ကမ္ဘာ့ခေါင်မိုး အရည်ပျော်ခြင်း
Posted_Date
Image

Body
အန္တာတိကတိုက်နှင့် အာတိတ်ဒေသတို့ပြီးလျှင် ရေခဲပမာဏအကြီးမားဆုံး သိုလှောင်ထားသည့် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ဒေသအလိုက် စီးပွားရေးကို ပျက်စီးစေပြီး ကမ္ဘာတစ်ဝှမ်း မတည်မငြိမ်ဖြစ်မှုကို တွန်းအားပေးမည့် ရေခဲများလျင်မြန်စွာအရည်ပျော်မှု၏ ဆိုးရွားသောသက်ရောက်မှုများကို ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများမှ အရေးပေါ် အရေးယူဆောင်ရွက် ကြရမည်ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၅ ခုနှစ်ကို နိုင်ငံတကာ ရေခဲတောင်များထိန်းသိမ်း စောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့ခြင်းသည် ကမ္ဘာ့ရေခဲလွှာများ အရည်ပျော်ကျနေသည့် အဖြစ်မှန်ကို ပေါ်လွင်ထင်ဟပ်စေခဲ့သည့် အခိုက်အတန့်ဖြစ်ပေသည်။ ရာသီဥတုပြောင်းလဲမှုသည် အထူးသဖြင့် အာတိတ်ဒေသနှင့် အန္တာတိကတိုက်ပြီးနောက် အကြီးမားဆုံးသော ရေခဲပမာဏ ရှိသဖြင့် ကမ္ဘာ့တတိယ ဝင်ရိုးစွန်းဟုလူသိများသော ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းကြီးအပေါ် များစွာသက်ရောက်လျက်ရှိသည်။
အာဖဂန်နစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအထိ နိုင်ငံပေါင်း ရှစ်နိုင်ငံကို ဖြတ်သန်း၍ ကီလိုမီတာ ၃၅၀၀ ကျော် ရှည်လျားသော ထိုတောင်တန်းသည် ကမ္ဘာလုံးဆိုင်ရာပျမ်းမျှထက် သုံးဆပိုမိုပူနွေးလာသည်။ ယခု ရာစုနှစ်အကုန်တွင် စက်မှုတော်လှန်ရေးမတိုင်မီကထက် အပူချိန် ၃ ဒီဂရီစင်တီဂရိတ် မြင့်တက်လာပါက ဒေသတွင်းရှိ ရေခဲတောင်များ၏ ၇၅ ရာခိုင်နှုန်းအထိ အရည်ပျော်ခြင်း၊ ရေရရှိနိုင်မှု လျော့နည်းခြင်း၊ အစားအစာနှင့် စွမ်းအင်လုံခြုံမှုကို လျော့နည်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း စသည်တို့ ပိုမို ဆိုးရွားလာစေမည်ဖြစ်သည်။
ရေခဲပြင်များ အရည်ပျော်ခြင်းသည် ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းနှင့် ဒေသန္တရ စီးပွားရေး ပျက်စီးဆုံးရှုံးမှုများကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းနေထိုင်မှုများ တိုးမြင့်လာခြင်း၊ ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် ကမ္ဘာတစ်ဝှမ်း မတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် နီပေါနိုင်ငံရှိ မယ်လန်ချီမြစ်ရေကြီးရေလျှံမှုဘေးသည် နောင်ဖြစ်လာမည့် အခြေအနေများကို အရိပ်အမြွက်ပေးခဲ့သည်။ ပုံမှန်မဟုတ်သော မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခြင်း၊ နှင်းမိုးများထူထပ်စွာရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးမြေဟက်တာ ထောင်ပေါင်းများစွာ ဆုံးရှုံး၍ အရေးပါသော အခြေခံအဆောက်အအုံများစွာ ပျက်စီးကာ လူသိန်းပေါင်း များစွာ သောက်သုံးရေ ပြတ်လပ် ခဲ့ရသည်။
