ယူကရိန်းစစ်တပ်၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်စကိုမြို့၊ Vnukovo လေဆိပ်၏ လေကြောင်းခရီးစဉ်များ နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းခြင်းများ အကြီးအကျယ် ဖြစ်ပေါ်

News Image

ယူကရိန်းစစ်တပ်၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်စကိုမြို့၊ Vnukovo လေဆိပ်၏ လေကြောင်းခရီးစဉ်များ နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းခြင်းများ အကြီးအကျယ် ဖြစ်ပေါ်

ယူကရိန်းစစ်တပ်၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်စကိုမြို့၊ Vnukovo လေဆိပ်၏ လေကြောင်းခရီးစဉ်များ နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းခြင်းများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။

လေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ လေယာဉ်ခရီးစဉ် ၅၀ ခန့်ကို ဖျက်သိမ်းခဲ့ရပါသည်။

ခရီးသည်များသည် မေလ ၆ ရက်နေ့ကတည်းက ထွက်ခွာရန် နာရီပေါင်း များစွာ စောင့်ဆိုင်းနေခဲ့ကြသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

သစ်ပင်စိုက်လျှင် ရှင်သန်ချင် လိုက်နာကြဖို့ အသိယှဉ်

Posted_Date

Image

 သစ်ပင်စိုက်လျှင် ရှင်သန်ချင် လိုက်နာကြဖို့ အသိယှဉ်

Body

သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းအောင်မြင်စေရန် သစ်မျိုး၊ မြေ၊ ရေ၊ ရာသီဥတုတို့အပေါ် များစွာမူတည်ပေသည်။ သစ်မျိုးအလိုက် ရှင်သန်အောင်မြင်ဖြစ်ထွန်းသည့် ရပ်ဝန်းရှိကြပါသည်။ မြန်မာတို့၏ ရှေးကဘိုးဘွားတို့ အစဉ်အဆက်စိုက်ပျိုးခဲ့သော သစ်ပင်များမှာ လက်ရှိ လူသားမျိုးဆက်တို့ကို အကျိုးပြုလျက်ရှိနေသကဲ့သို့ လက်ရှိမျိုးဆက်တို့ကလည်း နောင်လာမည့် မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်းအပြင် မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ခြင်း၊ အရိပ်အာဝါသနှင့် သန့်စင်သောလေရရှိခြင်း၊ သစ်ပင်ရှင်သန်နေစဉ် အသီးအပွင့်အရွက်စသည်တို့ ခံစားရရှိခြင်း၊ နေစရာအတွက် သစ်၊ တိုင်၊ မျော အလွယ်တကူရရှိပြီး ပိုလျှံက ရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်း၊ သားငှက်တိရစ္ဆာန်များအတွက် အစာရေစာနှင့် နားနေရာရရှိခြင်းစသည့် လက်ငင်းအကျိုးကျေးဇူးများရရှိပါမည်။

 မြန်မာလူမျိုးတို့သည် ကိုးကွယ်သည့်ဘာသာတရား၏ အဆုံးအမအရသော်လည်းကောင်း၊ မိရိုးဖလာအစဉ်အလာအရသော်လည်းကောင်း ဟိုးပဝေသဏီကပင် မိုးကြို၊ မိုးဦးကာလမှသည် မိုးကာလ မြေဆီစိုခိုက်အချိန်တွင် သစ်ပင်စိုက်ခြင်းကိုဆောင်ရွက်ကြပါသည်။

ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြ

သစ်ပင်စိုက်ခြင်းကို ပသာဒဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာစေရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုလျှော့ချရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ သစ်တောများရေရှည်တည်တံ့စေပြီး စဉ်ဆက်မပြတ် အကျိုးရရှိစေရေးအတွက် ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင်များတိုးပွားပြီး သိရှိလိုက်နာစေရန်၊ ဒေသခံများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုးနှင့် သစ်ပင်များကို တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ၊ အစုအဝေးလိုက်  ဧရိယာပမာဏငယ်ငယ်မှ ကျယ်ကျယ်အထိ စိုက်ကြပါသည်။ နိုင်ငံတစ်ဝန်းတွင် နေရာဒေသအလိုက် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက်နှင့် အထိမ်းအမှတ်နေ့များ စသည်ဖြင့် လူစုလူဝေး အင်အားသုံး မိုးရာသီသစ်ပင်စိုက်ပွဲများလည်း နှစ်စဉ်ပြုလုပ်ကြပါသည်။ အားရစရာကြီးပင်။ သစ်ပင်စိုက်ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများကလည်း အားပေးအားမြှောက်ပြုခဲ့ကြပါသည်။

သစ်ပင်စိုက်တိုင်း မိမိတို့၏ရည်ရွယ်ရင်းအတိုင်း အကျိုးများသည့် သစ်ပင်များအဖြစ် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါရဲ့လား။ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ အပြည့်အဝဖြစ်ပါရဲ့လား။ သစ်ပင်စိုက်လျှင် ရှင်သန်ချင်လိုက်နာကြဖို့ အသိယှဉ်စေချင်ပါသည်။

ဥပမာ ကျွန်းဆိုပါစို့၊ မိုးရေချိန်လက်မ ၆၀ မှ ၈၀ ကြား၊ ရေစီးရေလာကောင်းပြီး မြေသြဇာထက်သန်သည့် မြေအမျိုးအစားတွင် ရှင်သန်ဖြစ်ထွန်းအောင်မြင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်ဒေသတွင် ကျွန်းပင်စိုက်သော် ရှင်နိုင်သော်လည်း မဖြစ်ထွန်း မအောင်မြင်နိုင်ပါ။ ထိုအပင်မျိုးက အောင်လုံကောင်းမွန်သော ကျွန်းမျိုးဆက်များကို ပေးနိုင်စွမ်းမည်လည်းမဟုတ်ပါ။ ကျွန်း၏မျိုးရိုးဗီဇအရည်အသွေးကိုပင် ယုတ်လျော့ကျဆင်းစေနိုင်ပါသည်။ အလားတူ ဒီရေတောသစ်မျိုးများကို တောင်ပေါ်ဒေသ၊ အအေးပိုင်းဒေသ သစ်မျိုးများကို အပူပိုင်းဒေသတို့တွင်စိုက်က ရှင်သန်အောင်လုံမှု မရှိနိုင်ပါ။ သစ်မျိုးရွေးချယ်ရာတွင် ဒေသ၏ရေမြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့်  ဒေသသစ်မျိုးများကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ပြီး  စိုက်သည့်ရည်ရွယ်ချက်မှာ လောင်စာအတွက် ဖြစ်ပါက အကြီးမြန်သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း၊ စီးပွားဖြစ် သစ်တိုင်မျောအတွက်ဆိုပါက စျေးကွက်မှတောင်းဆိုသည့် အဖိုးတန် သစ်မျိုးများ ရွေးချယ်၍သော်လည်းကောင်း စိုက်ရမည်ဖြစ်သည်၊၊


မြေရှိလျှင် သစ်ပင်စိုက်၍ ရပါသည်။ စိုက်သည့်မြေတွင် သစ်မျိုးအလိုက် အပင်ဖြစ်ထွန်းချင်မှဖြစ်မည်။ မြေဆီမြေနှစ် မြေသြဇာကင်းမဲ့ သောမြေ၊ အပင်အတွက်လိုအပ်သော အစိုဓာတ်မထိန်းသောမြေမှာ သစ်ပင်စိုက်က ရှင်သန်ရန်ခဲယဉ်းပါသည်။ အပင်ရှင်သန်ရန် ရေလို သလို လိုသည်ထက်ပိုသောရေဝပ်နေရာများ၊ ရေစီးရေလာမကောင်း သောနေရာများတွင် အပင်စိုက်ပါကလည်း မဖြစ်ထွန်းနိုင်ပါ။ အလားတူ ရာသီဥတုကိုလည်း သတိပြုရပါမည်။ ပူပြင်းသော၊ အေးသော၊ မိုးနည်းသော၊ မိုးများသောဒေသအလိုက် ရှင်သန်ဖြစ်ထွန်းမည့် သစ်မျိုး ကိုသာ စိုက်ရမည်ဖြစ်သည်။ စိုက်ပင်တိုင်း ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး သစ်မျိုးကို ဦးစားပေးလိုက သစ်မျိုးနှင့် သဟဇာတဖြစ်မည့် မြေနေရာရွေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မြေနေရာ ဦးစားပေးလိုက မြေနေရာနှင့် လိုက်လျောညီထွေဖြစ်မည့် သစ်မျိုးကို ရွေးစိုက်ရမည်ဖြစ်ပါသည်။

