(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ၏ဆောင်ပုဒ်နှင့်အညီ ဆွေးနွေးခဲ့သည့် ကျန်းမာရေးအသိပညာများအား ပြည်သူလူထုသို့ဖြန့်ဝေပေးခြင်း

Posted_Date

Image

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ၏ဆောင်ပုဒ်နှင့်အညီ ဆွေးနွေးခဲ့သည့် ကျန်းမာရေးအသိပညာများအား ပြည်သူလူထုသို့ဖြန့်ဝေပေးခြင်း

Body

လိင်မှုဆိုင်ရာကျန်းမာရေးကောင်းမွန်စေရန် ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ခြင်း

ယနေ့ခေတ်ကမ္ဘာကြီးတွင်  ကပ်ရောဂါအသွင်ဖြစ်ပွားနေသည့်   ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV/AIDS) နှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ(Sexually Transmitted Infections-STIs)များဖြစ်ပွားနေမှုသည် ၂၀၂၂ ခုနှစ်ကုန်အထိရရှိသော စာရင်းဇယားများအရ   ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV) ပိုးကူးစက်ခံနေရသူသည် ကမ္ဘာတစ်ဝန်း ၌  ၃၉ သန်းခန့်ရှိပြီး အရှေ့တောင်အာရှဒေသတစ်ခု ထဲတွင်ပင် ၃ ဒသမ ၉ သန်းခန့် HIV ပိုးကူးစက်ခံနေရပါသည်။

လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ(STIs)များအနက် ပျောက်ကင်းအောင်ကုသနိုင်သည့် Syphilis၊ Gonorrhoea၊  Chlamydia နှင့် Trichomoniasisကဲ့သို့သော  ရောဂါလေးမျိုးသည်ပင် ယနေ့ထိတိုင် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးကဏ္ဍအတွက် အဓိကစိန်ခေါ်မှုအဖြစ်ရှိနေဆဲပင်ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် ကုန်စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်း (၁၅-၄၉)နှစ်အရွယ်ရှိသူများတွင် ယင်းလိင်မှတစ်ဆင့်ကူးစက် တတ်သောရောဂါလေးမျိုး၏ အသစ်ကူးစက်ဖြစ်ပွား မှု (Incidence) သည် ၃၇၄ သန်းအထိရှိခဲ့ပြီး  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊   အရှေ့တောင်အာရှဒေသတစ်ခု တွင်ပင် သန်း ၆၀ အထိရှိကြောင်းနှင့်  ကမ္ဘာတစ်ဝန်း၌   နေ့စဉ်လူတစ်သန်းခန့်အထိ    လိင်မှတစ်ဆင့်ကူးစက်တတ်သော    ရောဂါပိုးအသစ်ကူးစက်ခံနေရကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

ခန့်မှန်းတွက်ချက်မှုများအရ   ၂၀၂၃   ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း  (၁၅-၄၉)  နှစ်အရွယ်ရှိသူများ အနက် HIV ပိုး ကူးစက်ခံရမှုနှုန်းသည်(သုည ဒသမ  ၆၇ ရာခိုင်နှုန်း)ရှိပြီး HIV ပိုးရှိရှင်သန်သူမှာ ၂၈၃၀၀၀ ဦးခန့်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ်ကုန်အထိ ရရှိသော စာရင်းဇယားများအရ မြန်မာနိုင်ငံအတွင်း HIV/AIDS ရောဂါသည်အားလုံး၏ (၇၆ ရာခိုင်နှုန်း) အား(Lifelong ART) အေအာရ်တီဆေးဖြင့်   ကုသ ပေးနိုင်ခဲ့ပြီးဖြစ်သည်။  HIV   ပိုးရှိ ကိုယ်ဝန်ဆောင်မိခင်မှ မိမိရင်သွေးသို့  ရောဂါပိုးကူးစက်မှုကာကွယ် ခြင်း (Prevention of Vertical Transmission-PMTCT) လုပ်ငန်းသည်လည်း တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ၈၅ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုပေး ထားနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၌ လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အနေဖြင့် ကာကွယ်၊ ကုသရေးလုပ်ငန်းများကို  စီမံ ချက်ထားဆောင်ရွက်နေခြင်းကြောင့် ဦးတည်အုပ်စု များကြား ကာလသားရောဂါ(syphilis)ဖြစ်ပွားမှုနှုန်းသည်  (၂၀၀၇ မှ  ၂၀၂၀ ခုနှစ်) အတွင်း သိသာစွာ ကျဆင်းလာခဲ့ပေသည်။

