စွမ်းနိုင်သမျှသောအားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်း ပူးပေါင်းကူညီ
Posted_Date
Image

Body
မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသဖြင့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံဗဟိုချက် မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်ရှိ မြို့ရွာများအားလုံး ခံစားခဲ့ကြရသည်။ အင်အား အလွန်ပြင်းထန်သော မြေငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် (the day of national mourning) တစ်နိုင်ငံလုံး အတိုင်းအတာလှုပ်ရှားမှုအဖြစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၆ ရက်အထိ ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏သမိုင်းတွင် မှတ်တမ်းတင်နိုင်သည့် ငလျင်ကြီး ၁၈ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၉၁၂ ခုနှစ် မေလ ၁၃ ရက်တွင်လှုပ်ခဲ့သော ပြင်းအား ၈ ရစ်(ခ်) တာစကေးရှိသည့် မေမြို့ငလျင်သည် အင်အားအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ယခု မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်မှာ ဒုတိယအင်အားအပြင်းထန်ဆုံး ငလျင်ဖြစ်သည်။ ငလျင်ကြီးသည် အင်အားပြင်းထန်သော ငလျင်ဖြစ်ပြီး ငလျင်မှထုတ်လွှတ်သော စွမ်းအင်မှာ အဏုမြူဗုံး ၃၃၄ လုံး ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်စုစုပေါင်းနှင့် ညီမျှကြောင်း ပြည်ပပညာရှင်တစ်ဦးက ပြောကြားခဲ့ရာ ငလျင်ဒဏ်သင့်ရာဒေသများ၏ အပျက်အစီးဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ထို့ပြင် ၁၇၆၂ ခုနှစ် ရခိုင်ငလျင်နှင့် ၁၉၄၆ ခုနှစ် စစ်ကိုင်းငလျင်တို့သည်လည်း အင်အား ရစ်(ခ်)တာစကေး ၈ ရှိပြီး အကြီးမားဆုံးငလျင်များဖြစ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ဧပြီလ ၉ ရက်အထိ သေဆုံးသူ ၃၆၄၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊ ပျောက်ဆုံးနေသူ ၁၄၅ ဦး စုစုပေါင်း ၈၇၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အသေးစိတ်စာရင်း မရရှိသေးသော်လည်း အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် အပိုင်း ၁၈၄ ခု ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပေသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတကာကူညီ ထောက်ပံ့မှုများ အနေဖြင့် နိုင်ငံ ၂၂ နိုင်ငံက လေယာဉ် ၁၀၆ ခေါက်၊ ကားအစီးရေ ၆ စီး၊ သင်္ဘော ၅ ခေါက် ရောက်ရှိခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတန်ချိန် ၁၄၇၂ တန်ကျော်၊ ကယ်ဆယ်ရေး ပစ္စည်းများတန်ချိန် ၁၁၀၀ ကျော် ရောက်ရှိခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ငလျင်နှင့်ပတ်သက်၍ အသိ၊ သတိရှိကြရမည်ဖြစ်သည်။ ငလျင်အန္တရာယ်သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက် ကြိုတင်မသိနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်၍ မဖြစ်ပွားမီ အဆောက်အအုံများကို ရေရှည်မျှော်မှန်းပြီး အောက်ခံမြေသားနှင့် အဆောက်အအုံများ ပိုမိုခိုင်ခံ့အောင် တည်ဆောက်ထားရမည်ဖြစ်သည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မဖြစ်မီ၊ ဖြစ်ပွားစဉ်၊ဖြစ်ပြီးအချိန်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ငလျင် နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်း တစ်ရပ်ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပထမဦးစားပေးအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး အပိုင်းအစများအားလုံး အမြန်ဆုံးရှင်းလင်း ဖယ်ရှားရေး၊ ဒုတိယအဆင့် အနေဖြင့် လက်ရှိအခြေအနေတွင် ပျက်စီးလုနီးပါး ဖြစ်နေသည့်အပြင် အန္တရာယ်ရှိသည့် အဆောက်အအုံများအား ဘေးအန္တရာယ်ကင်းစွာ အပြီးတိုင် စနစ်တကျဖြင့် ဖြိုဖျက်ရေး၊ တတိယအဆင့်အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆောက်ရေး ကဏ္ဍ၌ ယခုငလျင်ဒဏ်ခံစားရမှုအပေါ် သင်ခန်းစာယူရန်၊ လမ်း၊ တံတား၊ ရုံးအဆောက်အအုံ၊ အထပ်မြင့် အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရေးအတွက် မြေအနေအထား စစ်ဆေးခြင်းပြုလုပ်ပြီးမှသာ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်ရေးဟူ၍ အပိုင်းသုံးပိုင်းကို ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လုပ်ထုံးလုပ်နည်းနှင့် အကြောင်းကြား သတင်းပို့လာပါက နိုင်ငံတော် အစိုးရက ကြိုဆိုလက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန် အပါအဝင် နိုင်ငံများစွာက ကူညီထောက်ပံ့မှုများအပြင် ကယ်ဆယ်ရေးဝန်ထမ်းပေါင်းများစွာ ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ဧပြီလ ၁ ရက်တွင် ပြုလုပ်သော အလှူငွေများပေးအပ် လှူဒါန်းပွဲတွင်လည်း စေတနာရှင်၊ အလှူရှင်များက စုစုပေါင်း ငွေကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံကို အားတက်သရော လှူဒါန်းခဲ့ကြသည်။
မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ၊ အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ၊ ရာဂိတို့၏ သက်ရောက်မှုကြောင့် မကြုံစဖူးဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုများနှင့် ရုတ်တရက်ရေကြီးမှုများ၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ပြီးတစ်နှစ် ခံစားခဲ့ကြရသည်။ ခံစားရမှုနှင့်အတူ အဆိုပါ သဘာဝဘေးအန္တရာယ်ကြီးများကို နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က အတူတကွဖြတ်ကျော်နိုင်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မိမိတို့တတ်စွမ်းသမျှသော အားတို့ဖြင့် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စိန်ခေါ်မှုများကို ကျော်ဖြတ်နေရသည့်အချိန်တွင် ကြုံတွေ့လာရသည့် သဘာဝဘေးဒဏ်များကို လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပြည်တွင်း၊ ပြည်ပအကူအညီများနှင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ မိမိတို့အနေဖြင့်လည်း နိုင်ရာဝန်ဖြင့် စွမ်းနိုင်သမျှသော အားတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် သွားကြရမည်ဖြစ်သည်။ ။
Source: https://myawady.net.mm/stories