တရားရုံး (Court)နှင့် ခုံရုံး (Tribunal)တို့၏ ကွဲပြားခြားနားမှုအား လေ့လာကြည့်ခြင်း
Posted_Date
Image

Body
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်ဖြင့် အပြန်အလှန်ထိန်းညှိဆောင်ရွက်ရပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်နှင့်ပြည်သူလူထု လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရသကဲ့သို့ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပြည်သူလူထု၏ ဆောင်ရွက်ချက်များသည် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ညီညွတ်မှုရှိစေရန် တရားစီရင်ရေးမဏ္ဍိုင်က ထိန်းကျောင်းတည့်မတ်ပေးရပါသည်။ ရှေးပဝေသဏီ ခေတ်အဆက်ဆက်တွင် မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသည့် တရားစီရင်ရေး စနစ်များ ကျင့်သုံးခဲ့ပါသည်။ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုတို့ တိုးတက် မြင့်မားလာစေရန် အလေးထား၍ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး စသည့် နိုင်ငံသားများ၏ အခွင့်အရေးများကိုလည်း ကာကွယ်စောင့်ရှောက် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းတရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖွဲ့စည်း ဆောင်ရွက်ခဲ့ကြရာ တရားရုံး (Court) နှင့် ခုံရုံး (Tribunal) တို့မှာ အဓိကကျသည့် တရားစီရင်ရေး အဖွဲ့အစည်းများ ဖြစ်လာကြပါသည်။
တရားရုံး(Court) ၏ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်
တရားရုံး(Court) ဟူသောဝေါဟာရ၏ မူလအရင်းအမြစ်သည် လက်တင်ဘာသာစကား “Cohors” ဟူသော ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရပြီးအလုံပိတ်ဧရိယာ သို့မဟုတ် ခြံ ဟု အဓိပ္ပာယ်ရပါသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ Cohors ၏ အဓိပ္ပာယ်ကို တရားမျှတမှု၊ ညီမျှမှု၊ ရည်ရွယ်ချက်အမျိုးမျိုးအတွက် လူအများစုဝေး အဖြေရှာရာနေရာ ဟုအဓိပ္ပာယ်ဖွင့်ဆိုလာကြပါသည်။
အလယ်ခေတ်ဥရောပတွင် နိုင်ငံတော်၏ဘုရင် သို့မဟုတ် စီမံအုပ်ချုပ်သူ အဆင့်မြင့်အရာရှိ များကို ထိန်းကျောင်းသူများ၊ အကြံပေးပုဂ္ဂိုလ်များ သို့မဟုတ် မြင့်မြတ်သည့် ဂျူရီလူကြီးများ စုဝေးပြီး အငြင်းပွားမှုပြဿနာများကို ဆွေးနွေးအဖြေရှာ၍ ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက် ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရုပ်လုံးပေါ်စေခဲ့ကာ တရားရုံး (Court) ဟူသော အဓိပ္ပာယ် သက်ရောက်လာပါသည်။ ကမ္ဘာတစ်လွှား တရားမျှတမှုဆိုင်ရာအယူအဆ (Concepts of Justice) များ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ တရားရုံးများသည် အငြင်းပွားမှုပြဿနာများကို မျှတ မှန်ကန်စွာ ဆွေးနွေးအဖြေရှာနိုင်ရေးအတွက် ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ တရားစီရင်ရေး ကိစ္စများကို ဆောင်ရွက်သည့် နေရာ၊ ဌာန တစ်ခုအဖြစ် ယနေ့ခေတ်တိုင် ဆက်လက်တည်ရှိနေ ပါသည်။
ရှေးမူလအစ တရားရုံးများ