ရောဂါပိုးအသစ်ကူးစက်ခံရမှုနှင့်   ဖြစ်ပွားမှုနှုန်းကျဆင်းလာမှုတို့တွင် Biomedical၊ Structural နှင့် Behavioral Intervention များပါဝင်သည့် ပေါင်းစပ်ကာကွယ်ရေးအစီအစဉ် (Combination Prevention Programme) သည် အရေးပါလှပါသည်။

ရောဂါပိုးကူးစက်ရန်အန္တရာယ်ရှိသော လိင်ဆက်ဆံမှုအားလုံးတွင်   ကွန်ဒုံးကို စနစ်တကျနှင့် မှန်ကန် စွာအသုံးပြုခြင်း (Condom Promotion) နှင့် ရောဂါ ပိုးကူးစက်ရန်အန္တရာယ်ရှိသူများနှင့် လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း (Abstinence) နည်းလမ်းများသည် HIV နှင့်  လိင်မှတစ်ဆင့်  ကူးစက်တတ်သောရောဂါများကို ကာကွယ်ရာ၌ အခြေခံကျ၊ ထိရောက်သည့် နည်းလမ်းများဖြစ်ပါသည်။

မိမိအခြေအနေကိုသိရှိအောင် စမ်းသပ်စစ်ဆေးခြင်း (Know Your Status)အတွက် ရွေးချယ်စရာ နည်းလမ်းများဖြစ်သော- မိမိအနေဖြင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ဆေးခန်း (NAP Clinic)နှင့် ပြည်သူ့ဆေးရုံ၊ လူထုအခြေပြုကွင်းဆင်း စစ်ဆေးပေးသည့်နေရာ(Community-based Clinic) များတွင်  စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါပိုးကူးစက်ရန် အန္တရာယ်ရှိသည့် အညွှန်းခံရသူကို ရှာဖွေစစ်ဆေးခြင်း (Index case testing)နှင့် မိမိကိုယ်တိုင်လျှို့ဝှက် စွာ စမ်းသပ်စစ်ဆေးခြင်း  (Self-testing)   စသည့်နည်းလမ်းများအနက် မိမိနှစ်သက်သည့်နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။

ရောဂါပိုးကူးစက်ရန်အန္တရာယ်ရှိသော အညွှန်းခံရသူကိုရှာဖွေစစ်ဆေးခြင်း  (Index  case  testing) ဆိုသည်မှာ ရောဂါပိုးကူးစက်ရန်အန္တရာယ်ရှိသည့် အညွှန်းခံရသူကို ရှာဖွေစစ်ဆေးပြီး ရောဂါပိုးတွေ့ရှိ ပါက ထိုသူနှင့်ဆက်စပ်နှီးနွှယ်ထားသူများ (ဥပမာ-လိင်ဆက်ဆံဖော်၊  သား၊ သမီးနှင့်   မူးယစ်ဆေး အကြောထဲထိုးသွင်းသူဖြစ်ပါက  ဆေးထိုးအပ်မျှဝေ သုံးစွဲသူစသည်ဖြင့် ကွင်းဆက်ယူကာ ဆက်လက် စမ်းသပ်စစ်ဆေးသွားသည့်     နည်းလမ်းပင်ဖြစ်ပါသည်။  ဤကဲ့သို့  စစ်ဆေးရာတွင်  စမ်းသပ်စစ်ဆေး ခံသူ၏လျှို့ဝှက်ချက်ကို   သေချာစွာစောင့်ထိန်းရ မည်ဖြစ်ပြီး အကယ်၍ ရောဂါပိုးစစ်ဆေးတွေ့ရှိပါက လည်း  ညွှန်းပို့ပေးခြင်းကို  ဆက်လက်ဆောင်ရွက် သွားရပါမည်။

