အွန်လိုင်းအန္တရာယ် တို့ကာကွယ်

Posted_Date

Image

အွန်လိုင်းအန္တရာယ် တို့ကာကွယ်

Body

မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် လူကုန်ကူးမှုပုံစံအသစ် Job Scam (အလုပ်အကိုင်အခွင့်အလမ်းဖြင့် ဆွဲဆောင်လိမ်လည်ခြင်း) နည်းလမ်းဖြင့် ပစ်မှတ်ရှာဖွေကြသည်ကို တွေ့ရသည်။ မသိနားမလည်သူ၊ အလုပ်အကိုင်ရှာဖွေနေသူများအနေဖြင့် ငွေကြေးမက်လုံးကြောင့် လူကုန်ကူးမှုခံနေကြရကြောင်း လက်တွေ့မျက်မြင်သိရှိရပါသည်။ အွန်လိုင်းပေါ်တွင် လိမ်လည်မှုများသည် Job Scam သာမက အခြားသောလိမ်လည်မှုများ၊ ခြိမ်းခြောက်ခံရမှု၊ လိမ်လည်ခံရမှုများစွာ ရှိနေသည်။

ထိုကဲ့သို့ Online Scam (အင်တာနက်ပေါ်တွင် လိမ်လည်ခံရမှု) များကို ဆန်းစစ်လေ့လာရာတွင် မြန်မာနိုင်ငံ၌ အဖြစ်အများဆုံး လိမ်လည်ခံရမှု ၁၁ မျိုးရှိကြောင်း တွေ့ရသည်။ ၎င်းအမှု အမျိုးအစား ၁၁ မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) Phishing Scam (Social Media နှင့် Email များသို့ Link များပေးပို့၍ ဆွဲဆောင်လိမ်လည်ခြင်း)။

( ခ ) Fake Call Center Scam (လိမ်လည်သူက မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အခြားဝန်ဆောင်မှုလုပ်ငန်းများ၏ Call Center အယောင် ဆောင်၍ OTP Code နှင့် ကိုယ်ရေး အချက်အလက်များ တောင်းခံကာ ငွေလိမ်လည်ထုတ်ယူခြင်း)။

(ဂ ) E-Commerce Scam (Social Media နှင့် Website များမှတစ်ဆင့် အွန်လိုင်းဈေးဝယ်သူများအား လိမ်လည်ခြင်း)။

(ဃ) Social Media Impersonation Scam (Social Media များနှင့် Website များအား ထိန်းချုပ်ရယူခြင်း သို့မဟုတ်ပုံစံတူ အတုများ ပြုလုပ်၍ လိမ်လည်ခြင်း)။

( င) Prize Draw Scams (ကံစမ်းမဲနှင့် စုကြေးများ ပေါက်သည်ဟု ပြောဆိုလိမ်လည်ခြင်း)။

( စ) Loan Scam (ချေးငွေအမည် အသုံးပြု ထားသည့် Social Media နှင့် Application များမှတစ်ဆင့် လိမ်လည်ခြင်း)။

(ဆ) Internet Love Scam (မိသားစုဝင်၊ ချစ်သူရည်းစားကဲ့သို့ ချစ်ခင်နှစ်သက် ကြောင်း ပြသကာ ပစ္စည်းဥစ္စာတစ်ခုခုဖြင့် ဆွဲဆောင်လိမ်လည်ခြင်း)။

(ဇ) Credit for Sex Scam (Social Media မှတစ်ဆင့် လိင်ပိုင်းဆိုင်ရာကိစ္စဖြင့် ဆွဲဆောင်၍ ခြိမ်းခြောက်လိမ်လည်ခြင်း)။

(ဈ) Fake Gambling Platforms Scam (လောင်းကစားအမည် Website နှင့်Social Media အတုများဖြင့် လိမ်လည်ခြင်း)။

(ည) Job Scam (အလုပ်အကိုင်အခွင့်အလမ်းဖြင့် ဆွဲဆောင်လိမ်လည်ခြင်း)။

(ဋ) Investment Scam (ရင်းနှီးမြှုပ်နှံမှုဖြင့် ဆွဲဆောင်လိမ်လည်ခြင်း) တို့ဖြစ်သည်။