ရှောင်ရှားရမည့်နေရာ

သစ်ပင်စိုက်မည့်မြေနေရာသည် လျှပ်စစ်ဓာတ်အားလိုင်းများ၊ သွယ်တန်းထားသည့် ဓာတ်ကြိုးများအောက်၊ နဂိုရှင်သန်ကြီးထွားပြီး အပင်ကြီးများအောက်၊ လမ်းဘေးဝဲယာဖြစ်က တိုးချဲ့မည့်လမ်း  အဆင့်မြှင့်တင်မည့်လမ်းဧရိယာနှင့် လမ်းနယ်နိမိတ်များ၊ အဆောက် အအုံဆောက်မည့်နေရာ၊ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်မည့် နေရာ၊ ရေဝပ်သည့်နေရာတို့ဖြစ်ပါက ရှောင်ရှားရပါမည်။ ဓာတ်ကြိုးများ အောက်ခြေမှ ပေ ၅၀ ခွာရပါမည်။ ရေဝပ်နေရာဖြစ်ပါက လုံလောက် သောမြေစာဖို့ရပါမည်။ အမြန်လမ်း၊ ဒွေးလမ်းကြီးများ၏ လမ်းလယ်ကျွန်းအပင်စိုက်က အပင်ကြီးသစ်မျိုးအစား အပင်ငယ် သို့မဟုတ် ပသာဒဖြစ်မည့်သစ်မျိုးကို ရွေးရပါမည်။
သစ်ပင်စိုက်ရန် သစ်မျိုး၊ စိုက်မည့်နေရာရွေးချယ်ခြင်း( Choice of species & Site selection)ပြီးနောက် ပျိုးဥယျာဉ်ရှိ ပျိုးပင်များကို ဒဏ်ခံနိုင်စေရန် တစ်နည်းအားဖြင့် အောင်လုံသန်စွမ်းသော ပျိုးပင်ဖြစ်စေရန် ဧပြီလနောက်ဆုံးရက်သတ္တပတ်လောက်မှစ၍ မြေချမစိုက် မီ အချိန်အတွင်း ရေလျှော့လောင်းခြင်း၊ အလင်းဖွင့်ခြင်း (Hard-ening process) စသည့်လုပ်ငန်းများ ဆောင်ရွက်ရပါမည်။ (သစ်တောဦးစီးဌာနသည် သစ်ပင်စိုက်ပြီးရှင်သန်ကြီးထွားမှုကောင်းစေရန် ဒဏ်ခံနိုင်သော၊ အောင်လုံသန်စွမ်းသော အမြင့်နှစ်ပေနှင့်အထက်ရှိ ပျိုးပင်များကို မိုးကာလတွင် ပြည်သူလူထုသို့ အခမဲ့ ဖြန့်ဝေလျက်ရှိပါသည်) စိုက်မည့်အကွာအဝေးအလိုက် ပန္နက်ရိုက်ခြင်း၊ မြေပြုပြင်ခြင်း ဆောင်ရွက်ရပါမည်။

မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသများတွင် ရေစုစည်း သိုမှီးနိုင်သည့် အရွယ်အစားရှိ ကျင်းတူးရမည်။ အများအားဖြင့် ၄'x၄'x ၁'/ ၃'x၃'x၁'/၄'x၁'x၁' အရွယ်အစားရှိ ကျင်းအတွင်းအလယ်တွင် တစ်ပေပတ်လည် ချက်ကျင်းတူးရပါမည်။ အပူပိုင်းဒေသမှအပ ကျန် ဒေသများတွင် နှစ်ပေပတ်လည် တစ်ပေအနက်ကျင်း သို့မဟုတ် ပျိုးအိတ်အရွယ်အစားပေါ်မူတည်၍ လိုအပ်သည့်အရွယ်အစား ကျင်းတူးရပါမည်၊ ကျင်းများအတွင်း ရောစပ်ထားသည့်မြေဆွေးများ အလုံအလောက်ထည့်ရပါမည်။ 

မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်

ရေလောင်းပေးနိုင်ပါက မိုးကြိုသစ်ပင်စိုက်ခြင်း၊ သစ်ပင်စိုက်ရန် လုံလောက်သည့် မြေအစိုဓာတ်ရရှိသည့် မိုးဦးကာလတွင် သစ်ပင်စိုက်ခြင်း ဆောင်ရွက်နိုင်ပါပြီ။ ပျိုးဥယျာဉ်တွင် ဒဏ်ခံနိုင်အောင် ပြုစုထားသည့် အောင်လုံသောပျိုးပင်တို့ သယ်ယူချိန်တွင် ပျိုးပင်များ မကျိုးမပျက်စေရန် ပျိုးအိတ်မြေလုံးမကွဲစေရန်သယ်ရပါမည်။

သစ်ပင်စိုက်ကြပါစို့၊ ပျိုးအိတ်မြေလုံးမကွဲစေရန် သတိနှင့်ကိုင်တွယ်ပါ။ ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့် အသာဆုပ်ညှစ်ရပါမည်။ သစ်ပင်စိုက်မည့်ကျင်းအနီး ပျိုးအိတ်ပလတ်စတစ်ကို လက်သည်း သို့မဟုတ် အသွားထက်ဓားသေးသေးဖြင့် ခွဲထုတ်ရပါမည်။ စိုက်ပင်ကို တည့်တည့်မတ်မတ်ထား၍ မြေလုံးကို သတိဖြင့် ကျင်းအတွင်း အသာထည့်ပြီး စိုက်ပင်ဘေးပတ်လည် လေဟာမှုမဖြစ်စေရန် ဖို့မြေကို ဖိသိပ်ပေးရပါမည်။ အပင်အခြေ ရေဝပ်မှုမရှိစေရေး မို့မောက်သည်အထိ ရောစပ်ထားသည့်မြေဆွေးပုံပေးရပါမည်။

စိုက်ပင်များကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များ၊ အခြားဖျက်ဆီးမှုများမရှိစေရန် အကာအရံ၊ အရံအတားများ စနစ်တကျ ပြုလုပ်ပေးရပါမည်။ လိုအပ်သလို ရေလောင်းပေးခြင်း၊ အရိပ်ပေးခြင်း၊ မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ရှင်းလင်း၊ မြေတောင်မြှောက် ခါးဆွခြင်းများ ဆောင်ရွက်ခြင်းဖြင့် ပြုစုထိန်းသိမ်းမှုပြုရပါမည်။

သစ်တောဦးစီးဌာနသည် ၂၀၂၅ ခုနှစ် မိုးကာလတွင် သစ်ပင်စိုက်ရန် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ အာဆီယံလမ်း၊ အမြန်လမ်းနှင့် လမ်းဘေးဝဲယာများကို အထူးလုပ်ငန်းတစ်ရပ်အနေဖြင့် အပင်စိုက်ခြင်း၊ နိုင်ငံတစ်ဝန်း မိုးကြို/မိုးကာလသစ်ပင်စိုက်ပွဲတော်များကျင်းပခြင်း၊ ဌာနဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများသို့ ဖြန့်ဝေခြင်းတို့အတွက် သစ်မျိုးစုံ၊ ဝါးမျိုးစုံ ပျိုးပင် ၂၁ သန်းနီးပါး ပျိုးထောင်ထားရှိပေသည်။ ထို့ပြင် သစ်ပင်ပျိုးထောင် မှုနှင့်ပတ်သက်၍ သစ်တောသစ်ပင်ဆိုင်ရာ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တစ်သီးပုဂ္ဂလ တစ်နိုင်တစ်ပိုင် ဝါသနာရှင်များ၏ ဆောင်ရွက်မှုများပါဝင်ပါက နှစ်စဉ် မြန်မာနိုင်ငံတွင် ပျိုးပင်များ သန်းဆယ်ချီများသော အရေအတွက်ပမာဏဖြင့် ပျိုးထောင်ကြပါသည်။ ထိုအတွက် အချိန်၊ လုပ်အား၊ ငွေကြေး၊ နည်းပညာအရင်းအနှီးများ၏တန်ဖိုးကား အနမတဂ္ဂပါ။ သစ်ပင်စိုက်ရာတွင် ရှင်သန်အောင်မစိုက်ပါက အကြောင်းမျိုးမျိုးကြောင့် စိုက်ပင်များပျက်စီးပြီး တန်ဖိုးတွက်ချက်ရသည်ရော၊ မရသည်ရော ဆုံးရှုံးမှုများကား မနည်းမနော ရှိပေချိမ့်။ 

မြေဆီစိုခိုက် သစ်ပင်စိုက်ကြရာဝယ် စိုက်ပင်များကို

- ရှင်အောင်စိုက်၊

- ကြီးအောင်ပြုစု

-မြဲအောင်ထိန်းသိမ်းခြင်းဖြင့် တစ်ပင်မှ တစ်တောဖြစ်အောင် စွမ်းဆောင်ရင်း သစ်ပင်များ စိုက်ကြပါစို့၊