ကိုယ်တိုင်နမူနာယူခြင်း (Self-sampling) နည်းလမ်းသည်   မိမိတွင်  လိင်မှတစ်ဆင့်ကူးစက်တတ် သောရောဂါပိုးကူး စက်ခံရခြင်းရှိ၊ မရှိအခြေအနေကို သိရှိရန်အတွက် များစွာအဆင်ပြေပြီး    ကိုယ်ရေး ကိုယ်တာကိုလည်း ထိန်းသိမ်းနိုင်သည့်  နည်းလမ်းဖြစ်ပါသည်။ ဤနည်းလမ်းဖြင့်  အချိန်မီ ဆောလျင်စွာ ကုသမှုခံယူနိုင်ပြီး ကူးစက်မှုအန္တရာယ်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။

ကုသမှုဖြင့်ကာကွယ်ခြင်း (Treatment as Prevention)  နည်းလမ်းသည်  အလွန်ထိရောက်သော မဟာဗျူဟာတစ်ခုပင်ဖြစ်ပါသည်။ (Lifelong ART) အေအာရ်တီဆေးကို   စနစ်တကျပုံမှန်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း HIV ဗိုင်းရပ်စ်ကို   ပုံမှန် စမ်းသပ်စစ်ဆေးခြင်းနည်းလမ်းဖြင့် ရှာဖွေမတွေ့နိုင် သည့်အဆင့်(Undetectable Level) အထိ လျှော့ချ နိုင်ပြီး ယင်းအခြေအနေသို့ရောက်ရှိပါက  တခြားသူ တစ်ဦးသို့  ထပ်မံမကူးစက်နိုင်သည့်အဆင့်  (Un-transmittable Level) အထိ ရောက်ရှိသွားစေမည် ဖြစ်ပါသည်။  ယင်းအခြေအနေကို နိုင်ငံတကာတွင် “U=U”ဟု ခေါ်ဆိုသုံးနှုန်းပါသည်။

မိမိနှင့် မိမိ၏လိင်ဆက်ဆံဖော်တွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ(STIs)ရှိနေပါက ပျောက်ကင်းသည်အထိ    ထိထိရောက်ရောက်ကုသမှုခံယူခြင်းဖြင့်  ရောဂါပြန်လည်ကူးစက်မှု   (Reinfection)နှင့် တခြားသူများကို ထပ်မံကူးစက်ခြင်း  စသည်များကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

၂၀၀၀ ပြည့်နှစ်ခန့်တွင် မြန်မာနိုင်ငံ၌  စတင်ခဲ့သော မိခင်မှ ကလေးသို့ HIV ရောဂါပိုးကူးစက်မှုကာကွယ်ခြင်း (Prevention of Vertical Transmission-PMTCT)  စီမံချက်သည်  ကိုယ်ဝန်ဆောင်မိခင်များအတွက် မိမိရင်သွေးကို ရောဂါပိုးကူးစက်မှုမှကာကွယ်ရန်  အထိရောက်ဆုံးသော  နည်းလမ်းတစ်ခုဖြစ်ပါ သည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ  HIV နှင့်  Syphilis ရောဂါနှစ်မျိုးစလုံးအား   တစ်ပြိုင်နက် စမ်းသပ် စစ်ဆေးပေးနိုင်သည့် Dual Test kit များကို ဝယ်ယူ ဖြန့်ဖြူးထားရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်မှ ကလေးသို့ HIV နှင့် Syphilis ရောဂါနှစ်မျိုးစလုံး ကူးစက်ခံရမှု ကင်းစင်ပပျောက်သည်အထိ (Dual elimination of mother to child transmission of HIV and Syphilis)   ဆောင်ရွက်သွားရန်နှင့်    ဖြစ်နိုင်လျှင် အသည်းရောင်အသားဝါဘီပိုး  ကူးစက်ခံရမှုကိုပါ ကင်းစင်ပပျောက်အောင်  ပေါင်းစပ်ဆောင်ရွက်ရန် (Triple  elimination)   ရည်ရွယ်ချက်အထိထားရှိပြီး ကြိုးပမ်းသွားမည်ဖြစ်ပါသည်။    ဤအစီအစဉ်တွင်   ကိုယ်ဝန်ဆောင်မိခင်သာမက  ဇနီးမောင်နှံစမ်းသပ် စစ်ဆေးကုသခြင်း(Spouse testing)  သည်   အရေး ကြီးသော  အစိတ်အပိုင်းတစ်ခုအဖြစ်    ပါဝင်နေပါသည်။