မှတ်တမ်းများအရ ဘီစီ ၃၀၀၀ ဝန်းကျင်၌ ရှေးခေတ် အီဂျစ်နိုင်ငံတွင် တရားစီရင်ရေးစနစ်ကို ဆောင်ရွက်သည့် ရှေးအကျဆုံးသော တရားရုံးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်ပါသည်။ ထိုတရားရုံးများ၌ အီဂျစ် ဖာရိုဘုရင်များသည် အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးသည့် တရား သူကြီးများအဖြစ် ဆောင်ရွက်ကြပြီး ဒေသဆိုင်ရာတရားရုံးများက အသေးစားအငြင်းပွားမှု ပြဿနာ များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ တရားစီရင်ဆုံးဖြတ်ရာတွင် ဘာသာရေးဆိုင်ရာ ကျင့်ထုံး များနှင့်အညီ ဆုံးဖြတ်လေ့ရှိပြီး တစ်ခါတစ်ရံ ယဇ်ပုရောဟိတ်များသည် တရားသူကြီးများအဖြစ် ခံယူ၍ အဆုံးအဖြတ်ပေးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ “The Great Kenbet” သည် ကြီးလေးသော တရားစီရင်မှုများကို ကြားနာဆုံးဖြတ်သော အဓိကတရားရုံးဖြစ်ပြီး ဖာရိုဘုရင် သို့မဟုတ် ၎င်းက ခန့်အပ်သော အရာရှိများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကြရပေသည်။
မက်ဆိုပိုတေးမီးယားခေတ် (ဘီစီ-၁၇၅၄) တွင် ဘုရင် ဟန်မူရာဘီ (King Hammurabi) သည်တရားစီရင်ရေးလုပ်ငန်းများ၌ တရားသူကြီးများက ကိုးကား၍ စစ်ဆေးအဆုံးအဖြတ်ပြုနိုင်ရန်အစောဆုံးနှင့် အပြည့်စုံဆုံးဖြစ်သည့် ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ကို ရေးဆွဲခဲ့ ပါသည်။ နိုင်ငံတစ်ဝှမ်း ဘေဘီလုံတရားရုံးများ တည်ထောင်ခဲ့ပြီး ဟန်မူရာဘီ ကိုဓဥပဒေကို တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်စေကာ ထင်ရှားကျော်ကြားသည့် တရားစီရင်ရေးစနစ်တစ်ခုဖြစ်စေ ခဲ့ပါသည်။
ရှေးဂရိနိုင်ငံရှိ အေသင်တရားရုံးများသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ပြည်သူလူထုအနေဖြင့် ဂျူရီလူကြီးများက ကြားနာစီရင်ဆုံးဖြတ်ပေးသည့် ပြည်သူ့တရား စီရင်ရေးရုံးများသို့ အမှုများကို လွတ်လပ်စွာ တင်သွင်းနိုင်ပါသည်။ အေသင်ရှိ ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် Heliaia Court သည် နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ စီရင်ဆုံးဖြတ် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရားစီရင်ရေးအတွက် ဂျူရီလူကြီးများကို နိုင်ငံသားများက မဲပေးရွေးချယ်သည့်စနစ်ဖြင့် ခန့်အပ်သည့် တရားရုံးဖြစ်ပါသည်။
ရောမအင်ပါယာခေတ်တွင် ပေါ်ပေါက်ခဲ့သည့် Roman Law သည် ခေတ်မီတရားစီရင်ရေး စနစ်များ ပေါ်ထွန်းလာစေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဥပဒေတစ်ခုပင်ဖြစ်ပါသည်။ ပြည်သူ့တရားစီရင်ရေးကိစ္စရပ်များတွင် တရားသူကြီးများသာမက ရေမြေ့အရှင် ဧကရာဇ်မင်းကပါ ပါဝင်ဆုံးဖြတ်ပေးသည့် တရားရေးစနစ်များ ပေါ်ထွန်းခဲ့ပါသည်။ ရောမအင်ပါယာခေတ် ထင်ရှားသော တရားရုံးများအနက် The Praetor’s Court သည် ကြီးလေးသော ပြစ်မှုနှင့် တရားမမှုများကို စီရင်ဆုံးဖြတ်ပေးသည့် အဓိက တရားရုံးအဖြစ် ထင်ရှားခဲ့ပါသည်။ ရောမခေတ်တွင် သာမန်အငြင်း ပွားမှုမဟုတ်သော ကိစ္စရပ်များကို စီရင်ဆုံးဖြတ်ရန်နှင့် အယူခံအဆင့်ဆင့် တက်ရောက်နိုင်သည့် သီးခြားအထူးတရားရုံးများလည်း ပေါ်ပေါက်ခဲ့ပါသည်။