၂ဝ၂၃ ခုနှစ်နှင့် ၂ဝ၂၄ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားလာသည့် အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်ပုံစံများအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြု၍ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ခြင်း၊ Facebook Account / Page များမှတစ်ဆင့် ငွေကြေးလိမ်လည်ခြင်း၊ Mobile Pay Agent ဝန်ထမ်းများ အယောင်ဆောင်၍ Mobile Pay Account များမှ ငွေကြေးလိမ်လည်ထုတ်ယူခြင်းစသည့် Fake Call Center Scam (လိမ်လည်သူက မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အခြားဝန်ဆောင်မှုလုပ်ငန်းများ၏ Call Center အယောင်ဆောင်ပြီး OTP Code နှင့် ကိုယ်ရေး အချက်အလက်များ တောင်းခံကာ ငွေလိမ်လည်ထုတ်ယူခြင်း) ငွေကြေးလိမ်လည်မှု ၂၃၉ မှု၊ ကုန်ပစ္စည်းရောင်းချရငွေများအား Mobile Banking များမှတစ်ဆင့် လိမ်လည်ရယူခြင်း၊ နိုင်ငံခြား ငွေကြေးလဲလှယ်မှုမှတစ်ဆင့် ငွေကြေးလိမ်လည် ရယူခြင်းစသည့် E-Commerce Scam (Social Media နှင့် Website များမှတစ်ဆင့် အွန်လိုင်း ဈေးဝယ်သူများအား လိမ်လည်ခြင်း) ငွေကြေးလိမ်လည်မှု ၁၇ မှု၊ အများပိုင်ကုမ္ပဏီတည်ထောင်၍ အစုရှယ်ရာငွေများအား လိမ်လည်ရယူခြင်း၊ တရား မဝင်အဖွဲ့အစည်းဖွဲ့၍ ငွေကြေးစုဆောင်းခြင်းမှတစ်ဆင့် စုကြေးငွေများလိမ်လည်ရယူခြင်းစသည့် Loan Scam (ချေးငွေအမည် အသုံးပြုထားသည့် Social Media နှင့် Application များမှတစ်ဆင့် လိမ်လည်ခြင်း) ငွေကြေးလိမ်လည်မှု ၁၀ မှု၊ Fake Gambling Platforms Scam (လောင်းကစားအမည် Website နှင့် Social Media အတုများဖြင့် လိမ်လည်ခြင်း) ငွေကြေးလိမ်လည်မှု ခုနစ်မှု၊ မူပိုင်ခွင့်ရရှိထားသော ရုပ်ရှင်/ ဗီဒီယို ဇာတ်လမ်းများအား ခွင့်ပြုချက် မရှိဘဲ တရားမဝင်ကူးယူခြင်း၊ ငွေကြေးရယူ၍ ဖြန့်ချိခြင်း၊ ပြသခြင်း စသည့်အမှုဖြစ်စဉ် ငါးမှု၊ ငွေတု ရောင်းဝယ်ရေးလုပ်ငန်းအမည်များဖြင့် ငွေကြေးလိမ်လည်မှု သုံးမှု စုစုပေါင်း ၂၈၁ မှုတို့ကို တွေ့ရပြီး တိုင်ကြားထားခြင်းမရှိသော အမှုများစွာလည်း ရှိနေနိုင်သည်။

တွေ့ရှိရသည့် အမှုအမျိုးအစားများအနက် အမှုဖြစ်စဉ် ၁ဝ ခုကို စစ်ဆေးတွေ့ရှိချက်နှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို ဖော်ပြသွားပါမည် -

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားလာသည့် အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်၊ အမှုအမျိုးအစားများအနက် အမှုဖြစ်စဉ် ၁၀ ခုနှင့် စိစစ်တွေ့ရှိချက်များ

အမှုဖြစ်စဉ် (၁) အကျဉ်းချုပ်

နိုင်ဂျီးရီးယားနိုင်ငံသား Obarinu Oluwatobi Daivd က KBZ Bank ၏ Website ပုံသဏ္ဌာန်ကို တုပထားသည့် admin@spectra-laser.pl Account အား အသုံးပြုပြီး KBZ Bank Account ဆိုင်ရာ လုံခြုံရေးသတိပေးချက်ဟူသော စာသားဖြင့် Login ဝင်ရောက်ရန်အတွက် User Name နှင့် Password တို့ကိုတောင်းခံ၍ ၎င်း Account တွင် ဖြည့်သွင်းစေကာ ဖုန်းအတွင်း ဖွင့်လှစ်ထားရှိသည့် KBZ Bank Mobile Bank Account မှ ငွေကျပ်သိန်း ၁ဝ၂ဝ လွှဲပြောင်းရယူသွားမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

xxxxx နှင့်ဇနီးတို့သည် နိုင်ငံသားစိစစ်ရေးကတ်များကို တရားမဝင်ဝယ်ယူခြင်း၊ အချို့နိုင်ငံသားစိစစ်ရေးကတ်များကို Picsart Application ဖြင့်အတုပြုလုပ်၍ KBZ Pay Account များဖွင့်လှစ်၍ မ xxxxx ထံသို့ ရောင်းချခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံသား Obarinu Oluwatobi Daivd နှင့် မ xxxxx တို့သည် ငွေကြေးလိမ်လည်မှုများမှရရှိသည့်ငွေများကို ဝယ်ယူရရှိထားသည့် KBZ ဘဏ်ငွေ စာရင်းအမှတ်များသို့ လွှဲပြောင်းရယူသည် ။ Phishing Scam (Social Media နှင့် Mail များသို့ Link များ ပေးပို့၍ ဆွဲဆောင်လိမ်ညာခြင်း)ဖြစ်သည်။ (နည်းပညာအသိ၊ သတိမရှိသဖြင့် မိမိအကောင့်၏ လုံခြုံမှုအခြေအနေအပေါ် စိုးရိမ်စိတ်ဖြင့် User Name & Password တို့ကို အခြားသူထံ အလွယ် တကူပေးခဲ့သောကြောင့် အကောင့်အတွင်းရှိ ငွေများဆုံးရှုံးခဲ့ခြင်းဖြစ်သည်။)

