ပြည့်ဂုဏ်မြင့်မား တောင်သူလယ်သမားကြီးများ
Posted_Date
Image

Body
တောင်သူလယ်သမားနေ့ကို ရောက်လေတိုင်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုချင်စိတ်ဖြစ်ပေါ်လာပါတယ်။ တောင်သူလယ်သမားကြီးများဆိုတာ နိုင်ငံတစ်ဝန်းရှိပြည်သူတွေရဲ့ စားရေးကို ဖန်တီးပေးနေသူများဖြစ်လို့ နိုင်ငံသားအားလုံးရဲ့ ကျေးဇူးရှင်တွေဖြစ်ပါတယ်။ လူတိုင်းကပစ္စည်းကို ငွေကြေးပေးဝယ်လို့ရတာပဲ ဆိုတဲ့အတွေးမျိုးမှာရပ်မထားဘဲ ဪ...သူတို့စိုက်ပျိုးပေးလို့ တို့များတွေ စားသောက်ရပါကလားဆိုတဲ့အထိ တွေးမြင်သင့်ပါတယ်။ စာရေးသူကတော့ တောမှာမွေးဖွားလာသူဖြစ်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ကြိုးစား အားထုတ်မှုကိုမျက်မြင်ကိုယ်တွေ့ဖြစ်လို့ တောင်သူလယ်သမားတွေရဲ့ကျေးဇူးကို ဘယ်သောအခါမှမမေ့ခဲ့ပါဘူး။
နိုင်ငံတော်အနေနဲ့ နှစ်စဉ်မတ်လ ၂ ရက်နေ့ရောက်လေတိုင်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ တောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ထားခြင်းကို ဝမ်းသာမိပါတယ်။ ထူးမြတ်တဲ့နေ့လည်းဖြစ်ပါတယ်။ တောင်သူလယ်သမားတွေကို အလေးအနက်ဂုဏ်ပြုသတ်မှတ်ထားတဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်မို့ တောင်သူလယ်သမားနေ့ ဂုဏ်ပြုဆောင်းပါး ရေးသားခွင့်ရရှိတာကို အလွန်ပင်ဝမ်းသာကြည်နူးမိပါတယ်။ မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားဟာ တောင်သူလယ်သမားကြီးတွေအတွက် ညွှန်းဆိုထားသလား ထင်မိပါတယ်။
မြေကြီးဆိုတာ လူသားတွေကို ဘက်ပေါင်းစုံက အကျိုးပြုနေတဲ့အရာဖြစ်ပါတယ်။ သူ့အလိုအလျောက်တော့ ရွှေတွေထွက်မလာနိုင်ပေမယ့် တောင်သူလယ်သမားကြီးများရဲ့ ကာယအား၊ ဉာဏအားနဲ့ စွမ်းဆောင်ကြိုးပမ်းလိုက်တဲ့အခါ စိုက်ပျိုးတဲ့သီးနှံတွေအောင်အောင်မြင်မြင်ဖြစ်လာမယ်။ အဲဒီသီးနှံတွေကိုဈေးကွက်တင်ပို့တဲ့အခါ ငွေကြေးတွေထူးခြားစွာရရှိလာမယ်။ တောင်သူလယ်သမားကြီးတွေ ငွေကြေးရွှင်တာနဲ့အမျှ ကျေးလက်ဒေသတွေမှာစည်သံ၊ ဗြောသံညံမစဲဘဲ အလှူအတန်းတွေ ပေါများနေမှာဖြစ်ပါတယ်။ တောင်သူလယ်သမားကြီးတွေဟာ သာသနာ့ဒါယကာ၊ ဒါယိကာမများအဖြစ် ဂုဏ်ယူစရာကောင်းလှပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကိုအဓိကထား စီးပွားရေးလုပ်ဆောင်နေကြတာမို့ လယ်ယာစိုက်ပျိုးရေးတွေ အောင်မြင်လေလေ နိုင်ငံနဲ့ပြည်သူတွေအတွက် အကျိုးရှိလေလေပါပဲ။ အဓိကအားဖြင့် လယ်ယာထုတ်ကုန်တွေက ပြည်တွင်းဖူလုံမှုရှိတဲ့အပြင် ပြည်ပဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်ဖို့လိုပါတယ်။ ပြည်ပဝင်ငွေများနေမှ နိုင်ငံတော်ရဲ့ GDP လည်း တိုးတက်နေမှာဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြင့်မားလာတာနဲ့အမျှ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကျေးလက်ဒေသတွေဖွံ့ဖြိုးပြီး အလုပ်အကိုင်တွေပေါများလာမယ်ဆိုရင် မြန်မာနိုင်ငံကလူငယ်တွေ ပြည်ပနိုင်ငံများဆီထွက်ပြီး အလုပ်အကိုင် ရှာဖွေစရာမလိုတော့ပါဘူး။