အလယ်ခေတ် ဥရောပတွင် ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ကြသဖြင့် တရားစီရင်ဆုံးဖြတ်မှု များသည် ပဒေသရာဇ်စနစ်နှင့် လျော်ညီသည့် တရားစီရင်မှုအသွင်ဆောင်ခဲ့ပါသည်။ ဒေသအာဏာပိုင် များသည် အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားဖွယ်ကိစ္စရပ်များကို ဒေသတရားရုံးများ ဖွင့်လှစ်၍ ကြားနာစီရင်ဆုံးဖြတ်ပေးခဲ့ကြသည်။ ဘာသာရေးနှင့် ကိုယ်ကျင့်တရား ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် တရားရုံးများလည်း ပေါ်ထွန်းခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၇ ရာစုခန့်က ဖွဲ့စည်းတည်ထောင်ခဲ့သည့် The Old Bailey တရားရုံးသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် တရားရုံးများအနက် တစ်ခုဖြစ်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို စီရင် ဆုံးဖြတ်ပေးလျက်ရှိသည့် တရားရုံးဖြစ်ပါသည်။
မျက်မှောက်ခေတ် တရားရုံးများ
မျက်မှောက်ခေတ်တွင် တရားစီရင်ရေးဆိုင်ရာ အယူအဆများ ရှုပ်ထွေးကျယ်ပြန့်လာသည် နှင့်အမျှ ဒေသဆိုင်ရာတရားရုံးများ၊ နိုင်ငံတော်အဆင့် တရားရုံးများ၊ နိုင်ငံတကာအဆင့် တရားရုံး များအပြင် သီးခြားအထူးတရားရုံးများဟူ၍ အသွင်သဏ္ဍာန်မျိုးစုံဖြင့် ဖွဲ့စည်းဆောင်ရွက်လာကြ ပါသည်။ မျက်မှောက်ခေတ်တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ တရားစီရင် ရေးအာဏာ အပ်နှင်းခံရသည့် အဖွဲ့အစည်းများ ဖြစ်လာသည့်အလျောက် ပုံမှန်အားဖြင့် အမှီအခို ကင်းပြီး တရားမျှတမှုအတွက် သမာသမတ်ကျစွာ တရားစီရင်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရသော လွတ်လပ်သည့် အဖွဲ့အစည်းများ ဖြစ်လာပါသည်။ ရှေးခေတ်နှင့် အလယ်ခေတ်တွင် ချမှတ်ဆောင်ရွက်ခဲ့သော စည်းမျဉ်းများနှင့် ကျင့်ထုံးများသည် ခေတ်ပြိုင် တရားစီရင်ရေးစနစ်ကို နက်ရှိုင်းစွာ လွှမ်းမိုးလျက်ရှိကြောင်းလည်း လေ့လာတွေ့ရှိနိုင်ပါသည်။
ခုံရုံး(Tribunal) ဝေါဟာရဖြစ်ပေါ်လာပုံနှင့် အဓိပ္ပာယ်
ခုံရုံး(Tribunal) ဟူသောဝေါဟာရသည် Classical Roman Republic ၏ ခုံသမာဓိလူကြီးများ (Magistrates) ကို ရည်ညွှန်းသော လက်တင်ဘာသာ “Tribunes” မှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဖွင့်ဆိုကြပြီး ခုံသမာဓိလူကြီးများက အမှုများကို ကြားနာစီရင်ဆုံးဖြတ်ရန်နေရာ “ခုံရုံး” ကို ဆိုလိုခြင်းဖြစ်ပါသည်။ ခုံသမာဓိရုံး၏ အယူအဆနှင့် ဆောင်ရွက်ချက်များသည် သီးခြား (Entity) အဖွဲ့အစည်း အဖြစ် ရပ်တည်၍ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် အုပ်ချုပ်ခံ လူတန်းစားတို့အကြား အငြင်းပွားဖွယ် ကိစ္စရပ်များကို တရားစီရင်ရေးသဘောဆန်ဆန်ဖြင့် မျှတမှန်ကန်အောင် စီရင်ဆုံးဖြတ် ပေးရန်နှင့် တရားရုံးများ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း ဖြင့် တရားစီရင်ရေးကဏ္ဍမြန်ဆန်ထိရောက်မှုရှိစေရန် ရည်ရွယ်ပါသည်။
ရှေးမူလအစ ခုံရုံးများ
ရောမခေတ်တွင် အုပ်ချုပ်သူလူတန်းစားတို့၏ ချိုးဖောက်မှုများကို စစ်ဆေးဖော်ထုတ်ရန်နှင့် ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ပြည်သူက ရွေးချယ်တင်မြှောက်သည့်ခုံသမာဓိလူကြီးများကို ခန့်အပ်တာဝန်ပေးကြပါသည်။ ခုံသမာဓိလူကြီးများသည် ပြည်သူလူထု သို့မဟုတ် နိုင်ငံတော်နှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို စစ်ဆေးဖော် ထုတ်ရန် အုပ်ချုပ်သူအာဏာပိုင်များနှင့် ပြည်သူများကို