ရေခဲတောင်များလျော့နည်းလာခြင်းကြောင့် ရေအနည်းငယ်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းအပေါ် ထိခိုက်စေနိုင်မည်ဟု ခန့်မှန်းထားကြသည်။ မြစ်ရေ စီးဆင်းမှုလျော့နည်းလာခြင်းကြောင့် ကမ္ဘာ့ဆန်၏ သုံးပုံတစ်ပုံနှင့် ဂျုံ၏ လေးပုံ တစ်ပုံခန့် ထွက်ရှိသော ဧရိယာတွင် သီးနှံများစိုက်ပျိုးရန် ပိုမိုခက်ခဲလာစေနိုင်သည်။ ရေပေးဝေရေးနှင့် မိလ္လာစနစ်ကို ထိန်းသိမ်းရန် ခက်ခဲလာကာ ဒေသတွင်းအခြေခံမိလ္လာစနစ် လက်လှမ်းမမီသော လူဦးရေ တစ်ဘီလီယံခန့်လည်း ထပ်လောင်း တိုးလာစေနိုင်သည်။ စားနပ်ရိက္ခာမလုံလောက်မှုသည်လည်း ပိုမိုဆိုးရွားလာမည်မှာ အသေချာပင်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများနှင့် စက်မှုလုပ်ငန်းတစ်ခုလုံးသည်ပင်လျှင် ရေချိုရှာဖွေရန်အတွက် ရွှေ့ပြောင်း သွားလာရန် လိုအပ်လာပေလိမ့်မည်။ အာရှတိုက်၏ အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံး ပြည်သူများသည် ပြင်းထန်စွာ ထိခိုက်ခံစားကြရဦးမည်ဖြစ်သည်။
အဆိုပါဒေသရှိ ရေခဲများအရည်ပျော်မှု မြန်ဆန်လာခြင်း၏ ဆိုးရွားသော သက်ရောက်မှုများကို ရှောင်ရှားရန် ကမ္ဘာကြီးအနေဖြင့် အရေးတကြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘေးအန္တရာယ် ပေါင်းစုံ အကဲဖြတ်စစ်ဆေးမှု (Multi-hazard Risk Assessment)တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့၏ အသိပညာများ ပိုမိုကြွယ်ဝလာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာသည် ကမ္ဘာ့အပူချိန် 1.5°၊ 1.8°၊ 2° သို့မဟုတ် 3°C မြင့်တက်လာခြင်းအပေါ် များစွာ မူတည်နေပါသည်။ အချက်အလက်စုဆောင်းမှုကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အသိပညာမျှဝေခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို ကောင်းမွန်အောင်လုပ်ဆောင်ခြင်းနှင့် မြစ်ညာနှင့်မြစ်အောက်ပိုင်းနေထိုင်သောပြည်သူများနှင့် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ပေါင်းစည်းမြစ်ဝှမ်းစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
အခြေခံအဆောက်အအုံအသစ်များနှင့် ရှိရင်းစွဲအခြေခံအဆောက်အအုံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းသည် ဘေးကင်းသော သောက်သုံးရေနှင့် စွမ်းအင်လုံခြုံရေးတို့အပြင် မိလ္လာ၊ ဆည်မြောင်း နှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ဂေဟစနစ်များကို ကာကွယ်ရန်နှင့် သစ်တောပျိုးထောင်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း၊ စိမ့်မြေထိန်းသိမ်းခြင်းနှင့် ရေလွှမ်း လွင်ပြင် ပြန်လည်ထူထောင်ခြင်းကဲ့သို့သော သဘာဝအခြေခံ ဖြေရှင်းနည်းများကို မြှင့်တင်ရန်လည်း အချိုးညီစွာ အရေးကြီးပေသည်။
အဆိုပါ နည်းဗျူဟာ၏အစိတ်အပိုင်းတိုင်းသည် ဘဏ္ဍာငွေ ပိုမိုလိုအပ်မည်ဖြစ်သည်။ ဖွံ့ဖြိုးရေး အဖွဲ့အစည်းများသည် ဟိန္ဒူကုရှ်ဟိမဝန္တာတောင်တန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ၎င်းတို့၏ အရေးပါမှု ကို ပေးထားသည့် အဆိုပါရေခဲဒေသနှင့် ၎င်း၏မြစ်ဝှမ်းဒေသတို့ကို ကမ္ဘာလုံးဆိုင်ရာ အများသူငှာ ကောင်းကျိုး အဖြစ်သတ်မှတ်၍ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းသည် ပူးပေါင်းဆောင်ရွက်မှုနှင့် သံခင်းတမန်ခင်း နည်းလမ်းအားဖြင့် ရေခဲပြင်အရင်းအမြစ်များကို