တစ်နေ့တာအတွက် ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲ!
Posted_Date
Image

Body
ကော်ဖီဆိုဆိုတာက လူတော်တော်များများအတွက် မနက်ခင်းကို စတင်သည့် သောက်စရာပါ။ မနက်ခင်းမှာကော်ဖီတစ်ခွက်သောက်ခြင်းသည် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေရန်အတွက် အထောက်အကူ ပေးနိုင်ပါသည်။ ကော်ဖီက စိတ်ရောကိုယ်ပါ လန်းဆန်းစေသည်ဆိုသော်လည်း ကော်ဖီကို အချိန် မှန်ကန်စွာ သောက်သုံးတတ်ရန် လိုပါသည်။ ထို့ကြောင့် တစ်နေ့တာအတွက် ကော်ဖီသောက်ရန် အကောင်းဆုံး အချိန်က ဘယ်အချိန်ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ကော်ဖီဆိုတာက နည်းနည်းသောက်ရင် ဆေးဖြစ်သော်လည်း အလွန်အကျွံ သောက်ပါက စိတ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်းများပါဖြစ်စေနိုင်ပါသည်။ ကော်ဖီကို အချိန်မှန်မှန်လေးနှင့် ပမာဏ မှန်မှန်လေး သောက်မိမှ လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေမည်ဖြစ်ပါသည်။
ကဖင်း၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း
ကော်ဖီကို ဘယ်အချိန်မှာ သောက်တာ အကောင်းဆုံးလဲဆိုတာကို မပြောသေးခင် ကဖင်း အကြောင်းလေး နည်းနည်းလောက် ရှင်းပြပေးချင်ပါသည်။ ကဖင်းဆိုတာက ကော်ဖီ၊ ရေနွေးကြမ်း၊ လက်ဖက်၊ လက်ဖက်ရည် တို့တွင် ပါလေ့ရှိသည့် အရာလေး တစ်ခုပါ။
ကဖင်းက ဘာလုပ်ပေးလဲဆိုရင် ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါသည်။ နားလည်အောင် ပြောပြရမည်ဆိုပါက စိတ်ကိုလန်းဆန်းတက်ကြွနေစေခြင်းပဲ ဖြစ်ပါသည်။ ကော်ဖီက အသင့်အတင့် သောက်သုံးမယ်ဆိုပါကစိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်သော်လည်း ကော်ဖီကို လိုတာထက် ပိုပြီးသောက်သုံးမိမည် ဆိုပါက အာရုံစူးစိုက်ရန် ခက်ခဲစေပြီး အတက်ကြွလွန်နေခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းများကိုပါ ခံစား ရနိုင်ပါသည်။
ကဖင်းကို အလွန်အကျွံ သောက်သုံးစားသုံးမိခြင်းက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးခုန်မြန်ခြင်းနှင့် နှလုံးသွေးကြောများကို ထိခိုက်စေနိုင်ပါသည်။
ကော်ဖီကို မနက်ခင်း သောက်မယ်ဆိုရင်
၈ အောင်စ ပါဝင်နေသော ကော်ဖီတစ်ခွက်မှာ ကဖင်းက ၁၀၀ မီလီဂရမ်အထိ ပါဝင်နေပြီး ကော်ဖီမှုန့် ပါဝင်မှုနှင့် ဘယ်လိုဖျော်စပ်ထားလဲဆိုသည့်အပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။
ကော်ဖီက စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်သောကြောင့် မနက်ခင်းမှာ ကော်ဖီသောက်သုံးခြင်းက တစ်နေ့တာကို လန်းဆန်းတက်ကြွစေမည်ဖြစ်ပါသည်။ နောက်တစ်ခုက နံနက်စောစော ၇ - ၈နာရီ ပတ်ဝန်းကျင်ဆို ခန္ဓာကိုယ် ထဲက သဘာဝဟော်မုန်း ကော်တီစောက ထွက်လာပြီး လူကို လန်းဆန်းတက်ကြွအောင် လုပ်နေပါပြီ။ ဒါကလည်း ဖြစ်သင့်သည့် အချက်ပါ။ နံနက်စောစောမှာ လန်းနေမှ အလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။