အမှုဖြစ်စဉ်(၂) အကျဉ်းချုပ်

ဝ၉xxxxx ဖြင့်ဖွင့်လှစ်ထားသည့် Viber Account မှ YouTube Channel တစ်ခုကို Subscribe ပြုလုပ်လျှင် ငွေကျပ် ၁ဝဝဝ ရရှိမည်ဖြစ်ပြီး Like and Subscribe ပြုလုပ်ရုံမျှဖြင့် အပိုဝင်ငွေရရှိမည်ဟု စတင်မက်လုံးပေးခဲ့ပြီး စုစုပေါင်း ငွေကျပ် ၉၈၃ သိန်း လိမ်လည်မှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

Like and Subscribe ပြုလုပ်ရုံမျှဖြင့် အပိုဝင်ငွေရရှိမည်ဟု မက်လုံးပေးလာသဖြင့် ပေးပို့ထားသည့် Mission 1 / Mission 2 စသည့် YouTube Channel များအား Subscribe ပြုလုပ်ခဲ့ရာ တရားလို ၏ KPay အတွင်း ငွေကျပ် ၄ဝဝဝ ရောက်ရှိလာသည်။ Mission 3 YouTube Channel Thadar Moe Oo Channel Link သို့ ဝင်ရောက်ခဲ့ပြီး အဆိုပါအကောင့်မှ ထည့်ပေးခဲ့သည့် 4401 Fortune Myanmar Telegram Group ၌ ငွေကျပ် ၃၅ဝဝဝ သွင်းလျှင် ၄၅ဝဝဝ ၊ ငွေကျပ် ၂ဝဝဝဝဝ သွင်းလျှင် ၂၇ဝဝဝဝ၊ ငွေကျပ် ၅ဝဝဝဝ၀ သွင်းလျှင် ၆၇၅ဝဝဝ၊ ငွေကျပ် ၈ဝဝဝဝဝ သွင်းလျှင် ၁၀၈ဝ၀ဝဝ ရရှိမည်ဟု မက်လုံး ပေးဖော်ပြထားသဖြင့် တရားလိုက ငွေကျပ် ၃၅ဝဝဝ၊ သုံးသိန်းစသည်ဖြင့် ပေးသွင်းခဲ့ရာ မက်လုံးပေးသည့်အတိုင်း အရင်းငွေနှင့် အတိုးငွေများ ရရှိခဲ့သည်။

ဆက်လက်၍ SVIPFT 13011 Telegram Group ၌ Mission များ ဖော်ပြထားသဖြင့် တရားလိုက ငွေကျပ်သိန်း ၁၇ဝ ပေးသွင်းခိုင်းသည့် အကောင့်များသို့ ပေးသွင်းခဲ့ရာ Mission မှားယွင်းနေသဖြင့် ပြန်ဆယ်ယူလိုပါက ငွေကျပ် ၁၇၃ သိန်း ထပ်မံပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းခြင်းမရှိပါက ငွေများ ဆုံးရှုံးမည်ဟု စတင်လှည့်ဖြားသည်။

တရားလိုက ငွေများဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် ငွေကျပ် ၁၇၃ သိန်းအား လွှဲပေးခဲ့သော်လည်း ငွေကျပ် သိန်း ၂၄ဝ ထပ်မံထည့်သွင်းမှသာ withdraw code ရရှိပြီး ယခင်ထည့်သွင်းခဲ့သည့် ငွေကျပ် ၃၄၃ သိန်း နှင့် အတိုးငွေ ၃၉၅ ဒသမ ၈၄ သိန်း ရရှိမည်ဖြစ်ကြောင်းနှင့် ပေးသွင်းခြင်းမရှိပါက ငွေများအားလုံး ဆုံးရှုံးမည်ဟု ထပ်မံလှည့်ဖြားသည်။ တရားလိုက ငွေကျပ်သိန်း ၂၄ဝ ကို ပေးသွင်းခိုင်းသည့် အကောင့်များသို့ ပေးသွင်းခဲ့ရာ Mission မှားယွင်းနေသဖြင့် Credit Score 80 သာရှိသဖြင့် ငွေများထုတ်ယူ၍မရကြောင်းနှင့် Credit Score 100 ပြည့်ရန် ငွေကျပ် သိန်း ၄ဝဝ ပေးသွင်းခိုင်းသဖြင့် ပေးသွင်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ငွေများပြန်လည်လွှဲပြောင်းပေးခြင်းမရှိတော့ပေ။ (မက်လုံးပေးလာရာမှ မိမိ၏ လောဘစိတ်ကြောင့် ငွေများဆုံးရှုံးခဲ့ခြင်းဖြစ်သည်။)