သစ်ပင် သစ်တောများသည်-

အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလတွင် အကျိုးစီးပွား၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးကောင်းများပင်။နောင် လာနောက်သား မျိုးဆက်သစ်များအား အမွေကောင်းများပေးနိုင်စေရေး၊ စိမ်းလန်းစိုပြည်သည့်မြေကြီးမှ ရွှေသီးစေရေးနှင့် သက်ရှိများအားလုံး အကျိုးရှိစေရေးအတွက် မိုးကာလ မြေဆီစိုခိုက် သစ်ပင်များများ စိုက်ကြပါစို့။    ။

Source: Myanmar Digital News

ပင်လယ်နီ (သို့မဟုတ်) အမေရိကန်အတွက် တရုတ်က ဖန်တီးထားသည့် ဗျူဟာမြောက်ထောင်ချောက်

Posted_Date

Image

ပင်လယ်နီ (သို့မဟုတ်) အမေရိကန်အတွက် တရုတ်က ဖန်တီးထားသည့် ဗျူဟာမြောက်ထောင်ချောက်

Body

“ကြိုဆိုပါတယ် ဟူသီတွေရေ”။ အနောက်နိုင်ငံများမှ ကုန်စည်သင်္ဘောများသည် အစ္စရေးသို့ သွားလာနေကြသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပင်လယ်နီတွင် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ရင်ဆိုင်နေရချိန်တွင် တရုတ်လူမှုကွန်ယက်များတွင် ယခုကဲ့သို့ ကြွေးကြော်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်အမှတ်အသားပါ သင်္ဘောများသည် ထိုရေပိုင်နက်တွင် ဖြတ်သန်းခုတ်မောင်းလျက်ရှိသည်။ ထိုအချင်းအရာသည် တိုက်ဆိုင်မှုသက်သက်မဟုတ်ပေ။ ဟူသီ အာဏာပိုင်များက ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့သောအချက်များကို ရေကြောင်းခြေရာခံဒေတာများက အတည်ပြုခဲ့သည်။ ယင်းမှာ အမေရိကန်တို့၏အကျိုးစီးပွားကို ရန်လိုနေသည့် ပဋိပက္ခဇုန်အတွင်း၌ တရုတ်သင်္ဘောများသည် အထူးအလေးပေးဆက်ဆံမှုခံနေရခြင်းဖြစ်သည်။

ဤအလေးပေးဆက်ဆံမှုသည် တိုက်ဆိုင်မှုမဟုတ်ဘဲ တရုတ်တို့၏ အထူးဂရုပြုစီစဉ် ဖန်တီးတတ်သည့် သံတမန်ရေးရာအတတ်ပညာ၏ ရလဒ်သာဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေး ဌာန၏ မကြာသေးမီက ပိတ်ဆို့မှုများက ယီမင် နိုင်ငံရေးဦးသျှောင်ကောင်စီရုံးမှ မိုဟာမတ် အလီ အယ်လ်ဟူသီ အပါအဝင် ဟူသီခေါင်းဆောင်များသည် တရုတ်အာဏာပိုင်များနှင့် တိုက်ရိုက် ညှိနှိုင်းကာ ၎င်းတို့၏ သင်္ဘောများ ပစ်မှတ်မဖြစ်စေရန် အာမခံချက်ရယူခဲ့ကြောင်း ပေါ်လွင်စေခဲ့သည်။ ဤလျှို့ဝှက်သဘောတူညီချက်မှာ အိုမန်နိုင်ငံတွင်ကျင်းပသော နိုင်ငံတကာဆွေးနွေးပွဲများအတွင်း တရားဝင် ပေါ်ထွက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ သင်္ဘောများကို ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုများမြင့်တက်နေချိန်တွင် တရုတ်သင်္ဘောများအတွက် လုံခြုံစွာဖြတ်သန်းခွင့် အာမခံချက် ရရှိခဲ့သည်။ ဟူသီအာဏာပိုင်များက အနောက်နိုင်ငံသင်္ဘောများနှင့် တရုတ်သင်္ဘောများကို ခွဲခြား ထားသည်ဟု အများသိအောင် ပြောဆိုနေသော်လည်း ၎င်းတို့၏ ပစ်မှတ်ချိန်တွယ်နည်းပညာမှာ အခြေခံအဆင့်တွင်သာရှိပြီး အမှားအယွင်းများဖြစ်တတ်ကာ ဘာဘ် အန် မန်ဒက်ရေလက်ကြားမှ ဖြတ်သန်းနေသော တရုတ်သင်္ဘောများကို အခါအားလျော်စွာ မှားယွင်းပစ်ခတ်မိသည့်ဖြစ်စဉ်မျိုး ရှိခဲ့သော်လည်း တရုတ်၏နည်းပညာထောက်ပံ့မှုကြောင့် ပစ်မှတ်တိကျမှုအပိုင်းတွင် တိုးတက် လာသည်ကို တွေ့ရှိရသည်။

ပေကျင်းအစိုးရအတွက်မူ တိုက်ပွဲအစစ်အမှန်သည် အစ္စလာမ်မစ်ကမ္ဘာ၏ ကွန်ရက်များမှ တစ်ဆင့် အသက်သွေးကြောသဖွယ် ရေလမ်းကြောင်းများကို ထိန်းချုပ်ခြင်းသည် မည်သည့် ကုန်သွယ်ရေးသဘောတူညီချက်ထက်မဆို ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည့် စီးပွားရေးရှေ့တန်းစစ်မျက်နှာပြင်မှ စတင်မည်ဖြစ်သည်။

တရုတ်၏ ဤမဟာဗျူဟာမြောက်တွက်ချက်မှုသည် ၎င်း၏တရားဝင်သတင်းထုတ်ပြန်ချက် များတွင် ထင်ဟပ်နေသည်။ ဆင်ဟွာသတင်းဌာနက ဤအကျပ်အတည်းကို “ဟူသီကဲ့သို့သော အစဉ်အလာမဟုတ်သည့် ဆန့်ကျင်ဘက်အဖွဲ့များအပေါ် အမေရိကန်မှ ထိရောက်စွာမကိုင်တွယ် နိုင်မှု” အဖြစ်ရှုမြင်ပြီး အမေရိကန်၏ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုသည် “ပိုမိုကြီးထွားသော ခုခံမှုကိုသာ ဖြစ်စေခဲ့ပြီး အမေရိကန်၏ စီးပွားရေးဩဇာလျော့နည်းမှုနှင့် မဟာမိတ်စနစ်ပြိုကွဲမှုကို ထင်ရှားစေခဲ့သည်” ဟုဆိုသည်။ ဤကြွေးကြော်သံ၏နောက်ကွယ်တွင် “ပင်လယ်နီကို ဖြတ်သန်း နိုင်ရန်” ဆိုသည့် ရှင်းလင်းသော စီးပွားရေးအရ အရေးပါမှုတစ်ခုရှိနေသည်။ ပေကျင်းအတွက် ဤရေလမ်းကြောင်းတွင် လွတ်လပ်စွာသွားလာခွင့်ကို ထိန်းသိမ်းခြင်းသည် အငြင်းပွားဖွယ် မရှိသော အရေးကြီးကိစ္စရပ်ဖြစ်သည်။ တိုက်ခိုက်မှုများစတင်သည့်အချိန်မှစ၍ ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောအရေအတွက် ၇၀% နီးပါးကျဆင်းသွားသော်လည်း တရုတ်သင်္ဘောများ၏ ကုန်တန်ချိန်ပမာဏမှာ သိသိသာသာတိုးတက်လာခဲ့ပြီး ၎င်းတို့သဘောတူညီမှု၏ ထိရောက်မှုကို အသံတိတ်သက်သေပြနေခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် ဥရောပစီးပွားရေးဈေးကွက်အပေါ်တွင်လည်း ပြင်းထန်စွာသက်ရောက် ခဲ့သည်။ ဥရောပ၏အဓိကရေကြောင်းကုမ္ပဏီကြီးများသည် ၎င်းတို့၏သင်္ဘောများကို ဂွတ်ဟုပ်အငူကို ပတ်၍ လမ်းကြောင်းပြောင်းလဲရန် တွန်းအားပေးခံခဲ့ရသည်။ ဤအခြေအနေသည် တရုတ် ကုန်ပစ္စည်းများအတွက် လူလုပ်ယှဉ်ပြိုင်မှုအားသာချက်တစ်ရပ်အဖြစ် ဖန်တီးပေးလိုက်ပြီး ဥရောပ ပြိုင်ဘက်များအနေဖြင့် နှောင့်နှေးမှုနှင့် ကုန်ကျစရိတ်တိုးလာမှုတို့ ကြုံတွေ့နေရစဉ် တရုတ်ကုန်စည် များမှာ ပင်လယ်နီရေလမ်းကြောင်းမှတစ်ဆင့် အဟန့်အတားမရှိ ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ ဂျာမနီနှင့် ပြင်သစ်ထုတ်လုပ်သူများသည် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများနှင့် တရုတ် ပြိုင်ဘက်များထံ ဈေးကွက်ဝေစုဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး ဤသည်မှာ အမေရိကန်နှင့် တိုက်ရိုက်ကုန်သွယ်ရေးယှဉ်ပြိုင်မှုထက် ကြားခံပဋိပက္ခ (Proxy Conflict) မှတစ်ဆင့် ရရှိခဲ့သော ပေကျင်းအတွက် သိသာထင်ရှားသည့် စီးပွားရေးအောင်ပွဲတစ်ရပ်ပင်ဖြစ်သည်။