ရောဂါပိုးကူးစက်မခံရမီ  ကြိုတင်ကာကွယ်ခြင်း (Pre-exposure Prophylaxis- PrEP) နည်းလမ်းသည်   ထိရောက်သောကာကွယ်ရေးမဟာဗျူဟာတစ်ခုပင်ဖြစ်ပါသည်။ ဤနည်းလမ်းအတွက် သောက် ဆေး (Oral PrEP) အပြင် အမျိုးသမီးများအတွက် Dapivirine ARV ပါဝင်သည့် Vaginalring  ကို အမျိုးသမီး ကိုယ်တွင်းထည့်သွင်းပြီး     တစ်လတစ်ကြိမ် လဲလှယ်ပေးသည့် နည်းလမ်းသည် ရောဂါပိုးကူးစက် ရန် အန္တရာယ်များသော အခြေအနေရှိသည့်  အမျိုး သမီးများအတွက် ရွေးချယ်စရာများထဲမှ တစ်ခုပင် ဖြစ်ပါသည်။

Cabotegravir ကဲ့သို့ Long-acting injectable ARV ထိုးဆေးများသည်လည်း နိုင်ငံတကာစျေးကွက် ထဲတွင် စတင်မိတ်ဆက်လာနေပြီဖြစ်ပါသည်။ အစော ပိုင်းကာလ    ဆေးဘက်ဆိုင်ရာသုတေသနပြုချက် (Clinical trials) များအရ ယင်း Cabotegravir ထိုး ဆေးကို ၂-လ တစ်ကြိမ်ပုံမှန်ထိုးနှံပေးပါက HIV ပိုး ကူးစက်ခံရမှုကို ၉၉ ရာခိုင်နှုန်းအထိ လျှော့ချပေး နိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း စျေးနှုန်းကြီးမြင့် မှုကြောင့် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန် အခက်အခဲရှိ နေသေးကြောင်း လေ့လာတွေ့ရှိရသည်။

ရောဂါပိုးကူးစက်ရန်   အန္တရာယ်များသောသူနှင့်အတူနေပြီးနောက် ကာကွယ်ဆေးသောက်သုံးခြင်း (Post -exposure prophylaxis-PEP)သည် အန္တရာယ် ရှိသော  အခြေအနေများတွင် HIV နှင့် တခြားသော လိင်မှတစ်ဆင့်   ကူးစက်တတ်သောရောဂါများကို အချိန်မီကာကွယ်နိုင်ရန်အတွက်     အရေးပါသော နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ PEP  ကို ဖြစ်နိုင် သမျှမြန်မြန်၊  အထူးသဖြင့် အန္တရာယ်ရှိသော အခြေ အနေမှ   ၇၂  နာရီအတွင်း   စတင်သောက်သုံးရန် အရေးကြီးပါသည်။