အမှုဖြစ်စဉ်(၃) အကျဉ်းချုပ်

တရားလို ဒေါ်xxxxx အသုံးပြုသည့် xxxxx Facebook အကောင့်သို့ xxxxx အစ်ကိုဖြစ်သူ ဦးxxxxxx အသုံးပြုသည့် xxxxx Facebook အကောင့်မှ ၀၉xxxxx ဖြင့် ဖွင့်လှစ်ထားသည့် xxxxx အမည် KPay အကောင့်သို့ ငွေကျပ် ၁၅ သိန်း တစ်ကြိမ်၊ ငွေကျပ် သိန်း၂ဝ နှစ်ကြိမ် စုစုပေါင်း ငွေကျပ် ၅၅ သိန်း ပေးပို့ခဲ့ပြီးရာမှ လိမ်လည်ခံရမှန်း သိရသဖြင့် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလို ဒေါ်xxxxx အသုံးပြုသည့် xxxxx Facebook အကောင့်သို့ အစ်ကိုဖြစ်သူ ဦးxxxxxx အသုံးပြုသည့် xxxxx Facebook အကောင့်မှ ငွေကြေးလိုအပ်နေကြောင်း ပြောဆိုသဖြင့် ယခင်ကလည်း အမြဲတမ်းငွေလွှဲပြောင်းပေးလေ့ရှိသဖြင့် ဝ၉ xxxxx ဖြင့် ဖွင့်လှစ်ထားသည့် xxxxx အမည် KPay အကောင့်သို့ ငွေကျပ် ၁၅ သိန်း တစ်ကြိမ်၊ ငွေကျပ် သိန်း ၂ဝ နှစ်ကြိမ် စုစုပေါင်း ငွေကျပ် ၅၅ သိန်း လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ငွေလွှဲပြီးကြောင်း ဦးxxxxx ထံ ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ Facebook အကောင့်ခိုးယူခံထားရကြောင်းနှင့် ငွေများတောင်းခံခဲ့ခြင်းမရှိဟု သိရှိခဲ့ရသည်။ (မိမိ Social Media Account များ လုံခြုံမှုအားနည်းခြင်းကြောင့် အခြားသူက ခိုးယူသုံးစွဲ၍ အယောင်ဆောင် ငွေကြေးလိမ်လည်ခြင်းဖြစ်သည်။)

အမှုဖြစ်စဉ်(၄) အကျဉ်းချုပ်

တရားလိုက ……… Electronic ရောင်းဝယ်ရေး Facebook Page မှ လျှပ်စစ်ပစ္စည်းများ ရောင်းရန်ရှိသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် အဆိုပါ Page တွင် ဖော်ပြထားသည့် Viber နံပါတ် ဝ၉xxxxx ၌ QD Like A 80 250 Watt မီးသီးဖိုး ငွေကျပ် ၁၄၄ဝဝဝဝ ကို KBZ Special Bank Account: xxxxxxx သို့ ပေးသွင်းခဲ့ပြီးနောက် မီးသီးများ ရောက် ရှိလာခြင်းမရှိသဖြင့် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလိုက …. Electronic ရောင်းဝယ်ရေး Facebook Page မှ လျှပ်စစ်ပစ္စည်းများ ရောင်းရန်ရှိသည်ဟု ကြော်ငြာထားသည်ကို တွေ့ရှိသဖြင့် အဆိုပါ Page တွင် ဖော်ပြထားသည့် Viber နံပါတ် ၀၉ xxxxxx သို့ ဆက်သွယ်၍ QD Like A 80 250 Watt မီးသီးဈေးနှုန်းကို မေးမြန်းသည်။ ဆိုင်မှာ မန္တလေးမြို့၌ တည်ရှိပြီး QD Like A 80 250 Watt မီးသီးတစ်လုံးမှာ ငွေကျပ် ၁၆ဝဝဝ ဖြစ်ကြောင်း၊ ပစ္စည်းများအား ကားဂိတ်မှတစ်ဆင့် ပေးပို့ပေးသည်ဟု ဖြေကြားခဲ့ကြောင်း၊ တရားလိုက မီးသီးအလုံး ၉ဝ အတွက် ငွေကျပ် ၁၄၄ဝဝဝဝ အား Daw xxxxx ၏ KBZ Special Bank Account- xxxxxx သို့ Viber ၌ ငွေလွှဲပြေစာအားပေးပို့ခဲ့ရာ Block ပြုလုပ်သွားခဲ့သည်။ (အွန်လိုင်းပေါ်၌ တွေ့ရှိရသည့် Facebook Page များအား မြေပြင်၌ ဦးစွာ မစူးစမ်းမဆင်ခြင်ဘဲ ငွေကြေးလွှဲပို့ခဲ့ရာမှ ငွေများဆုံးရှုံးခဲ့ခြင်းဖြစ်သည်။)