ဤသဘောတူညီချက်သည် ဗျူဟာမြောက် ရေတိုပူးပေါင်းဆောင်ရွက်မှုထက် ပိုမိုနက်ရှိုင်း သည်။ တရုတ်ဂြိုလ်တုနှင့်ရေကြောင်းကုမ္ပဏီများအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများက ပေကျင်း၏နည်းပညာနှင့် ထောက်ပံ့ရေးအကူအညီများသည် ဟူသီတို့၏စွမ်းရည်ကို မြှင့်တင်ပေး ခဲ့ပြီး တရုတ်၏ ပင်လယ်ပြင်အကျိုးစီးပွားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးကြောင်း သက်သေပြနေသည်။ ဟူသီတို့၏ ဒုံးကျည်နှင့်ဒရုန်းစွမ်းရည်များကို မြှင့်တင်ပေးသည့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ထောက်ပံ့နေသည်ဟူသော အကြောင်းပြချက်ဖြင့် ရှန်ကျန်း ဘိုယူ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီများစွာသည် ပိတ်ဆို့အရေးယူခံထားရသည်။ ပေကျင်းသည် ဒုံးကျည်များမပစ်ခတ်သော်လည်း ပစ်မှတ်ထိမှန်အောင်ကူညီပေးသည့် အစိတ် အပိုင်းများ၊ ဆော့ဖ်ဝဲများနှင့် ဂြိုလ်တုထောက်လှမ်းရေးစနစ်များကို ထောက်ပံ့ပေးနေသည်။ 

တရုတ်၏ နည်းပညာနှင့် သံတမန်ရေးထောက်ပံ့မှုကွန်ရက်

ယီမင်ရှိဟူသီများအား ပင်လယ်နီရှိ အမေရိကန်ရေတပ်အင်အားစုများအပေါ် တိကျသော တိုက်ခိုက်မှုများပြုလုပ်နိုင်သည့် ဂြိုလ်တုပုံရိပ်များထောက်ပံ့ပေးခဲ့သည်ဟူသော အကြောင်းပြ ချက်ဖြင့် အမေရိကန်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ချန်ဂန်ဂြိုလ်တုနည်းပညာကုမ္ပဏီ (CGSTL) ကို ပိတ်ဆို့အရေးယူခဲ့သည်။ CGSTL ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကလည်း ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဆိုင်ရာထောက်လှမ်းရေးအချက်အလက်များ ထောက်ပံ့ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပိတ်ဆို့ခံခဲ့ရဖူးပြီး အမေရိကန်၏ရန်သူတော်များအတွက် တရားဝင်မဟုတ်သော ထောက်လှမ်းရေး အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်နေကြောင်း သက်သေပြနေသည်။ သို့သော် CGSTL သည် သာမန်ကုမ္ပဏီတစ်ခု မဟုတ်ပေ။ တရုတ်သိပ္ပံအကယ်ဒမီအတွင်း အခြေစိုက်ကာ ဂျီလင်ပြည်နယ်အစိုးရ၏ နောက်ခံထောက်ပံ့မှုဖြင့် လည်ပတ်နေသော အဆိုပါကုမ္ပဏီသည် တရုတ်၏ “စစ်ဘက်-အရပ်ဘက်ပေါင်းစပ်မှု မူဝါဒ” (Military-Civil Fusion Policy) ၏ ပြယုဂ်တစ်ခုဖြစ်ပြီး လွတ်လပ်သောစီးပွားရေးလုပ်ငန်းထက် ပေကျင်း၏ထောက်လှမ်းရေးယန္တရား၏ တိုးချဲ့အစိတ်အပိုင်း တစ်ခုအဖြစ် လုပ်ဆောင်နေသည်။ ဝါရှင်တန်၏ အကြိမ်ကြိမ်သတိပေးမှုများကို လျစ်လျူရှုလျက် ပေကျင်းသည် စစ်ရေးအထောက်အပံ့များကို ဆက်လက်ပေးပို့၍ ကြားနေဟန်ဆောင်ကာ မည်သည့် ထင်ရှားသော ပြုပြင်ပြောင်းလဲမှုကိုမျှ မဆောင်ရွက်သည့် “နိုင်ငံရေးအရငြင်းဆိုမှု” (Strategic Denial) ဟူသော ခံယူချက်ကို ဆက်လက်ထိန်းသိမ်းလျက်ရှိသည်။

တရုတ်မှ ဟူသီတပ်ဖွဲ့များသို့ နည်းပညာစီးဆင်းမှုသည် ကြားခံစစ်ပွဲ (Proxy Warfare) ဆိုင်ရာ အဆင့်မြင့်ဗျူဟာတစ်ရပ်ကို ကိုယ်စားပြုနေသည်။ ပင်လယ်နီတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဟူသီတို့၏ဒရုန်းများမှ ပြန်လည်ရရှိခဲ့သော တရုတ်နိုင်ငံထုတ် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်များ (ဒရုန်းများ၏ ပျံသန်းအကွာအဝေးကို တိုးမြှင့်ပေးခြင်း၊ ထောက်လှမ်းနိုင်မှုကို လျှော့ချပေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်) ကို နယူးယောက်တိုင်းမ်သတင်းဌာနက မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့အပြင် အိုမန်နယ်စပ်တွင် သိမ်းဆည်းရမိခဲ့သည့် တရုတ်နိုင်ငံထုတ် ဒရုန်းပန်ကာ ၈၀၀ သည် ဟူသီတပ်ဖွဲ့များ၊ အီရန်မှထောက်ခံသော အီရတ်ရှိ လက်နက်ကိုင်အဖွဲ့ များနှင့် ရုရှားထောက်ခံသော ယူကရိန်းရှိတပ်ဖွဲ့များ အသုံးပြုနေသည့်ဒရုန်းများတွင် တွေ့ရှိရသည့် မျိုးတူစက်ပစ္စည်းများဖြစ်သည်။ တရုတ်သည် လက်နက်စနစ်အပြည့်အစုံကို တင်ပို့ခြင်းထက် လမ်းညွှန်စနစ်များ၊ မောင်းနှင်စနစ်များ၊ စွမ်းအင်ထောက်ပံ့မှုစနစ်များကို အွန်လိုင်းရောင်းချသူများ ကဲ့သို့သော ကြားခံများမှတစ်ဆင့်ရောင်းချခြင်းဖြင့် တရားဝင်မဟုတ်သောငြင်းဆိုနိုင်မှုကို ထိန်းသိမ်း ထားသည်။

တန်ခိုးထွားလာသည့် အီရန်၊ ပိုမိုလွှမ်းခြုံနိုင်လာသည့် တရုတ်

တရုတ်၏ အီရန်အား ဗျူဟာမြောက်ထောက်ပံ့မှုသည် ပေကျင်းအားတိုက်ရိုက်ပါဝင်မှု မရှိစေဘဲ ၎င်း၏ရည်မှန်းချက်များကို အောင်မြင်စေသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အီရန် သင်္ဘောနှစ်စီးသည် အီရန်ရှိ ဘန်ဒါအဘားစ်ဆိပ်ကမ်းသို့ ဒုံးလောင်စာထုတ်လုပ်ရန်အတွက် အဓိက ကုန်ကြမ်းတစ်ခုဖြစ်သည့် ဆိုဒီယမ်ပါကလိုရိတ် တန်ချိန် ၁,၀၀၀ ကျော်ကို တရုတ်မှ သယ်ဆောင် လာခဲ့သည်။ ယင်းသည် တာလတ်ပစ်ဒုံးကျည် ၂၆၀ ခန့် ထုတ်လုပ်ရန်လုံလောက်သည့် ပမာဏ ဖြစ်သည်။ တရုတ်သည် အီရန်အား ဒုံးကျည်နည်းပညာများကို ဆယ်စုနှစ်များစွာကတည်းက ထောက်ပံ့ပေးခဲ့သည်။ ယခုကဲ့သို့ ပမာဏများစွာပို့ဆောင်မှုအပေါ် တရုတ်က ၎င်းပါဝင်ပတ်သက်မှု မရှိကြောင်းငြင်းဆိုနေဆဲဖြစ်သော်လည်း ဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေးတိုးချဲ့မှုအဖြစ် ပေါ်လွင်ထင်ရှားသည်။