နဂိုတည်းက လန်းနေသည့်သူက ကော်ဖီထပ်သောက်လိုက်မည်ဆိုပါက ကိုယ်သောက်သည့်ပမာဏ၊ ခံနိုင်ရည်ပေါ် မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပါသည်။ ကဖင်းဒဏ်ခံနိုင်သည့်သူများတွင် သိပ်ပြဿနာ မရှိသော်လည်း ကဖင်းဒဏ်ကို သိပ်မခံနိုင်သည့်သူများ၊ များများသောက်မိသည့်သူများတွင် လူက အလန်းလွန်ပြီး ရင်တုန်ခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်ပါသည်။
ညဘက်မှာ ကော်ဖီသောက်ခြင်းက ညဘက်မှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေမှာပါ။ ကော်ဖီသောက်ပြီးချိန်မှာ ကော်ဖီမှာပါလာသည့် ကဖင်းကို ချေဖျက်ရန် လူပေါ်မူတည်ပြီး ၂နာရီမှ ၁၀ နာရီလောက်အထိ အချိန်ယူ ရပါသည်။ ဒါကလည်း ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် အနေအထားကိုလိုက်ပြီး တစ်ယောက်နှင့် တစ်ယောက်ကွာခြားနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ညဘက်မှာ ကော်ဖီသောက်ခြင်းက ကောင်းကောင်း အိပ်ပျော်စေရန် ခက်စေပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်ပါသည်။
“ကော်ဖီကို ဘယ်အချိန်မှာ မသောက်သင့်ဘူးလဲ” ဆိုသည်နှင့်ပတ်သက်ပြီး စာတမ်းများရှိသော်လည်း ဘယ်အချိန်မှာ သောက်သင့်လဲဆိုသည်နှင့် ပတ်သက်ပြီး တိတိကျကျ လေ့လာထားခြင်း မရှိပါ။
မိမိ၏ ခံနိုင်ရည်၊ မိမိလိုချင်သည့် အာနိသင်ပေါ်မူတည်ပြီး ချိန်ညှိသောက်ခြင်းက အကောင်းဆုံးပါ။ နံနက် နိုးနိုးချင်းကို လုပ်စရာတွေ ပုံပြီး မလန်းဘူးလား။ ဒါဆိုရင် နိုးတာနှင့် သောက်နိုင်ပါသည်။ နေ့လယ်လောက်မှ သောက်တတ်သူလား။ ဒါဆို နေ့လယ်လောက်မှ သောက်ပါ။
မိမိ၏ တစ်နေ့တာ အလုပ်များ၊ အိပ်ချိန်များ၊ ကျန်းမာရေးများ မထိခိုက်သရွေ့ အဆင်ပြေသည့် အချိန်မှာ သောက်လို့ရပါသည်။ အကြမ်းအားဖြင့် ကော်တီစောစကျသည့် နံနက်ခင်း ၉ နာရီ ကနေ ၁၁ နာရီ ကြားလောက်ဆိုလျှင် လန်းဆန်းဖို့လည်း လိုနေသေးသည်ဆိုပါ သောက်နိုင်ပါသည်။ ညနေဆိုလျှင် အိပ်ချိန်နှင့် အချိန်ခွာပြီး သောက်ပေးပါ။ ဒါကလည်း မိမိ၏ ကဖင်းခံနိုင်ရည်အပေါ် မူတည်ပါသည်။ အိပ်ချိန်နှင့် ၅နာရီခွာပြီး သောက်တယ်။ အိပ်မပျော်ဘူးလား။ ဒါဆို ၆နာရီ ခွာသောက်ပါ။ အိပ်ချိန်နှင့် ၂နာရီပဲ ခွာသောက်တာ အိပ်ပျော်တယ်ဆိုပါက ၂နာရီခွာသောက်ရင် ရပါပြီ။ ကော်ဖီနှင့် ပတ်သက်လာလျှင် မိမိခန္ဓာကိုယ်၏ တုံ့ပြန်မှုကို နားထောင်ခြင်းက အကောင်းဆုံးပါ။
ကိုးကား- https://hellosayarwon.com