အမှုဖြစ်စဉ်(၅) အကျဉ်းချုပ်

တရားလို ဒေါ် xxxxx ၏ ၀၉ xxxxx သို့ ၀၉ xxxxxx ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်မှ မန်နေဂျာ ကိုxxxxxx ဖြစ်ကြောင်း၊ KBZ Pay အား ၂ဝ၂၄ ခုနှစ်အတွက် အကောင့်မြှင့်ရန် လိုအပ်သဖြင့် မှတ်ပုံတင်အမှတ် နှင့် ကုတ်နံပါတ်ပေးရန် ယုံကြည်အောင် ပြောဆိုသဖြင့် ပြောပြခဲ့ပြီးနောက် ၎င်း၏ KBZ Pay အတွင်း ငွေကျပ် ၂၀၆၈၈၇၅ ကျပ်ကို U xxxxx အမည် KBZ Pay အကောင့်သို့ လွှဲပြောင်းခြင်းခံရသဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလို ဒေါ် xxxxx ၏ ၀၉ XXXXX သို့ ၀၉ XXXXX ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်မှ မန်နေဂျာ ကိုxxxxx ဖြစ်ကြောင်းပြောဆိုပြီး KBZ Pay အား ၂ဝ၂၄ ခုနှစ်အတွက် အကောင့်မြှင့်ရန် လိုအပ်သဖြင့် မှတ်ပုံတင်အမှတ်နှင့် ကုတ်နံပါတ်ပေးရန် ယုံကြည်အောင် ပြောကြားသည်။ ထို့နောက် ဒေါ် xxxxxx ၏ KBZ Pay အကောင့်မှ U xxxxxx အမည် KBZ Pay အကောင့်သို့ ငွေကျပ် ၁ဝ သိန်း နှစ်ကြိမ်၊ ၆၈၈၇၅ ကျပ် တစ်ကြိမ် စုစုပေါင်း ငွေကျပ် ၂၀၆၈၈၇၅ ကျပ် လွှဲပြောင်းပေးပို့ခဲ့သည်။ (မိမိထံ ဖုန်းဆက်သွယ်လာသူ၏ ပြောဆိုချက်များကို မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်ခဲ့ရာမှ ငွေများဆုံးရှုံးရခြင်း ဖြစ်သည်။)

အမှုဖြစ်စဉ်(၆) အကျဉ်းချုပ်

တရားလို ဦးxxxxx ၏ ၀၉ xxxxxxx သို့ ၀၉ xxxxxxx ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်မှ မန်နေဂျာ ကို xxxxx ဖြစ်ကြောင်း KBZ Pay အကောင့်မြှင့်ရန် လိုအပ်သဖြင့် မှတ်ပုံတင်အမှတ်နှင့် ကုတ်နံပါတ်ပေးရန် ယုံကြည်အောင် ပြောဆိုသဖြင့် ပြောပြခဲ့ပြီးနောက် ၎င်း၏ KBZ Pay အတွင်း ငွေကျပ် သိန်း ၄ဝ ကို U xxxxxxx အမည် KBZ Pay အကောင့် သို့ လွှဲပြောင်းခြင်းခံရသဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလို ဦး xxxxxx ၏ ၀၉ xxxxxx သို့ ၀၉ xxxxxx ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်မှ မန်နေဂျာ ကို xxxxx ဖြစ်သည်။ KBZ Pay အကောင့် မြှင့်ရန်လိုအပ်သဖြင့် မှတ်ပုံတင်အမှတ်နှင့် ကုတ်နံပါတ်ပေးရန် ယုံကြည်အောင် ပြောဆိုသဖြင့် ပြောပြသည်။ ထို့နောက် ဦးxxxxx ၏ xxxxx KBZ Pay အကောင့်မှ U xxxxx အမည် KBZ Pay အကောင့်သို့ ငွေကျပ်သိန်း ၄ဝ အား လွှဲပြောင်းပေးပို့ ခဲ့သည်။ (မိမိထံဖုန်းဆက်သွယ်လာသူ၏ ပြောဆိုချက်များအား မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်ခဲ့ရာမှ ငွေများပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ Bank ဝန်ထမ်းအယောင်ဆောင်ကာ ငွေများလိမ်လည်ခြင်း ဖြစ်သည်။)

အမှုဖြစ်စဉ် (၇) အကျဉ်းချုပ်

တရားလို ကိုxxxxx သည် xxxxx Facebook Page Internet Plan တစ်ခုအား ငွေကျပ် ၉ဝဝဝ ဖြင့် တစ်လ သုံးစွဲနိုင်သည်ဟု ဖော်ပြထားသဖြင့် အဆိုပါ Page မှ Register ပြုလုပ်ပေးမည်ဟု ပြောဆိုလာပြီး ဖုန်းနံပါတ်နှင့် မှတ်ပုံတင်အမှတ်တို့အား တောင်းယူ၍ Android Remote Support Software အား Install ပြုလုပ်ခိုင်းသဖြင့် ပြုလုပ်ခဲ့ရာမှ ၎င်း၏ U xxxxx KBZ Pay အကောင့်မှ ၀၉xxxxxx ဖြင့် ဖွင့်လှစ်ထားသည့် xxxxx KBZ Pay အကောင့်သို့ ငွေကျပ် ၁၁၃၇ဝဝဝ လွှဲပြောင်းပေးပို့ထားသည်ကို တွေ့ရှိရသဖြင့် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလို ကိုxxxxx သည် xxxxx Facebook Page Internet Plan တစ်ခုအား ၉ဝဝဝ ဖြင့် တစ်လ သုံးစွဲနိုင်သည်ဟု ဖော်ပြထားသဖြင့် အဆိုပါ Internet Plan အား ဝယ်ယူခဲ့သည်။ အဆိုပါ Facebook Page မှ Internet Plan အတွက် Register ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး ဖုန်းနံပါတ်နှင့် မှတ်ပုံတင် အမှတ်တို့အား တောင်းလာသဖြင့် ပေးအပ်ခဲ့ပြီး Android Remote Support Software အား Install ပြုလုပ်ခိုင်းသဖြင့် ပြုလုပ်ခဲ့သည်။ ထို့နောက် တရားလို U xxxxx KBZ Pay အကောင့်မှ ဝ၉xxxxx ဖြင့် ဖွင့်လှစ်ထားသည့် xxxxx KBZ Pay အကောင့်သို့ ငွေကျပ် ၁၁၃၇ဝဝဝ လွှဲပြောင်းပေးပို့ထားသည်ကို တွေ့ရှိရသည်။ (ဖုန်း Remote Control ဆော့ဖ်ဝဲလ် များအကြောင်း မသိရှိခြင်းကြောင့် ငွေများဆုံးရှုံးရခြင်းဖြစ်သည်။ Phishing Software များအသုံးပြု၍ ဘဏ်အကောင့်အချက်အလက်များ ရယူအသုံးပြု ကာ ငွေများဆုံးရှုံးရခြင်းဖြစ်သည်။)