ဤအခြေအနေသည် ဒေသတစ်ခုလုံးကို လှိုင်းထန်စေသည်။ အီရန်၏ ဒုံးကျည်အစီအစဉ် တိုးတက်လာသည်နှင့်အမျှ ယီမင်ရှိ ဟူသီကဲ့သို့သော ကြားခံအုပ်စုများအား လက်နက်ကိုင်တွယ် နိုင်စွမ်းနှင့် ထိန်းသိမ်းနိုင်စွမ်းလည်း တိုးတက်လာသည်။ ယင်းအုပ်စုများအတွက် တာဝေးပစ် ဒုံးကျည်များ မလိုအပ်ဘဲ အဆင့်မြှင့်တင်ထားသောဒရုန်းများ၊ ပိုမိုကောင်းမွန်သော ပစ်မှတ်ချိန်တွယ် စနစ်များနှင့် ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်များသာလိုအပ်ပြီး ထိုအရာအားလုံး သိသာစွာတိုးတက်လာသည်ကို မြင်တွေ့ရသည်။ တရုတ်သည် ဟူသီတို့အား လက်နက် တိုက်ရိုက် ထောက်ပံ့ရန် မလိုအပ်ပါ။ အီရန်အား အားဖြည့်ပေးခြင်းဖြင့် အမေရိကန်အား ကုန်ကျစရိတ် များပြားပြီး အကျိုးအမြတ်နည်းပါးသော ပဋိပက္ခနွံထဲတွင် သံသရာလည်နေစေပြီး တရုတ်၏ အကျိုးစီးပွားကို တိတ်တဆိတ်ဖြည့်ဆည်းပေးသည့် ဒေသတွင်းကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေသည်။

ပေကျင်းနှင့် တီဟီရန်ကြား တိတ်တဆိတ်ပူးပေါင်းမှုသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်က ဘန်ဒါအဘားစ်ဆိပ်ကမ်း၌ ပေါက်ကွဲမှုကြီးဖြစ်ပွားချိန်တွင် ပိုမိုရှင်းလင်းစွာ ပေါ်လွင်လာ ခဲ့သည်။ အီရန်အာဏာပိုင်များက ဒုံးလောင်စာတင်သွင်းခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သော်လည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဖြစ်သည့် အမ်ဘရေးကုမ္ပဏီက အဆိုပါဓာတုပစ္စည်းများကို မတ်လ အတွင်းက တရုတ်နိုင်ငံမှ ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဂြိုလ်တုကုမ္ပဏီများကို ပိတ်ဆို့ အရေးယူခဲ့သည့် တစ်ချိန်တည်းမှာပင် ဝါရှင်တန်သည် အီရန်မှ လောင်စာဆီများကို တရုတ်သို့ လျှို့ဝှက်သယ်ဆောင်ပေးနေသည့် ပနားမားအလံတင် တီနို့စ်-၁ ဆီတွဲသင်္ဘောနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများကိုလည်း ပစ်မှတ်ထားခဲ့သည်။ ယင်းဆောင်ရွက်မှုကို အီရန်တော်လှန်ရေးအစောင့်တပ်မှ ပံ့ပိုးပေးထားခြင်းဖြစ်ပြီး အီရန်အတွက် လောင်စာဆီရောင်းချမှုမှ ငွေကြေးရရှိပြီး တရုတ်အတွက် လောင်စာဆီနှင့် ဒေသဆိုင်ရာဩဇာလွှမ်းမိုးမှု နှစ်မျိုးလုံးရရှိသည့် နှစ်ဖက်အကျိုးရှိသော ဆောင်ရွက်မှု တစ်ရပ်ဖြစ်သည်။

တရုတ်၏ ဗျူဟာမြောက် ဝိဝါဒနှင့် နှစ်လမ်းသွားဇာတ်ကြောင်း

ပေကျင်းသည် ပင်လယ်နီအကျပ်အတည်းကို ကိုင်တွယ်ရာတွင် လမ်းနှစ်သွယ်ချဉ်းကပ်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချလျက်ရှိသည်။ နိုင်ငံတကာအလယ်တွင် တရုတ်အာဏာပိုင်များသည် ဟူသီတို့၏ တိုက်ခိုက်မှုများကို အစောပိုင်းတွင် ပွင့်ပွင့်လင်းလင်းမရှုတ်ချဘဲ “ဆက်စပ်နိုင်ငံများ အနေဖြင့် တည်ငြိမ်မှုကိုထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန်” ဟူသော ဝေဝါးသည့် ဖော်ပြချက်များဖြင့် တုံ့ပြန်ခဲ့သည်။ နိုင်ငံတကာဖိအားများ မြင့်တက်လာမှသာ တရုတ်၏ ကုလသမဂ္ဂကိုယ်စားလှယ်များက ဟူသီတို့၏ကုန်သွယ်ရေးဆိုင်ရာနှောင့်ယှက်မှုများကို အသိအမှတ် ပြုခဲ့သော်လည်း တရုတ်သင်္ဘောများသည် ဟူသီတို့ထိန်းချုပ်ထားသည့် ပင်လယ်ပြင်တွင် ဦးစားပေး အဆင့်အတန်းဖြင့် ဆက်လက်ဖြတ်သန်းခွင့် ရရှိနေဆဲဖြစ်သည်။

တရုတ်တို့၏ ကြိုတင်တွက်ချက်ထားသော ဝိဝါဒသည် လူမှုကွန်ယက်မီဒီယာများသို့ပါ ကျယ်ပြန့်စွာသက်ရောက်နေပြီး တရုတ်မှ လူမှုကွန်ယက်အသုံးပြုသူများက အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို ဟူသီတို့၏တိုက်ခိုက်မှုများအား ပွင့်ပွင့်လင်းလင်း အားပေးနေကြသည်။ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက “အမေရိကန်နှင့်ဗြိတိသျှစစ်သင်္ဘောများ ပေါက်ကွဲပျက်စီးသည့် သတင်းများမြင်တွေ့လိုသည်” ဟု ရဲရဲတင်းတင်း ရေးသားထားသည်ကို တွေ့ရသည်။ ထိုကဲ့သို့ သဘောထားအမြင်များသည် ယူကရိန်းနှင့် ဂါဇာတို့တွင် အနောက်အုပ်စု၏အကျိုးစီးပွားကို ဆန့်ကျင်သည့်အဖွဲ့များအား အစောပိုင်းကာလများက ထောက်ခံအားပေးမှုများကို ထင်ဟပ်စေသည်။

တရုတ်၏ ချဉ်းကပ်မှုပုံစံမှာ မဟာဗျူဟာမြောက် တိကျသေသပ်သည်။ ပေကျင်းသည် ဟူသီတပ်ဖွဲ့များ အပြီးအပိုင်အောင်ပွဲခံရန်လည်း မလိုလားသလို လုံးဝပြိုလဲသွားရန်လည်း မလိုလားပါ။ အမေရိကန်၏ရေတပ်အင်အားစုများ အတိုင်းအတာတစ်ခုအထိ အလုပ်ရှုပ်နေချိန်တွင် တရုတ်သင်္ဘောများကို အတားအဆီးနည်းနည်းဖြင့် ဖြတ်သန်းသွားလာနိုင်ရန် နှောင့်ယှက်မှုများကို တက်တက်ကြွကြွ ပြုလုပ်နေစေရန်သာ လိုအပ်သည်။ တရုတ်သင်္ဘောများကို ပစ်မှတ်မထားသော ဟူသီတို့၏ ဒုံးကျည်တိုင်းသည် အမေရိကန်၏တည်ရှိနေမှုအပေါ် ပေးဆောင်ရသော အခွန်တစ်ခု၊ ကမ္ဘာ့သင်္ဘောခရီးစဉ်များအတွက် ဖိအားစမ်းသပ်မှုတစ်ရပ်၊ အနောက်နိုင်ငံများ ဆုတ်ခွာခြင်း သို့မဟုတ် အရှိန်တိုးမြှင့်လုပ်ဆောင်ခြင်းမပြုမီ ၎င်းတို့အနေဖြင့် နှောင့်ယှက်မှုဒဏ်ကို မည်မျှအထိ ခံနိုင်ရည်ရှိသည်ကို သရုပ်ပြသည့် သာဓကတစ်ခု ဖြစ်လာသည်။

ရုရှား-တရုတ်-အီရန် မဟာမိတ်ဆက်ဆံရေး

ဤမဟာမိတ်အင်အားစုသည် ယခုအခါ ဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုများဖြင့် စနစ်တကျ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရာ့ချီသည် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အမေရိကန်နှင့်ညှိနှိုင်းဆွေးနွေးမှုမတိုင်မီ မော်စကိုနှင့်ပေကျင်းသို့ ဗျူဟာမြောက် ခရီးစဉ်များသွားရောက်ခဲ့ခြင်းမှာ ၎င်းတို့၏သံတမန်ရေးရာသဘောထားများကို အချိန်ကိုက်ထုတ်ဖော် ပြသလိုက်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပေကျင်း၌ကျင်းပခဲ့သော သုံးနိုင်ငံဆွေးနွေးပွဲတွင်အနောက်အုပ်စု၏ဖိအားကို ပူးပေါင်းတုံ့ပြန်ရန် သဘောတူညီခဲ့ကြပြီး အထူးသဖြင့် တရုတ်က အမေရိကန်၏သြဇာလွှမ်းမိုးမှုကို တိုက်ရိုက်စိန်ခေါ်မည့် အခြားရွေးချယ်စရာများကို တင်ပြခဲ့သည်။

သံတမန်ရေးရာနောက်တွင် ရုရှားသည် အနာဂတ်သဘောတူညီချက်များ၌ အီရန်၏ အမြင့်ဆုံးသန့်စင်ထားသော ယူရေနီယမ်ကို လက်ဝယ်ထိန်းသိမ်းရန် အလားအလာရှိပြီး အီရန်၏ နျူကလီးယားအစီအစဉ်အတွက် နည်းပညာဆိုင်ရာအကာအကွယ်တစ်ခုအဖြစ် ဆောင်ရွက်လာနိုင်သည်။ တစ်ဖက်တွင်မူ တရုတ်ကုမ္ပဏီများက ဟူသီများအပါအဝင် အီရန်၏ ကြားခံအဖွဲ့များအား စွမ်းအားမြှင့်တင်ပေးသည့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံး နည်းပညာများကို ထောက်ပံ့ပေးလျက် ရှိသည်။ ယူကရိန်းတွင်တွေ့ရှိရသည့် ဒရုန်းအစိတ်အပိုင်းများနှင့် အတိအကျတူညီသောပစ္စည်း များကို ဟူသီလက်နက်သိုလှောင်ရုံများတွင် တွေ့ရှိရကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။

ဤမဟာမိတ်အင်အားစုသည် ယခင်ကထက်ပိုမိုခိုင်မြဲလာပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်နှင့် နှစ်(၂၀) ဗျူဟာမြောက်မိတ်ဖက်စာချုပ်ချုပ်ဆိုခဲ့ခြင်းသည် ထင်ရှားသော သက်သေပင်ဖြစ်သည်။

တရုတ်က နည်းပညာထောက်ပံ့ပြီး အီရန်က ကြားခံတပ်ဖွဲ့များကို စီမံခန့်ခွဲနေစဉ်တွင် ရုရှားက သံတမန်ရေးအကာအကွယ်နှင့် နိုင်ငံတကာ တရားဝင်မှုကို ဖန်တီးပေးလျက်ရှိသည်။ ၎င်းသည် တိုက်ရိုက်ရင်ဆိုင်မှုမရှိဘဲ ဒေသတွင်းအင်အားချိန်ခွင်လျှာကို ပြန်လည်ပုံဖော်ရန် အဆင့်မြင့် စနစ်တစ်ရပ်အဖြစ် ဖန်တီးထားပြီး တစ်ချိန်တည်းတွင် တရုတ်သင်္ဘောများအတွက် ရေကြောင်း ဖြတ်သန်းခွင့် အထူးအခွင့်အရေးကိုလည်း အာမခံချက်ရရှိထားသည်။

စီးပွားရေးပြီးလျှင် ဩဇာလွှမ်းမိုးရေး

ပေကျင်း၏ ဟူသီအရေးအပေါ် ချဉ်းကပ်မှုသည် အခွင့်အရေးကို အရယူမှုသက်သက်မျှ မဟုတ်ဘဲ စနစ်တကျတွက်ချက်ထားသော နိုင်ငံရေးပရိယာယ်တစ်ရပ်ပင်ဖြစ်သည်။ ဟူသီတပ်ဖွဲ့ သည် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တရုတ်၏ဂြိုလ်တုနည်းပညာများ ဖြင့်သာ လုပ်ဆောင်နေရပြီး တရုတ်နိုင်ငံထုတ် လမ်းညွှန်စနစ်ပါ အီလက်ထရွန်းနစ်ပစ္စည်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ အမေရိကန်အနေဖြင့် တရုတ်ကုမ္ပဏီတစ်ခုချင်းစီကို ပိတ်ဆို့ အရေးယူနိုင်သော်လည်း တရုတ်၊ အီရန်နှင့် ဒေသတွင်းကြားခံအဖွဲ့များအကြား သုံးပွင့်ဆိုင် ဆက်ဆံရေးကို တိုက်ရိုက်ရင်ဆိုင်ခြင်းမပြုသရွေ့ တရုတ်သင်္ဘောများသည် အငြင်းပွားဖွယ် ရေပြင်တွင် အတန်အသင့်လုံခြုံစွာ ဖြတ်သန်းနေဦးမည်သာဖြစ်ပြီး အမေရိကန်အနေဖြင့် အမြဲလိုလို နောက်ကျကျန်ရစ်မည်သာဖြစ်သည်။

ဝါရှင်တန်အနေဖြင့် တရုတ်နှင့်စီးပွားရေးပြိုင်ပွဲတွင် အမှန်တကယ်အနိုင်ရရှိလိုပါကအကောက်ခွန်ကိစ္စထက် နယ်မြေအရေးကိစ္စများတွင် ပို၍အာရုံစိုက်သင့်သည်။ ဗျူဟာမြောက် အရေးပါသော ပင်လယ်နီကဲ့သို့ဒေသမျိုးမှ တရုတ်ကိုဖယ်ရှားပစ်ရန်လိုအပ်ပြီး စျေးကွက်၏ အနာဂတ်ကို စာရွက်ပေါ်ကကန့်သတ်ချက်များက ဆုံးဖြတ်မည်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာတည်ရှိမှု ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ၎င်းနှင့်ပတ်သက်၍ တစ်နွယ်ငင်တစ်စင်ပါဖြစ်နေသော၊ ယခုအကျပ်အတည်း၏ စီးပွားရေးအကျိုးဆက်များကို ခံစားနေ ရသော၊ အရေးပါသော ရေလမ်းကြောင်းများမှတစ်ဆင့် လွတ်လပ်စွာသွားလာခွင့်ရရှိရေး အကျိုးတူ ဖြစ်သော ဥရောပမဟာမိတ်များနှင့် ပိုမိုခိုင်မာသော ဗျူဟာမြောက်ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။

အလားတူအရေးကြီးသည်မှာ အင်အားကြီးနိုင်ငံများ၏ လက်ပါးစေအဖြစ် အသုံးချခံရ ခြင်းကို စိတ်ပျက်နေပြီး မိမိတို့နိုင်ငံ၏အနာဂတ်ဆွေးနွေးပွဲများတွင် လျစ်လျူရှုခံနေရသည်ဟုခံစားနေရသော ယီမင်ပြည်သူများနှင့် တိုက်ရိုက်အပြန်အလှန်ဆက်ဆံရန်ဖြစ်သည်။ မည်သည့် ရေရှည်တည်တံ့သောဖြေရှင်းနည်းနှင့်မဆို ၎င်းတို့၏ သဘာဝကျသော မကျေနပ်ချက်များကို ဖြေရှင်းပေးရမည်ဖြစ်ပြီး ယီမင်ကို အင်အားကြီးနိုင်ငံများ၏ ပြိုင်ကွင်းသက်သက်အဖြစ် သဘော ထားခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။