ဒါဟာမြေကြီးကရွှေသီးလာတဲ့ သဘောတရားပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်ထဲမှာ စီးပွားရေးနဲ့ ပတ်သက်လို့ “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” လို့ဖော်ပြထားပါတယ်။
စိုက်ပျိုးရေးမှန်သမျှမှာ ပန်းတိုင်အထွက်နှုန်းတိုးအောင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ပန်းတိုင်အထွက်နှုန်းတိုးဖို့ဆိုရင် မျိုး၊ မြေ၊ ရေ၊ နည်းတို့နဲ့ပတ်သက်လို့ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေကိုစနစ်တကျပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေးနဲ့ သီးထပ်စိုက်ပျိုးမှုတို့ဖြင့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ရေးမှာ မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စများဖြစ်ပါတယ်။
တောင်သူလယ်သမားကြီးများအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါနှစ်ပြီး တိုးတက်ကြီးပွားအောင် လုပ်ဆောင်ကြမယ်ဆိုရင် မိမိအတွက်၊ မိမိကျေးလက်ဒေသအတွက်၊ နိုင်ငံတော်အတွက် ကောင်းကျိုးတွေ တိုးပွားလာမှာဖြစ်ပါတယ်။
ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်တဲ့နေရာမှာ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ ကျေးလက်နေပြည်သူများရဲ့ ပညာရေးအဆင့်အတန်းမြင့်မားရေး၊ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးနဲ့ကျေးလက်ဒေသ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေကို နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနေပါတယ်။
ကျေးရွာချင်းဆက်လမ်း၊ တံတားတွေ တည်ဆောက်ခြင်း၊ ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ စာကြည့်တိုက်တွေ တည်ဆောက်ပေးနေခြင်းနဲ့ စက်ရေတွင်းတူးဖော်ပေးနေခြင်းတွေဟာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေဖို့ပဲဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးနဲ့ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး လုပ်ငန်းနယ်ပယ်ခြောက်ခုကို ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းတွေဖြစ်တဲ့ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေး၊ သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးတွေကိုလည်း လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အားလုံးကတက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်လုပ်ငန်းမဆို အောင်မြင်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ နိုင်ငံအတွက် အခြေခံအကျဆုံးကဏ္ဍကြီး တစ်ခု ဖြစ်ပါတယ်။ ဒီကဏ္ဍကို အကောင်အထည်ဖော်ပေးနေတာက