ဆေးထိုးအပ်/ဆေးထိုးပြွန်များအား မျှဝေသုံးစွဲမှု မပြုခြင်းသည်လည်း ထိရောက်သော ကာကွယ်ရေးနည်းလမ်း တစ်ခုပင်ဖြစ်ပါသည်။ ဆေးထိုးရန်လိုအပ်ပါက  သန့်ရှင်းသော တစ်ခါသုံးဆေးထိုးအပ်အသစ် များကိုသာ    အသုံးပြုခြင်းဖြင့်   ဆေးထိုးသုံးစွဲမှုမှတစ်ဆင့် HIV  ပိုးကူးစက်မှုကို  ကာကွယ်နိုင်သည်။ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော Needle Syringe Programme- NSP သည် Safe  injection  practice  အတွက်  ပံ့ပိုးပေးရာ၌ အရေးကြီး‌သောအခန်းကဏ္ဍမှ ပါဝင်နေသည်။

မူးယစ်ဆေးဝါး အကြောတွင်းသို့ ထိုးသွင်းသုံးစွဲမှု ကို ရှောင်ကြဉ်ခြင်းသည် ဆေးထိုးသုံးစွဲမှုမှတစ်ဆင့် HIV ပိုးကူးစက်မှုကို ရာနှုန်းပြည့်ကာကွယ်နိုင်သောနည်းလမ်းဖြစ်ပါသည်။    မူးယစ်ဆေးအလွဲသုံးစွဲမှု နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ (Substance use disorder)များနှင့်ပတ်သက်ပြီး အကြံဉာဏ်နှင့် ပံ့ပိုးကူညီမှုပေးသည့်      ဝန်ဆောင်မှုများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းဆေးခန်းများတွင် ရရှိနိုင်သည်။

မြန်မာနိုင်ငံ၌ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် HIV  နှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်ပြီး     အသိပညာမြှင့်တင်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊  ကာကွယ်မှုနှင့်ကုသမှု ပေးခြင်း    စသည့် ရွေးချယ်စရာ နည်းလမ်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး      ဤနည်းလမ်းများကို ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအထိ ရောက်ရှိစေရန်    ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

HIV/ AIDS ကာကွယ်၊ ကုသရေးဆိုင်ရာ  သုတေ သနဆောင်ရွက်မှုများအနေဖြင့်  ART ကုထုံးများကို တိုးတက်ကောင်းမွန်စေရန်၊  ကာကွယ်ဆေး (HIV Vaccines) များ တီထွင်ရန်နှင့် မျိုးရိုးဗီဇပြုပြင်ခြင်း (Gene editing)ကဲ့သို့  နည်းပညာအသစ်များကို စူးစမ်းရှာဖွေလျက်ရှိပါသည်။ မျိုးရိုးဗီဇပြောင်းလဲမှု (CCR5-delta  32 Genetic mutation) ရှိပြီးသား အလှူရှင်ထံမှ ပင်မဆဲလ်အစားထိုးကုသမှု  (Stem cell transplant) ခံယူခြင်းမှ  မမျှော်လင့်ဘဲ   HIV (ယာယီ) ရောဂါပျောက်ကင်းမှု(Long-term HIV remission) ရသွားသည့် “ဘာလင်” လူနာ(Berlin Patient- Timothy Ray Brown) နှင့် “လန်ဒန်”လူနာ (London  Patient- Adam  Castillejo)  တို့သည် ဆောင်ရွက်ဆဲ ဆေးဘက်ဆိုင်ရာသုတေသန လုပ်ငန်းများအတွက် တွန်းအားဖြစ်စေပါသည်။

မြန်မာနိုင်ငံ၌           လိင်မှုဆိုင်ရာကျန်းမာရေး ထိန်းသိမ်းနိုင်ရန်အတွက် ခုခံအားကျဆင်းမှုကူးစက် ရောဂါ (HIV/AIDS)   နှင့်   တခြားလိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ  (STIs) များ၏   ဖြစ်ပွားနေမှု၊    ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ၊    တိုက်ဖျက်ရေးဆိုင်ရာ မဟာဗျူဟာများအကြောင်းကို    မျှဝေပေးရန် ရည်ရွယ်၍‌     ရေးသားလိုက်ရပါသည်။      ။