ခုံရုံးသို့ ဆင့်ခေါ်၍ စီရင်ပိုင်ခွင့်ရှိပါသည်။ အုပ်ချုပ်သူ များက ပြည်သူလူထုအပေါ် နိုင်ထက်စီးနင်းပြုခြင်းအတွက် ထိုခုံရုံးတွင် ခုခံချေပတောင်းဆိုနိုင်ရုံ မျှသာမက ချမှတ်သော ဆုံးဖြတ်ချက်များအပေါ် ကျေနပ်မှုမရှိပါက အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်းရှိကြပါသည်။ ရောမအင်ပါယာကျဆုံးပြီးနောက် အလယ်ခေတ် ဥရောပ တစ်ဝှမ်းတွင် ခုံရုံးများသည် သဘောသဘာဝ၊ ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ကျယ်ပြန့်လာပါသည်။ ကိုးကွယ် ယုံကြည်မှုနှင့် အခြားသော ဘာသာရေးဆိုင်ရာ ပြစ်မှုများကို စုံစမ်းစစ်ဆေးရန် Church တည်ထောင်ခဲ့သည့် The Inquisition ကဲ့သို့ အဖွဲ့အစည်းများသည်လည်း ထင်ရှားသောခုံရုံးများ ဖြစ်ခဲ့ကြပါသည်။
မျက်မှောက်ခေတ် ခုံရုံးများ
မျက်မှောက်ခေတ်တွင် အုပ်ချုပ်သူအာဏာပိုင်များ၏ တရားစီရင်ရေးသဘောဆောင်သည့် (Quasi-judicial) ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ခုံရုံးများ ဖွဲ့စည်း၍ ကျယ်ပြန့်စွာ ဆောင်ရွက်လာကြပါသည်။ ဥပမာအားဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းရန် အလုပ်သမားခုံသမာဓိအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယကမ္ဘာစစ် အပြီးကာလ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေးနှင့် သီးခြား ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် Nuremberg Trials International War Crime Tribunal ကဲ့သို့သော နိုင်ငံတကာခုံရုံးများကိုလည်း ဖွဲ့စည်းထားရှိကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။
တရားရုံးနှင့် ခုံရုံး၏ ကွဲပြားခြားနားချက်
တရားရုံးများနှင့် ခုံရုံးများသည် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများဖြစ်သော်လည်း စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းများအရ ကွဲပြားခြားနားမှု များစွာရှိနိုင်ပါသည်။ ထိုကွဲပြားခြားနားချက်များအနက်မှ အချို့ကို လေ့လာတင်ပြအပ်ပါသည် -
တရားရုံးနှင့် ခုံရုံးတို့၏ တရားစီရင်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်
တရားရုံးများသည် ပိုမိုကျယ်ပြန့်သော တရားစီရင်ပိုင်ခွင့်ရှိပြီး အရပ်ဘက်၊ စစ်ဘက် ရာဇဝတ်မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပါအဝင် လေးနက်ရှုပ်ထွေးသော အမှုအခင်း များစွာကို ကြားနာစစ်ဆေး ကိုင်တွယ်ဖြေရှင်း ရပါသည်။
ခုံရုံးများသည် စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာ ကဲ့သို့သော သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုလိုအပ်သည့် ကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းပေးထား သည့် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသည့် သီးခြားအထူးခုံရုံးများ ဖြစ်ပါသည်။
တရားရုံးနှင့် ခုံရုံးတို့၏ လုပ်ထုံးလုပ်နည်း
တရားရုံးများသည် တရားဝင်ချမှတ်ထားသော တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စီရင်ထုံးများ၊ ရှေးရိုးနည်းလမ်းများ၊ သက်သေ အထောက်အထားများကို ကိုးကားလိုက်နာရပြီး တစ်ခါတစ်ရံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို တင်းကြပ်စွာလိုက်နာရသဖြင့် လုပ်ထုံးလုပ်နည်း ကွဲလွဲတတ်သည့် ဆောင်ရွက်ချက်များ ဖြစ်ပေါ်လေ့ရှိပါသည်။