နိဂုံးချုပ်ရလျှင် ဝါရှင်တန်အနေဖြင့် ယီမင်အရေးသည် အရေးမပါသောပဋိပက္ခတစ်ခုမျှ မဟုတ်ကြောင်း နားလည်ရမည်။ ယခုအခါ ယီမင်အရေးသည် တရုတ်၏ စီးပွားရေးဝင်ဆံ့ရန် အတွက် ဗျူဟာမြောက်အသာစီးရအောင် မည်သို့ပြောင်းလဲခဲ့ပုံ၊ ပဋိပက္ခ ဖန်တီးခဲ့ပုံ၊ တာဝန်ယူမှု ရှောင်လွှဲခဲ့ပုံနှင့် အမေရိကန်၏အင်အားကို ကြားခံအဖွဲ့များစွာဖြင့် မည်သို့ဖြိုခွင်းခဲ့ပုံ စသည်တို့၏ ပြယုဂ်တစ်ခုဖြစ်နေပြီဖြစ်သည်။ အမေရိကန်နိုင်ငံရေးသမားများအနေဖြင့် ဟူသီအရေးသည် စိုးရိမ် စရာလိုအပ်ချင်မှ လိုအပ်မည်ဟု ငြင်းခုံနေကြစဉ် ပေကျင်းသည် ၎င်း၏သင်္ဘောများအတွက် လုံခြုံသောရေလမ်းကြောင်းများဖောက်လုပ်ရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အသာစီးရယူရန် အတွက် မတည်ငြိမ်မှုကို လက်နက်အဖြစ်အသုံးချရန် အလုပ်များနေသည်။ ထို့အပြင် တရုတ် အင်တာနက်အလွန်အကျွံသုံးစွဲသူများသည် ဟူသီများကို အွန်လိုင်းတွင် ဝမ်းမြောက်ဝမ်းသာ ကြိုဆို နေကြသည့်အတိုင်း ပင်လယ်နီရှိ ပေကျင်း၏ တွက်ချက်ထားသော ကစားကွက်သည် မည်သည့် ကုန်သွယ်ရေးညှိနှိုင်းမှုမျိုးကမျှမပေးနိုင်သည့် အကျိုးအမြတ်များကို ဆက်လက်ရရှိနေဦးမည် ဖြစ်ပေသည်။

 

Atlantic Council Website တွင် စာရေးသူ Fatima Abo Alasrar ရေးသားထားသည့် “How China turned the Red Sea into a strategic trap for the US” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။

Source : https://www.atlanticcouncil.org/blogs/menasource/how-china-turned-the-red-sea-into-a-strategic-trap-for-the-us/

သတိထားစရာ ဆိတ်ပလိပ်ရောဂါအကြောင်း သိကောင်းစရာ

Posted_Date

Image

 သတိထားစရာ ဆိတ်ပလိပ်ရောဂါအကြောင်း သိကောင်းစရာ

Body

သိုး၊ ဆိတ်ကဲ့သို့သော အရွယ်သေးငယ်သည့် စားမြုံ့ပြန်တိရစ္ဆာန်များသည် ခြောက်သွေ့သော ပတ်ဝန်းကျင်ဒေသများနှင့် အထူးသင့်လျော်စွာ လိုက်လျောညီထွေရှိပြီး ကမ္ဘာတစ်ဝန်းရှိ မတူညီသော မွေးမြူရေးစနစ်များဖြင့် မွေးမြူလျက်ရှိကြပါသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆိတ်နှင့်သိုးများကို ရောနှောမွေးမြူလေ့ရှိကြပါသည်။ Peste des Petits Ruminants -PPR ရောဂါသည် ဆိတ်နှင့် သိုးများတွင် အလွန်ကူးစက်မြန်ပြီး သေဆုံးနှုန်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါသည်။ အသက်လေးလနှင့် တစ်နှစ်အရွယ်ရှိ သိုး၊ ဆိတ်များတွင် အဖြစ်များကာ ကောင်ရေ သန်းနှင့်ချီသေဆုံးစေပြီး လူသိမများသေးသည့် ရောဂါတစ်မျိုးဖြစ်သည်။ ဤရောဂါသည် သိုး၊ ဆိတ်တွင် အဓိကဖြစ်ပွားပြီး ကျွဲနှင့်ကုလားအုတ်များအပြင် အခြားတောရိုင်းစားမြုံ့ပြန် တိရစ္ဆာန်များတွင်ပါ ရောဂါကူးစက်နိုင်သည်။ PPR ဗိုင်းရပ်စ်ပိုးသည် လူကိုမကူးစက်နိုင်ပါ။

PPR ရောဂါသည်  Morbillivirus  မျိုးစု၊  Paramixoviridae မျိုးရင်းဝင်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်ခံရသော သိုး၊ ဆိတ် အုပ်တွင် ၉၀ ရာခိုင်နှုန်းအထိ ရောဂါကူးစက်နိုင်ကာ ၇၀ ရာခိုင်နှုန်း အထိ  သေဆုံးနိုင်သည်။ PPR ရောဂါကို ၁၉၄၂ ခုနှစ်တွင် အာဖရိက အနောက်ပိုင်း အိုင်ဗရီကို့စ်နိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ပါသည်။ ထိုအချိန် မှစ၍ ၎င်းရောဂါသည် အာဖရိကတိုက်အရှေ့အလယ်ပိုင်းဒေသ၊ အာရှတိုက်နှင့် ဥရောပတိုက်ရှိနိုင်ငံများစွာသို့ ပျံ့နှံ့ခဲ့ပါသည်။ ယခုအခါ တွင် နိုင်ငံပေါင်း ၇၀ ကျော်တွင် PPR ရောဂါကူးစက်နေပြီး (သို့မဟုတ်) ကူးစက်နိုင်ခြေ အလွန်မြင့်မားနေပါသည်။ အချို့နိုင်ငံများတွင် PPR ရောဂါအခြေအနေကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါ။ အာဖရိကအရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသည် ကမ္ဘာ့သိုး၊ ဆိတ်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပြီး PPR ရောဂါဒဏ်ကို အများဆုံး ခံစားနေရသည့် ဒေသများဖြစ်ပါသည်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးသတင်းစနစ် (WAHIS) ၏ အချက်အလက်များအရ ဥရောပအပါအဝင် ယခင်က ရောဂါကင်းစင်ခဲ့သော ဒေသအသစ်များသို့ ရောဂါဝင်ရောက်မှုများ မကြာသေးမီနှစ်များ အတွင်း တွေ့ရှိရပါသည်။ မြန်မာ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း PPR ရောဂါဖြစ်ပွားမှုများ ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် PPR သည် အမြဲတမ်းတည်ရှိနေသော ရောဂါ (Endemic) အဖြစ် ရှိနေပါသည်။ မြန်မာနိုင်ငံသည် PPR ရောဂါကင်းစင်သော နိုင်ငံအဖြစ်အသိအမှတ်ပြု ခံထားရသော်လည်း အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားနေသဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် စီးဆင်းမှုများမှတစ်ဆင့် ရောဂါကူးစက် နိုင်ခြေရှိသည့်အတွက် စောင့်ကြည့်ရန်လိုအပ်ပါသည်။

Peste des Petits Ruminants (PPR) သည်  ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (WOAH) သို့ မြေပြင်နေ တိရစ္ဆာန် ကျန်းမာရေးကုဒ် (Terrestrial Animal Health Code) အရ အစီရင်ခံရန် လိုအပ်သော အရေးကြီးရောဂါတစ်ခုဖြစ်သည်။ PPR သည် နယ်စပ်ဖြတ်ကျော် ကူးစက်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပြီး မွေးမြူရေးလုပ်ကိုင်သူများ၏ ဝင်ငွေအပေါ် ဆိုးရွားစွာထိခိုက်မှုဖြစ်စေကာ အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် အစားအစာ ဖူလုံရေးကို ခြိမ်းခြောက်နေသောရောဂါဖြစ်သည်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ သည် PPR ရောဂါကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးအပိုင် သုတ်သင်ရန် ရည်မှန်းချက်ဖြင့် ကမ္ဘာလုံးဆိုင်ရာထိန်းချုပ်ရေးနှင့် အမြစ်ဖြတ်တိုက်ဖျက်ရေးဗျူဟာကို ချမှတ်ထားပါသည်။ ဤကြိုးပမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ သိုး၊ ဆိတ်မွေးမြူသူများ၏ ဘဝများကို ကာကွယ်ရန် အရေးကြီးသော အစီအစဉ်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် PPR ရောဂါကို အရေးပေါ် ထိန်းချုပ်ကာကွယ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါသည်။ အာဖရိက အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများသည် ကမ္ဘာပေါ်ရှိ သိုး၊ ဆိတ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်ကိုပိုင်ဆိုင်ထားပြီး ထိုဒေသများတွင် သိုး၊ ဆိတ်မွေးမြူရေးသည် ကျေးလက်နေ လူမျိုးများ၏  အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အရေးပါသောကြောင့် PPR ရောဂါဖြစ်ပွားပါက လူမှုစီးပွားဘဝအပေါ် ကြီးမားသောဒုက္ခရောက်စေနိုင်သည်။ PPRသည် ပြင်းထန်သောရောဂါ လက္ခဏာများနှင့် သေဆုံးမှုနှုန်းမြင့်မားခြင်းကြောင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများစွာဖြစ်စေပါသည်။