သာတူညီမျှစွာအသုံးပြုမှုကို မြှင့်တင်ပေး ရမည်ဖြစ်သည်။ ယင်းသည် ဖြစ်နိုင်ခြေရှိသော တင်းမာမှုများကို ပြေပျောက်စေပြီး ဒေသတွင်းရှိ ရေခဲတောင်များသည် ပဋိပက္ခထက် ငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးကြောင်းသေချာစေကာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် အဆိုပါရည်မှန်းချက်အချို့ကို ပြည့်မြောက်အောင် ဆောင်ရွက် လျက်ရှိသည်။ Green Climate Fund နှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ADB သည် Glaciers to Farms အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့ပြီး အာရှအလယ်ပိုင်းနှင့် အနောက်အာရှ တို့တွင် စိုက်ပျိုးရေးကဏ္ဍ၌ ရာသီဥတုဒဏ်ခံနိုင်ရည် အားကောင်းလာစေရန် ဒေါ်လာ ၃.၅ ဘီလီယံ ထည့်ဝင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဟိန္ဒူကုရှ်ဟိမဝန္တာ-ဘူတန်နှင့် နီပေါနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ရာသီဥတုဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများကို စီစဉ်ရေးဆွဲရာတွင်လည်း ကူညီ ပံ့ပိုးပေးနေသည်။ ထို့အပြင် ADB သည် ဂေဟစနစ်ပြန်လည်ဖြည့်ဆည်းမှု (Eco-compensation Mechanisms), ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်မည့် ကာဗွန်အရောင်းအဝယ်စနစ် (Carbon Markets) and ရေကုန်သွယ်ရေး(Water Trading)နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်စပ်နေသော စာချူပ်များ (Sustainability-linked Bonds) ကဲ့သို့သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်သစ်များကိုလည်း စမ်းသပ် လုပ်ဆောင်လျက်ရှိသည်။
UNESCO နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့သည် ပြီးခဲ့သောလက နိုင်ငံတကာ ရေခဲတောင် များထိန်းသိမ်းစောင့်ရှောက်ရေးနှစ်အဖြစ် ကြေညာခဲ့မှုအပေါ် WMO အထွေထွေ အတွင်းရေးမှူးချုပ် Celeste Saulo က ကမ္ဘာကြီးအနေဖြင့် တက်ကြွနိုးကြားစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ရာသီဥတုဒဏ်ခံနိုင်ရည် တည်ဆောက်ခြင်းမှသည် စိမ်းလန်းသော အကူးအပြောင်း (ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုရေရှည်တည်တံ့သော လူနေမှု ပုံစံများဆီသို့ ကူးပြောင်းမှု) နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ခြင်းအထိ ရေခဲတောင် များနှင့် ၎င်းတို့၏ ဆက်စပ်ဂေဟစနစ်ကို မှီခိုနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအတွက် ရေရှည်တည်တံ့သောအနာဂတ် သေချာစေရန်အတွက် ကမ္ဘာ့အသိုက်အဝန်းသည် ၎င်း၏စွမ်းအားဖြင့် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက ကျွန်ုပ်တို့ အားလုံးအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ပေသည်။
စာရေးသူ Masatsugu Asakawa သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဥက္ကဋ္ဌဖြစ်သည်။
ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
Source: https://www.eco-business.com/opinion/meltdown-at-the-top-of-the-world/