တောင်သူလယ်သမားကြီးများ ဖြစ်ကြပါတယ်။ စိုက်ပျိုးမွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့လည်း အောင်မြင်တိုးတက်လာပြီး နိုင်ငံရဲ့ GDP လည်း တိုးတက်လာမှာဖြစ်ပါ တယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုစကားအတိုင်း တောင်သူလယ်သမားကြီးတွေကိုယ်တိုင်က လုပ်ကိုင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
စာရေးသူအနေနဲ့ကတော့ ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတက်၊ မီးတွေထိန်ထိန်လင်းနဲ့ ဇာတ်ပွဲတွေ၊ အငြိမ့်တွေနဲ့ အပန်းဖြေကြတဲ့မြင်ကွင်းမျိုး၊ ရဟန်းခံရှင်ပြု၊ ဘုံကထိန် စတဲ့အလှူပွဲတွေ တခြိမ့်ခြိမ့်ကျင်းပနေတာမျိုးကိုမြင်တွေ့ချင်ပါတယ်။
အခုဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက် ဒေသတွေမှာ စံပြကျေးရွာတွေတည်ဆောက်နေတဲ့ သတင်းတွေကြားရလို့ တကယ့်ကိုပဲ ဝမ်းသာမိပါတယ်။ အေးအေးချမ်းချမ်း သာသာယာယာနဲ့ ပြုံးပျော်ရွှင်နေတဲ့မျက်နှာထားတွေ မြင်တွေ့ရလို့ ကြည်နူးပီတိဖြစ်ရပါတယ်။
စံပြကျေးရွာဆိုတာဘယ်လိုအင်္ဂါရပ်တွေနဲ့ပြည့်စုံရမလဲလို့ လေ့လာကြည့်လိုက်တော့ အချက် (၁၅)ချက်သွားတွေ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးရုံးနဲ့ စာကြည့်တိုက်၊ အားကစားကွင်းနဲ့ဘုံမြေ၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနဲ့စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေး၊ ရွာတံခါး ရွာစည်းရိုး အိမ်စည်းရိုး၊ ဘုရားကျောင်းကန် သာသနိကအဆောက်အအုံ၊ ဈေး ဈေးမြေနေရာ၊ လုံခြုံရေးအဖွဲ့များနဲ့ မီးကင်း ရေကင်း၊ အရိပ်ရအပင်တွေနဲ့ ထင်းစိုက်ခင်း၊ အစိုးရ မဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာသန့်ရှင်းရေး၊ သုသာန် စတာတွေ ပါဝင်တည်ဆောက် ထားတာဖြစ်ပါတယ်။
စံပြကျေးရွာတည်ဆောက်ခြင်းဆိုတာ နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့ တောင်သူလယ်သမားကြီးတွေက အကောင်အထည်ဖော်ကြရတာဖြစ်ပါတယ်။ အဲဒီလိုစံပြကျေးရွာတွေ တည်ဆောက်နိုင်ခြင်းဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာမှာဖြစ်တဲ့အပြင် ရွာအတွက်လုံခြုံရေး ဆိုင်ရာတွမှာ ပူပင် သောကမဖြစ်ရတော့ပါဘူး။ အားလုံးကတစ်စိတ်ဝမ်း တစ်လက်ညီ ရပ်ရေးရွာရေးကိုပြိုင်တူ မခိုမကပ် လုပ်ဆောင်ကြမယ်ဆိုရင် ပျော်စရာကောင်းလာမှာပါ။
ဒီလိုမျိုးကျေးလက်ဒေသတွေဖွံ့ဖြိုးဖို့၊ စံပြကျေးရွာတွေဖြစ်နေဖို့ဆိုရင် တောင်သူလယ်သမားကြီးများအနေနဲ့ မိမိတို့လုပ်ကိုင် ဆောင်ရွက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ပိုမိုအောင်မြင်အောင်အင်တိုက်အားတိုက် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေဖို့အတွက် အထွက်နှုန်းတိုးတက်ရေး နည်းလမ်းတွေကိုဆောင်ရွက်ရပါမယ်။ ဒါ့အပြင်စိုက်ဧကတိုးတက်စေဖို့ သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းတွေကိုပါ ဆောင်ရွက်ရပါမယ်။ ထို့အတူ စိုက်ပျိုးရေးဆိုင်ရာ အလေ့အထ ကောင်းများနဲ့ အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဒီကနေ့အချိန်အခါမှာ နည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ ခေတ်မီစိုက်ပျိုးနည်းပညာတွေ၊ ရာသီဥတု၊ ဈေးကွက်နဲ့ လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်တွေကို “တောင်သူလယ် သမားကဏ္ဍရုပ်သံလိုင်း”၊ မြဝတီရုပ်မြင်သံကြားမှ“စိုက်ပျိုးသုတ၊ မွေးမြူသုတ”၊ မြန်မာ့အသံရေဒီယိုမှ “သုတပဒေသာ စိုက်ပျိုးနည်းပညာ အစီအစဉ်” ဖြင့် ထုတ်လွှင့်ပေးခြင်း၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ပညာပေး စာစောင်တွေ၊ လယ်ယာစီးပွား သတင်းစာစောင်တွေ ထုတ်ဝေပေးခြင်း၊ မိုဘိုင်းဖုန်းတွေကတစ်ဆင့်စိုက်ပျိုးရေးနည်းပညာများကို ဖြန့်ဝေပေး ခြင်းတွေဆောင်ရွက်ပေးနေပါတယ်။
တောင်သူလယ်သမားကြီးများအတွက် လိုအပ်ချက်မရှိအောင် အသိပညာဖြန့်ဖြူးပေးနေတာမို့ ဒါတွေကိုလည်း လေ့လာသိရှိကြစေချင်ပါတယ်။ စိုက်ပျိုးရေးကိုအဓိကထား လုပ်ဆောင်နေကြသလို စိုက်ပျိုးရေးနဲ့အတူ ပူးတွဲလုပ်ဆောင်လို့ရတဲ့မွေးမြူရေးကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရပါမယ်။ ဒေသ၊ ရာသီဥတု၊ ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီဖြစ်ထွန်းတဲ့ ကျွဲ၊ နွား၊ ငါးမွေးမြူရေး တွေကိုလည်းလုပ်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးပွားအောင် လုပ်ဆောင်ကြရပါမယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လုပ်ငန်းတိုင်းလိုလိုမှာ ငွေကြေးအရင်းအနှီးတွေ ပေးအပ်ထားပြီးဖြစ်ပါတယ်။
တောင်သူလယ်သမားကြီးများအနေနဲ့ လယ်ယာလုပ်ငန်းတွေလုပ်ကိုင်နေခြင်းမှာ မိမိစီးပွား၊ တိုင်းပြည်စီးပွားကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာ ထိုင်စောင့်နေ၍မရပါ။ မိမိတို့လုပ်ချင်သည့်အလုပ်ကို ပြင်းပြင်းပြပြနဲ့စိတ်အားထက်သန်စွာ လုပ်ကိုင်မယ်ဆိုပါက အောင်မြင်မှုတွေရလာမှာ အမှန်ဖြစ်ပါတယ်။ မည်သူမဆိုမိမိလုပ်ငန်းအောင်မြင်လျှင် ဘဝမှာပို၍ပျော်စရာကောင်းပါတယ်။ အရေးကြီးတဲ့အချက်များမှာ မိမိအလုပ်ကိုသိနားလည်ခြင်းနဲ့ အလုပ်ကိုချစ်မြတ်နိုးခြင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ နိုင်ငံတော်ရဲ့စီးပွား၊ တောင်သူလယ်သမားကြီးများရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေး ကဏ္ဍများမှာ ကောင်းမွန်တဲ့ အခြေခံစိတ်ဓာတ်ဖြင့် လုံ့လ၊ ဝီရိယပေါင်းစပ်ပြီး အဘက်ဘက်က အကျိုးရှိအောင်ဝိုင်းဝန်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း “ပြည့်ဂုဏ်မြင့်မားတောင်သူလယ်သမားကြီးများ”အားဂုဏ်ပြုရေးသားလိုက်ပါတယ်။ ။
Source: https://myawady.net.mm/stories