အမှုဖြစ်စဉ်(၈) အကျဉ်းချုပ်

တရားလို ဒေါ်xxxxx သည် Facebook ၌ စုကြေး လုပ်ငန်းများ၊ စုမဲအရောင်း/ အဝယ်လုပ်ငန်းများ လုပ်ကိုင်သူ ဒေါ်xxxxx နှင့် အွန်လိုင်း၌ ခင်မင်ရင်းနှီးခဲ့ပြီး စုမဲများဝယ်ယူခဲ့ရာမှ ဒေါ်xxxxx က အကြောင်း အမျိုးမျိုးပြ၍ တိမ်းရှောင်နေသဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

အွန်လိုင်း၌ ခင်မင်ရင်းနှီးခဲ့ပြီး စုမဲများဝယ်ယူခဲ့ရာမှ လိမ်လည်ခံရသဖြင့် ငွေများဆုံးရှုံးရခြင်းဖြစ်သည်။

အမှုဖြစ်စဉ်(၉) အကျဉ်းချုပ်

တရားလို ဦးxxxxx သည် Telegram Account, @KYAWYE 11 BOT မှ ငွေလဲလှယ်ကြောင်း ကြေညာ ထားသည်ကိုတွေ့ရှိသဖြင့် အမေရိကန်ဒေါ်လာ ၁ဝဝဝဝ ဖိုး လဲလှယ်လိုကြောင်း ပြောဆိုခဲ့ရာ တစ် ဒေါ်လာလျှင် ငွေကျပ် ၃၅၅၁ ကျပ်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဒေါ်လာ ၁ဝဝဝဝ ဖိုး လဲလှယ်မည်ဖြစ်ကြောင်း မက်ဆေ့ချ်ပို့ခဲ့ရာ အဆိုပါ Telegram Account မှ KBZ Banking အကောင့်နံပါတ် xxxxx (xxxxx) သို့ ငွေကျပ် ၃၅၅၁၀ဝဝဝ အား လွှဲပြောင်းပေးခဲ့သော် လည်း ဒေါ်လာများပြန်လည်ပေးပို့ခြင်း မရှိသဖြင့် အရေးယူပေးပါရန် တိုင်တန်းမှုဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလို ဦးxxxxx သည် Telegram Account, @KYAWYE 11 BOT ၌ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖိုး လဲလှယ်လိုကြောင်းပြောဆိုခဲ့ရာ တစ်ဒေါ်လာ လျှင် ၃၅၅၁ ကျပ်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဒေါ်လာ ၁ဝဝဝဝ ဖိုး လဲလှယ်မည်ဖြစ်ကြောင်း မက်ဆေ့ချ်ပို့ခဲ့ရာ အဆိုပါ Telegram Account မှ KBZ Banking အကောင့်နံပါတ် xxxxxx (xxxxx) သို့ ငွေကျပ် ၃၅၅၁ဝဝဝဝ အား လွှဲပြောင်းပေးခဲ့သည်။ အဆိုပါ Telegram Account မှ အမေရိကန်ဒေါ်လာ ၁ဝဝဝဝ ပြန်လည်ပေးပို့ခြင်းမရှိခဲ့။ (မစူးစမ်း မဆင်ခြင်ဘဲ ငွေများအား လွှဲပြောင်းပေးပို့ခဲ့ရာမှ ငွေများဆုံးရှုံးရခြင်းဖြစ်သည်။ အကျိုးအမြတ်အား မက်လုံးပေးလိမ်လည်၍ Social Media မှတစ်ဆင့် ငွေကြေးများလိမ်လည်ရယူခြင်းဖြစ်သည်။)

အမှုဖြစ်စဉ်(၁ဝ) အကျဉ်းချုပ်

တရားလို ဦးxxxxxx သည် အစ်မဖြစ်သူထံသို့ စင်ကာပူဒေါ်လာပို့ရန်အတွက် CB Bank မှ စင်ကာပူ ဒေါ်လာ ၁၇ဝဝ အား xxxxxx Money Exchange သို့ ငွေလွှဲပြောင်းပေးပို့သည့် လိမ်လည်မှုကို တိုင်တန်းမှု ဖြစ်ပါသည်။