PPR ရောဂါကို ထိန်းချုပ်နိုင်ပါက

- ထုတ်လုပ်မှုစွမ်းရည် တိုးတက်ခြင်း

- စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်နိုင်ခြင်း

- ဝင်ငွေတိုးပွားစေခြင်းနှင့်

- လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးတို့ကို ရရှိစေနိုင်ပါသည်။

PPR ရောဂါလက္ခဏာများနှင့် ရောဂါဖြစ်ပွားသည့်အဆင့်များ

ဗိုင်းရပ်စ်ကူးစက်ပြီး ၂-၆ ရက်အတွင်း (ပျမ်းမျှအားဖြင့်) ရောဂါ လက္ခဏာစပေါ်ပါသည်။

ကိုယ်အပူချိန်မြင့်တက်ခြင်း၊ အဖျားတက်ခြင်း

  • စအိုမှတိုင်းတာလျှင် (Rectal temperature ) ၄၁-၄၄ ဒီဂရီ ဆဲလ်စီးယပ်အထိ အဖျားတက်ခြင်း။

  • ရောဂါကူးစက်ခံရသော တိရစ္ဆာန်များတွင် ရုတ်တရက် စွမ်းအင်ကုန်ခန်းခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်းလက္ခဏာများ ပေါ်လာတတ်ခြင်း။

  • အမွေးများထောင်မတ်လာခြင်း (piloerection) သည် PPR ၏ ထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အမွေးတိုမျိုးစိတ်များ (ဥပမာ - အာဖရိကဆိတ် မျိုးစိတ်အချို့) တွင် ပိုမိုသိသာစွာ တွေ့ရတတ်ပါသည်။ ဤအခြေအနေကြောင့် တိရစ္ဆာန်၏ ခန္ဓာကိုယ်သည် ပုံမှန်ထက် ဖောင်းကြွယောင်ယောင် မြင်ရခြင်း  (bloated appearance) ဖြစ်စေပါသည်။

အရည်များဆင်းခြင်း

- မျက်စိ၊ နှာခေါင်းနှင့်ပါးစပ်မှ ကြည်လင်သော အရည်များ စတင်ဆင်းခြင်း။

- နောက်ပိုင်းတွင် ဗက်တီးရီးယားကူးစက်မှုကြောင့် ပျစ်ချွဲပြီး အဝါရောင်ပြောင်းခြင်း။

- မေးစေ့နှင့်မျက်လုံးအောက်ရှိ အမွေးများစိုရွှဲခြင်း။

- အရည်များခြောက်သွားပါက မျက်ခွံများကပ်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်ခြင်း။

ပါးစပ်အနာများ

- အဖျားတက်ပြီး ၁-၂ ရက်အကြာတွင် ပါးစပ်နှင့် မျက်လုံးအတွင်း မျက်နှာပြင်များ နီမြန်းလာခြင်း။

- သွားဖုံး၊ သွားခုံ၊ အာခေါင်၊ နှုတ်ခမ်း၊ ပါးစောင်အတွင်းနှင့် လျှာပေါ် တွင် အမည်းရောင်အစက်ငယ်များ ပေါ်လာခြင်း။

- နောက်ပိုင်းတွင် ဤအနာများ ပိုမိုကြီးထွားလာပြီး ပေါင်းစပ်သွားခြင်း။

- ပါးစပ်အတွင်း မျက်နှာပြင်အရောင်ဖျော့သွားခြင်း၊ သေဆုံးနေသောဆဲလ်များဖြင့် ဖုံးလွှမ်းခြင်း။

- အချို့အခြေအနေများတွင် ပုံမှန်အမြှေးပါးများနေရာတွင် ချိစ်ကဲ့သို့ ပျစ်ချွဲသော အရာများဖြင့် အစားထိုးခြင်း။

- နှုတ်ခမ်းပတ်လည်ရှိ အရေပြားတွင် အဖုငယ်များ ဖြစ်ပေါ်ခြင်း။

ဝမ်းလျှောခြင်း

- အဖျားစတင်ပြီး ၂-၃ ရက်အကြာတွင် စတင်ဖြစ်ပွားခြင်း။

- အစပိုင်းတွင်ပျော့ပြီး နောက်ပိုင်းတွင် ရေကဲ့သို့ပျစ်ချွဲကာ အနံ့ဆိုးထွက်ခြင်း။

- သွေးစများနှင့် အူနံရံသေဆဲလ်များ ပါဝင်နိုင်ခြင်း။

- ဝမ်းမပျော့ပါက ဂွမ်းစတံဖြင့် စအိုတွင်းစစ်ဆေးပါက သွေးစွန်းနေသော ဝမ်းပျော့များ တွေ့နိုင်ခြင်း။

အသက်ရှူရ ခက်ခဲခြင်း

- အသက်ရှူမြန်ခြင်း (ရင်ဘတ်နှင့် ဝမ်းဗိုက်များ တဖျပ်ဖျပ် လှုပ်ရှားခြင်း)

- ခေါင်းနှင့် လည်ပင်းကို ဆန့်ထုတ်ခြင်း။

- နှာခေါင်းပေါက်များ ကျယ်ခြင်း၊ လျှာထုတ်ခြင်း။

- ချောင်းဆိုးခြင်းများဖြစ်ပေါ်ကာ အဆုတ်ရောင်ရောဂါ၏ လက္ခဏာများပြသခြင်း။

နောက်ဆုံးအဆင့်

- ကိုယ်ဝန်ဆောင် တိရစ္ဆာန်များတွင် သားလျှောခြင်း ဖြစ်ပွားနိုင်ခြင်း။

- ရေဓာတ်ဆုံးရှုံးမှုကြောင့် မျက်လုံးများ ချိုင့်ဝင်ခြင်း။

- ရောဂါလက္ခဏာစပြပြီး ၇-၁၀ ရက်အတွင်း သေဆုံးခြင်း။

- အချို့တိရစ္ဆာန်များသည်  နာလန်ထူချိန်  (၂-၄ ပတ်) ကြာပြီးနောက် ပြန်လည် ကျန်းမာလာတတ်ပါသည်။ PPR ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသော တိရစ္ဆာန်များသည် ရောဂါပိုးသယ်ဆောင်သူများ ဖြစ်နိုင်သောကြောင့် သီးသန့်ခွဲခြားထားရန် လိုအပ်ပါသည်။

PPR ရောဂါကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ အထိ စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ ထိုပမာဏထက် ပိုမိုလေ့လာကြည့်ပါက မိသားစုပေါင်း သန်း ၃၀၀ သည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု၊ အစားအစာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြေနှင့် ရင်ဆိုင်နေရပါသည်။ ထို့ပြင် သိုး၊ ဆိတ်များနှင့် ၎င်းတို့မှထွက်ရှိသော ထုတ်ကုန်များသည် အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် နိုင်ငံတကာကုန်သွယ်မှုတွင် အရေးပါသော ကုန်ပစ္စည်းများ ဖြစ်ပါသည်။ PPR ရောဂါကိုကြိုတင် ခန့်မှန်း၍မရခြင်း၊ ခံနိုင်ရည်မရှိခြင်း (သို့မဟုတ်) PPR ရောဂါမှပြန်လည်ထူထောင်နိုင်ခြင်းမရှိပါက နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်။ PPR ရောဂါသည် အလွန်လျင်မြန်စွာ ပျံ့နှံ့နိုင်ပြီး တိရစ္ဆာန်များ၏ သေဆုံးနှုန်း မြင့်မားပါသည်။

PPR ရောဂါကင်းစင်ရေးသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသောခြေလှမ်းတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသများတွင် ရောဂါ စောင့်ကြည့်စနစ်များ အားကောင်းစေရေး၊ အိမ်နီးချင်းနိုင်ငံများ (ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ လာအို) နှင့် နယ်စပ်ပူးပေါင်းကြပ်မတ် ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုများ ပြည့်စုံစွာဆောင်ရွက်ရေး၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့နှင့် FAO ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် PPR ဗိုင်းရပ်စ်ရောဂါ ကင်းစင်သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် PPR ရောဂါကင်းစင်ရေး ရည်မှန်းချက်နှင့်အညီ အောင်မြင်စွာပါဝင်နိုင်မည်ဟု မျှော်လင့်ပါသည်။

Source: Myanmar Digital News