဖြစ်သည်။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ   ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊  ကော်ဖီတိုးချဲ့စိုက်ပျိုးရန်အတွက်   ကော်ဖီလုပ်ငန်း လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်၍  အစီအစဉ် ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ပြင်ဦးလွင်မြို့ရှိ   ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ်က “ကော်ဖီထုတ်ကုန်များဈေးကွက်ရရှိရေးနှင့် အရည်အသွေး မြင့်ထုတ်ကုန်ဖြစ်စေရေး   အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ကော်ဖီသည် နှစ်ရှည်သီးနှံတွင်ပါရှိပြီး ကမ္ဘာနှင့်အဝန်း သောက်သုံးကြသည့် ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်သည်။ ထို့ကြောင့် အောင်မြင်အောင်ဆောင်ရွက်မည်ဆိုပါက ကော်ဖီသည် တိုင်းပြည်အတွက်၊ ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်သည်။   သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိထိရောက်ရောက်ဖြင့်  အောင်မြင်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင်  ကော်ဖီသည် ရောင်းဝယ်မှုပမာဏ  ဒုတိယအများဆုံးဖြစ်ရာ  ဈေးကွက်ကြီးမား ကျယ်ပြန့်လှသည်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်ပြီး ကော်ဖီအင်အားကြီးနိုင်ငံဟု ဆိုရမည်ဖြစ်သည်။

ယခုအခါ  မြန်မာ့ကော်ဖီကို  ပြည်ပဈေးကွက်ဝယ်လိုအား  တောင်းဆိုမှုမြင့်တက်လာခြင်းသည် အခွင့်အခါကောင်းဖြစ်သော်လည်း ကော်ဖီသည် နှစ်ချင်းစိုက်၍ သီးသည့် သီးနှံမဟုတ်သည့်အလျောက် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအကျိုးအမြတ်များ ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် ပြည်ပပို့ကုန်မြှင့်တင်နိုင်ရန် ကော်ဖီတိုးချဲ့စိုက်ပျိုးရေး၊ လက်ရှိစိုက်ဧကများတွင် အထွက်နှုန်းများကောင်းမွန်လာရေး၊  ဈေးကွက်ဝင် အရည်အသွေးစံချိန်စံညွှန်းများ ကောင်းမွန်ရေး၊   စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့်  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး၊ ကော်ဖီကုန်ချောများ ထုတ်လုပ်နိုင်ရေး၊ ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့်   ထုပ်ပိုးမှုများ နိုင်ငံတကာအဆင့်မီ ဆွဲဆောင်မှုရှိရေးတို့အတွက် ကော်ဖီလုပ်ငန်းရှင်များက အဓိကကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် MSME ကဏ္ဍနှင့် ကော်ဖီလုပ်ငန်းသည် တစ်ခုနှင့်တစ်ခု  အပြန်အလှန်ဆက်စပ်လျက်ရှိသည်။ MSME များသည် မြန်မာ့ကော်ဖီလုပ်ငန်း၏ အဓိကမောင်းနှင်အားဖြစ်ပြီး ကော်ဖီလုပ်ငန်းသည် MSME များအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေကို ဖန်တီးပေးသည်။ အထက်တွင် ဖော်ပြထားသော အလားအလာများကိုအသုံးချနိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါက    မြန်မာ့ကော်ဖီလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။