စိစစ်တွေ့ရှိချက်

တရားလို ဦးxxxxx သည် မြန်မာငွေနှင့် စင်ကာပူဒေါ်လာ လဲလှယ်၍ရသည်ဟု သိရှိရသော xxxxx Money Exchange အမည် Facebook Account သို့မေးမြန်းခဲ့ပြီး စင်ကာပူဒေါ်လာ ၁၇ဝဝ နှင့်ညီမျှသော မြန်မာငွေကျပ် ၄၁၁၄၀၀ဝ ကို CB Bank မှ xxxxx (xxxxx) သို့ ပေးပို့ခဲ့ပြီးနောက် xxxxx Money Exchange Facebook Account ပိတ်သွား၍ ငွေကြေးလိမ်လည်မှုပြုလုပ်ခံခဲ့ရသည်။ (Money Exchange အမည်ဖြင့် နာမည်တူ Facebook Page အတုများပြုလုပ်၍ တရားဝင်ဆိုင်များအဖြစ် အသွင် ယူ၍ ငွေကြေးလိမ်လည်ခြင်းဖြစ်သည်။)

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဂ) ဖြင့် အရေးယူဆောင်ရွက်ခဲ့သော အမှု များအနက်မှ ဆုံးရှုံးနစ်နာမှုငွေကြေးပမာဏ အများ ဆုံးဖြစ်သောအမှုမှာ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ခုမှ လူသုံးကုန်ပစ္စည်းများ ရောင်း/ဝယ်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ရာမှ ခင်မင်ရင်းနှီးခဲ့သူက ၎င်းသည်ငွေလဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်ကြောင်း၊ အဆိုပါလုပ်ငန်းမှ အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုပြီး KBZ၊ CB၊ AYA ဘဏ်အကောင့်နှင့် KBZ Payစသည့် ဘဏ်အကောင့်အသီးသီးတို့မှ ငွေလွှဲပြောင်းစေ၍ ငွေကျပ် သိန်းပေါင်း ၁၅ဝဝဝ ကျော်ခန့် လိမ်လည်ရယူသွားသဖြင့် အရေးယူဆောင်ရွက်မှုဖြစ်သည်။

ထို့ပြင် နိုင်ငံအလိုက်ဖြစ်ပေါ်နေသည့် ဆိုက်ဘာမှုခင်းပြစ်မှုများအနေဖြင့် ဆုချီးမြှင့်မှု အကျိုးခံစားခွင့်ဆိုင်ရာ လိမ်လည်မှုများ၊ Call Center လိမ်လည်မှုများ၊ ငွေစုငွေချေးလိမ်လည်မှုများ၊ Online Banking ဆိုင်ရာ Fake Application များဖြင့် လိမ်လည်မှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ ငွေကြေးလိမ်လည် မှုများ၊ ကုန်သွယ်ရေးလိမ်လည်မှုများ၊ ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများ၊ Facebook Account အတုများဖြင့် အွန်လိုင်းအရောင်းအဝယ်လိမ်လည်မှုများ၊ Website အသုံးပြု၍ လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားများ အစရှိသဖြင့် နိုင်ငံအလိုက်ဖြစ်ပေါ်နေသော ဆိုက်ဘာမှုခင်းပြစ်မှုများမှာ တူညီမှုမရှိနိုင်သော်လည်း ဘုံတူညီနေသည့် ဆိုက်ဘာမှုခင်းများမှာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်လှည့်ဖြားနေသည့် Social Engineering Attack ပင်ဖြစ်သည်။

 ထို Social Engineering Attack ၏ သဘောတရားမှာ အများယုံကြည်နိုင်လောက်အောင် တည်ဆောက်၍ ဖွဲ့စည်းပြင်ဆင်မှုများ ကြိုတင်စီမံထားရှိကာ ယုံကြည်အောင် အယုံသွင်းနိုင်လောက် သည့် အချိန်တွင် ၎င်းတို့၏ Account / Page အား ဖျက်၍ Sim Card လွှင့်ပစ်ပြီး ငွေကြေးရယူသည့် နည်းလမ်းများပင်ဖြစ်ပါသည်။ အထူးသဖြင့် ငွေတုရောင်းဝယ်မှုများတွင် ၎င်းနည်းလမ်းများ အဓိက အသုံးပြုကြကြောင်း တွေ့ရှိရသည်။

 အဆိုပါ လိမ်လည်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ရာ အွန်လိုင်းကုန်ပစ္စည်း ရောင်းချမှု၊ ငွေတုရောင်းဝယ်ရေးအကြောင်းပြု လိမ်လည်မှုများတွင် အသုံးပြုသည့် အချို့ဖုန်းနံပါတ်များ၊ Profile များနှင့် မှတ်ပုံတင်များမှာ အတုများ ကို အသုံးပြုထားခြင်းကြောင့် ဖော်ထုတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုများကို ဆောင်ရွက်ခွင့်ရနေသည့် မိမိတို့နိုင်ငံ၏ အားနည်းချက်မှာ တယ်လီဖုန်း Sim Card များအပေါ် မှတ်ပုံတင်နိုင်မှုကို မြန်ဆန်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ မှတ်ပုံတင်များဖြင့် လိမ်လည်မှုမရှိနိုင်စေရန်၊ eID (ခေါ်) မှတ်ပုံတင်ရေး ကိစ္စရပ်များ ယခုထိ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေရန်၊ အချိန်မီပူးပေါင်းဆောင်ရွက်ကုစားကြရန် လွန်စွာအရေးကြီးပါသည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဘဏ်ငွေစာရင်း (သို့မဟုတ်) Mobile Pay စာရင်း များ ဖွင့်လှစ်ခြင်းမရှိစေရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က စိစစ်ကြပ်မတ် ရမည်ဖြစ်ပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသည့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်များမှ တရားခံဖော်ထုတ်ဖမ်းဆီးရာတွင် ပြစ်မှုကျူးလွန်သူ၏ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိစေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် နည်းပညာအထောက်အကူပြုပစ္စည်း အားနည်းနေသေးသည့် အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ် လျက်ရှိပါသည်။