ခုံရုံးများသည် ယေဘုယျအားဖြင့် တင်းကြပ်စွာ လိုက်နာရသည့် လုပ်ထုံးလုပ်နည်း နည်းပါးပြီး မူဝါဒအရ ပြုပြင်ပြောင်းလဲရန် လွယ်ကူ၍ ပိုမို မြန်ဆန်ထိရောက်သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်ရပါသည်။
တရားသူကြီးများနှင့် ခုံအဖွဲ့ဝင်များ ခန့်အပ်ခြင်း
တရားရုံးများတွင် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရင့်သန်ပြီး အရည် အချင်းပြည့်ဝသော ပုဂ္ဂိုလ်များကို တရားသူကြီးများအဖြစ် တာဝန်ပေးခန့်အပ်ရပါသည်။
ခုံရုံးများတွင်လည်း သာမန်အားဖြင့် ဥပဒေပညာရပ် ကျွမ်းကျင်သူများကို ခုံအဖွဲ့ဝင်များအဖြစ် ခန့်အပ်သော်လည်း ခုံရုံး၏ လုပ်ငန်း သဘောသဘာဝကို လိုက်၍ သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များကို အဖွဲ့ဝင်များအဖြစ် ခန့်အပ်ရပါသည်။ (ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးကို ခုံအဖွဲ့ဝင် အဖြစ် ခန့်ထားရမည်ဖြစ်ပါသည်)
အယူခံမှုလုပ်ငန်းစဉ်
တရားရုံးများတွင် သတ်မှတ်ထားသည့် တရားစီရင်ရေးစနစ်နှင့်အညီ လက်အောက်ခံ ဒေသန္တရ တရားရုံးမှ ချမှတ်သည့် အမိန့်ကို ကျေနပ်မှု မရှိပါက ချမှတ်သည့် အမိန့်နှင့်အတူ အထက် တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်နိုင်ပါသည်။ (အချို့သောနိုင်ငံများတွင် အယူခံဝင်ရောက်မှုကို အမြင့်ဆုံးတရားရုံးက ငြင်းပယ်လိုက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် အညီ စာချွန်တော် လျှောက်ထားနိုင်သော အခွင့်အရေးများ ရှိပါသည်)
ခုံရုံးများတွင်မူ ချမှတ်သည့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက နစ်နာသည်ဟု ယူဆသူသည် ထိုခုံရုံးသို့ အယူခံဝင်ရောက်ခွင့်ရှိသည့် ယန္တရားတစ်ရပ်ရှိသကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့် ခုံရုံးထက် တစ်ဆင့်မြင့်တရားရုံး သို့မဟုတ် ခုံရုံးသို့အယူခံဝင်ရောက်နိုင်သည့် အခွင့်အရေးများလည်း ရှိပါသည်။ သို့သော် အယူခံဝင်မှုလုပ်ငန်းစဉ်များသည် ခုံရုံးများ၏ သဘောသဘာဝနှင့် တည်ဆဲ ဥပဒေအရ တာဝန်နှင့် လုပ်ပိုင်ခွင့်အပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။
စီရင်ဆုံးဖြတ်ချက်များ
တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် သဘောသဘာဝအရ ထိရောက်ကျယ်ပြန့်၍ သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များဖြစ်ပြီး နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများ အဖြစ် ထုံးဖွဲ့မှတ်တမ်းတင်နိုင်ပါသည်။
ခုံရုံးများ၏ စီရင်ဆုံးဖြတ်ချက်များသည် ထိရောက် ကျယ်ပြန့်၍ သက်ရောက်မှုရှိသော စီရင် ဆုံးဖြတ်ချက်များ ဖြစ်သော်လည်း တရားရုံးများမှ ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်များကဲ့သို့ နောင်တွင် ရည်ညွှန်းကိုးကားနိုင်သော စီရင်ထုံးများအဖြစ် မှတ်တမ်းမတင်နိုင်ပါ။
အမှုတင်သွင်းလျှောက်ထားနိုင်မှုနှင့် ကုန်ကျစရိတ်