အဆိုပါ မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှ ငွေကြေးလိမ်လည်မှု မှုခင်းများ ဖြေရှင်းဆောင်ရွက် ရာတွင် ဒေသတွင်းနိုင်ငံများနည်းတူ Anti-Scam Center (လိမ်လည်မှုတိုက်ဖျက်ရေးစင်တာ) များ ဖွင့်လှစ်နိုင်မှုမရှိသေးသဖြင့် ထိုမှုခင်းများအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးကြောင်းကိုလည်း တွေ့ရှိရပါသည်။ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးဆောင် ၍ စောင့်ကြည့်ထိန်းသိမ်းလျက်ရှိပါသည်။

အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ငွေရေးကြေးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ Social Media [Facebook ၊ TikTok ၊ X (Twitter)] များတွင် စောင့်ကြည့်ခြင်း၊ သံသယ ဖြစ်ဖွယ် ဝက်ဘ်ဆိုက် (Website) များနှင့် တရားမဝင် နိုင်ငံခြားငွေ ဈေးကစားလျက်ရှိသော ဝက်ဘ်ဆိုက် (Website) များ၊ လောင်းကစား Page များ၊ တရား မဝင်ဆောင်ရွက်လျက်ရှိသည့် Viber Group များ၊ Application များ၊ Link များအား အချိန်ပြည့် စောင့်ကြည့်စိစစ်ဖော်ထုတ်ပြီး ပိတ်သိမ်းနိုင်ရေးနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသော ဖုန်းနံပါတ်၊ ငွေစာရင်းများနှင့် မိုဘိုင်းငွေကြေးစာရင်းများအား တားဆီးပိတ်သိမ်းခြင်းများ ဆောင်ရွက်ရန် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ငွေရေးကြေးရေးလုပ်ငန်းများကို စုံစမ်းဖော်ထုတ်၊ တားဆီးအရေးယူမှုဆိုင်ရာ လုပ်ငန်းအဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂ဝ၂၄) ဖြင့် ထုတ်ပြန် ထားရှိခဲ့သည့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းအမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသော်လည်း နည်းပညာအထောက်အကူပြုပစ္စည်း မရှိသည့်အတွက် လျင်မြန်တိကျစွာ ဆောင်ရွက်နိုင်ရေး နှောင့်နှေးမှုများ ရှိနေပါသည်။

 မြန်မာနိုင်ငံအနေဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့်ပတ်သက်၍ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်းမျဉ်းနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတို့ကို ထုတ်ပြန်ထားရှိပြီး Payment Frauds နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းထားခြင်းမရှိသေးသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ၎င်းမှုခင်းများအပေါ် ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (၂ဝဝ၄) နှင့် ဆက်သွယ်ရေးဥပဒေ (၂ဝ၁၃) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲလျက်ရှိရာ မူကြမ်းအဆင့်မှ အတည်ပြုနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေ (Cyber Security Law) ကို မြန်ဆန်စွာ အတည်ပြုနိုင်ပါက ပြည်သူအပေါ် သတင်းအဆိပ်ခတ်နေသည့် တစ်ဖက်ပိတ်မီဒီယာများ၏ သတင်းတု၊ သတင်းမှားများအပေါ်တွင် ဟန့်တားလာနိုင်ဖွယ်ရှိသည့်အပြင် အွန်လိုင်းပေါ်တွင် ကျူးလွန်သည့်အမှုများကို ထိန်းသိမ်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်တင်ပြလိုသည်မှာ ပြည်သူလူထုအနေဖြင့် မိုဘိုင်းငွေရေးကြေးရေးလိမ်လည်မှုများကို ကာကွယ်တားဆီးနိုင်ရန်နှင့် မိုဘိုင်းငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းပြီး အထက်ပါ အကြောင်းအရာ၊ အချက်အလက်များကို ထပ်ဆင့်ဝေမျှသွားရန် တိုက်တွန်းလိုပါသည်။

မသမာသူများက လိမ်လည်မှု ကျူးလွန်ရာတွင် မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများ အသုံးပြုလာမှုအပေါ် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများအနေဖြင့် အသိပညာနည်းပါးနေသေးသည့် ပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ နည်းပညာလုံခြုံရေး (IT Security) မြှင့်တင်ပေး ခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။ ။

​(နောင်တွင် လက်ကမ်းစာစောင်၊ TikTok ၊ Telegram ၊ YouTube တို့တွင် ပြည်သူများ သတိပြုနိုင်ရန် အွန်လိုင်းအန္တရာယ် အသိပညာပေးမှုများကို ဖော်ပြပေးသွားပါမည်။)      

Source- www.moi.gov.mm