လုပ်ထုံးလုပ်နည်းများပြားသည့် တရားစီရင်ရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရခြင်းနှင့် ဥပဒေနှင့်အညီ ကိုယ်စားလှယ်လုပ်ငန်းများကို ဆောင်ရွက်ရခြင်းကြောင့် တရားရုံးတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် ကုန်ကျစရိတ်ပိုမိုများပြားပြီး အချိန်ပိုမို ကြာမြင့်နိုင်ပါသည်။
ခုံရုံးများတွင် အမှုတင်သွင်း လျှောက်ထားခြင်းသည် လုပ်ထုံးလုပ်နည်းအရ တရားရုံးများထက် ပိုမိုလွယ်ကူ၍ ကုန်ကျစရိတ် သက်သာပြီး မြန်ဆန်သည့် ဖြေရှင်းချက်ကို ရရှိစေနိုင်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံး (Court) များ
၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာ တရားရုံးများကို အောက်ပါအတိုင်း ဖွဲ့စည်းတည်ထောင်ထားရှိပါသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတရားရုံးများ
(င) ခရိုင်တရားရုံးများ
(စ) မြို့နယ်တရားရုံးများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထင်ရှားသော အထူးပြုခုံရုံး (Tribunal) များ
(က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
(၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်)
(ခ) အခွန်အယူခံခုံအဖွဲ့ရုံး
(၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းသည့် အခွန်အယူခံခုံအဖွဲ့ဥပဒေအရ ၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဥပဒေနှင့်အညီ စတင်ဖွဲ့စည်းခဲ့ပါသည်)
အချုပ်အားဖြင့်ဆိုသော် တရားရုံးများနှင့် ခုံရုံးများသည် အငြင်းပွားမှု ပြဿနာများကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရန် ဖြစ်သော်လည်း တရားရုံးသည် ခုံရုံးထက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်း ပိုမိုများပြား၍ စီရင်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်ပါသည်။ တရားရုံးများတွင် တရားသူကြီးများအဖြစ် ဥပဒေပညာရပ်နှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ကျွမ်းကျင်သော ပညာရှင်များကသာ ဆောင်ရွက်နိုင်ပါသည်။ ခုံရုံးများသည် နိုင်ငံတော်၏ မူဝါဒအရ ဖြစ်ပေါ် တည်ရှိ လာသည့် အထူးကိစ္စရပ်များကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် အထူး ခုံရုံးများဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များက ခုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ရည်ညွှန်းကိုးကားချက်များ
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
(၂) အခွန်အယူခံခုံအဖွဲ့ဥပဒေ(၂၀၁၈)
(၃) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝက်ဘ်ဆိုဒ် (www.unionsupremecourt.gov.mm)
(၄) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဝက်ဘ်ဆိုဒ် (www.constitutionaltribunal.gov.mm)
(၅) အခွန်အယူခံခုံအဖွဲ့ ဝက်ဘ်ဆိုဒ် (https://www.ratb.gov.mm)
(၆) တရားစီရင်ရေးတွင် စီရင်ချက်၊ စီရင်ထုံးများ၏ အခန်းကဏ္ဍ ဆောင်းပါး (မောင်စာဂ)
(၇) Differences between court and tribunal (https://lawboomi.com)
(၈) Differences between court and tribunal (https://keydifferences.com/)
(၉) Differences between court and tribunal (https://www.tutorialspoint.com/)
(၁၀) How Did Early Judicial System? (https://www.dailyhistory.org/)