နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ် သမိုင်းမှတ်တိုင်မော်ကွန်း

Posted_Date

Image

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ် သမိုင်းမှတ်တိုင်မော်ကွန်း

Body

“မတ်လ”တစ်နည်းအားဖြင့် မြန်မာနှစ်တပေါင်းလ အခါသမယ၏  နွေရာသီလေပြည်လေးများသည် ငြိမ်းချမ်းသောအသွင်ကိုဆောင်လျက် တသုန်သုန်ဆော်သွေး တိုက်ခတ်နေပါသည်။ “တပေါင်းသာခေါင်လများနောင်”ဆိုစကားနှင့်အညီပတ်ဝန်းကျင်တစ်ခွင်မှာ  သာယာလှပ၊ ကြည်လင်ငြိမ်းချမ်းခြင်းတို့ဖြင့် တင့်တယ်လျက်ရှိပါသည်။ နေပြည်တော်ရှိ ရုံးအမှတ်(၉) အမည်နာမခေါ်တွင်သည့် ထည်ဝါသောရုံးအဆောက်အအုံကြီးရှေ့ရှိ မြန်မာနိုင်ငံအလံသည်  တိမ်အပြာနုရောင်၊ တိမ်မီးခိုးရောင်ဖျော့ဖျော့နှင့် အဖြူရောင်တိမ်စိုင်တိမ်လိပ်များနှင့်အပြိုင်မိုးကောင်းကင်ယံတွင် ငွားငွားစွင့်စွင့်ဝင့်ဝင့်ကြွားကြွားလွင့်ပျံ့နေပါသည်။ ထိုကျက်သရေရှိလှသည့် အဆောက်အအုံသည်ကားမြန်မာနိုင်ငံ၏အထင်ကရ နိုင်ငံခြားရေးဝန်ကြီးဌာနပင်ဖြစ်ပါသည်။

စတင်အုတ်မြစ်တည်ခဲ့သည့် သမိုင်းမှတ်တိုင်များ

လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင် မော်ကွန်းတင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန သမိုင်းစာမျက်နှာများသည် “Diplomacy is the first line of defense” ဆိုသောစကားရပ်နှင့်အညီ မြန်မာနိုင်ငံ၏ဖြတ်သန်းခဲ့ရသော  ခရီးလမ်းတစ်လျှောက်တွင် အရေးပါသော တစ်ထောင့်တစ်နေရာမှ အစဉ်အမြဲ ပါဝင်ခဲ့၊ ပါဝင်လျက်၊ ပါဝင်သွားမည်မှာ မငြင်းဆန်နိုင်သော အမှန်တရားပင်ဖြစ်ပါသည်။

သမိုင်းစာမျက်နှာများကို လွမ်းမောဖွယ်အဖြစ် လှန်လှောကြည့်မိပါက လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၏နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို ဆောင်ရွက်သွားရန်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဌာနကို  “Department of Foreign Affairs”အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။  စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်းတစ်ဦး၊   အမှုထမ်းရှစ်ဦးစုစုပေါင်းဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ အခြေအနေအရ နည်းပါးသောအင်အားဖြင့် စတင်ခဲ့ရသော်လည်းခိုင်မာသည့်   အခြေခံအုတ်မြစ်ဖြစ်ပါသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၄၈ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး “Foreign Office”ဟု အမည်ပြောင်းလဲခဲ့ပြီး အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန “Ministry of Foreign Affairs” (MoFA)အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင်သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ

နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ  နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး စွမ်းအားများကိုစီမံခန့်ခွဲ၍ နိုင်ငံအကျိုးကိုဖော်ဆောင်သည့်  အမျိုးသားရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ အနှစ်သာရသည်  အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်ခြင်းဖြစ်ပါသည်။ အမျိုးသားလုံခြုံရေး၊ အမျိုးသားစီးပွားရေး  ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး  တည်ငြိမ်အေးချမ်းသည့်   ကမ္ဘာ့ပတ်ဝန်းကျင်တိုးတက်ဖြစ်ထွန်းရေးကို ဦးတည်ချက် ထားရှိကြပါသည်။ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊    ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို အလေးထားမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို  အလေးထားမှု စသည်တို့ကို တန်ဖိုးထားဖော်ဆောင်သည့် မူဝါဒဖြစ်ပါသည်။

မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်ရပ်တည်၍  တန်းတူရည်တူရှိမှု၊ ကမ္ဘာ့ရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည်ရင်းနှီးစွာ  မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံမှု၊ ကုလသမဂ္ဂအဖွဲ့ကြီးအား  အားပေးထောက်ခံမှု၊  ပူးပေါင်းဆောင်ရွက်ရေးကို  အကျိုးတူမှု၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် နှောင်ကြိုးမပါသော  ပြင်ပအကူအညီထောက်ပံ့မှုများကို ရယူဆောင်ရွက်သွားရေး စသည့်အခြေခံမူများနှင့်အညီ ကျင့်သုံးခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည်လည်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံသမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ အဆင့်ဆင့်ပြောင်းလဲခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်လွတ်လပ်ရေးရရှိချိန်တွင် အင်အားကြီးအုပ်စုများအကြား   ရှောင်ရှားလိုသည့်“အပြုသဘောထားသည့် ကြားနေဝါဒ”( Positive Neutrality)ဖြင့်ရပ်တည်ခဲ့သည်။၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တော်လှန်ရေးကောင်စီအစိုးရလက်ထက်ကာလများတွင် “ Positive Neutrality ”ကို ဆက်လက် ကျင့်သုံးခဲ့ကြသည်ကို တွေ့ရှိရပါသည်။၁၉၇၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏  ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးဝါဒ” (Inde-pendent Foreign Policy)ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏စတုတ္ထအကြိမ် ပါတီညီလာခံမှ “လွတ်လပ်၍ တက်ကြွသောနိုင်ငံခြားရေးဝါဒ” (Independent and Active Foreign Policy)ကိုလည်းကောင်း၊  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏   အမိန့်ကြော်ငြာချက်(၃/၈၈)ဖြင့်“လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးဝါဒ”ကို   ပြန်လည်အတည်ပြု၍လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁ အရ)   “လွတ်လပ်၍တက်ကြွပြီး  ဘက်မလိုက်သော  နိုင်ငံခြားရေးမူဝါဒ” (Independent, Active and Non-aligned Foreign Policy)အဖြစ်လည်းကောင်း၊   ခေတ်အဆက်ဆက်အဆင့်ဆင့်  တိုးတက်ပြောင်းလဲခဲ့သော်လည်း   အခြေခံအနှစ်သာရဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်နယ်မြေတည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုးရပ်တည်နိုင်ရေးနှင့်ငြိမ်းချမ်းရေးတို့သည် ပြောင်းလဲမှုမရှိဘဲ အမျိုးသားရေး အကျိုးစီးပွားကို  တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါသည်။

မျက်မှောက်ခေတ် မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒအပေါ် ရပ်တည်၍ နိုင်ငံတကာဆက်ဆံရေးကိုနှစ်နိုင်ငံဆက်ဆံရေး(Bilateral relations)၊ ဒေသတွင်းနိုင်ငံများနှင့်  ပေါင်းစပ်ရေး(Regional integration)နှင့်  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး(Multilateralism)စသည့် နယ်ပယ်များတွင်   ကျင့်သုံးလျက်ရှိပြီး မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။

 မျက်မှောက်ကာလမော်ကွန်း

နိုင်ငံခြားရေးဝန်ကြီးဌာန   စတင်တည်ထောင်ပြီးချိန်မှ ခေတ်အဆက်ဆက်များတွင်  သမိုင်းပေးတာဝန်များကိုအောင်မြင်စွာ မော်ကွန်းတင်နိုင်စေရန် လက်ဆင့်ကမ်းတာဝန်ယူသူများအဖြစ်(၇၈)နှစ်တာကာလအတွင်း နိုင်ငံခြားရေးဝန်ကြီး  ၂၅  ဦး (ဦးနု၊ ဦးစဝ်ခွန်ချိုနှင့် ဦးဝဏ္ဏမောင်လွင်တို့သည်နှစ်ကြိမ်စီတာဝန်ထမ်းဆောင်ခဲ့ပါသည်)နှင့် ဒုတိယဝန်ကြီး  ၁၈ ဦးတို့မှ ထမ်းဆောင်ခဲ့ကြပါသည်။   လက်ရှိကာလတွင်   ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ ဦးဆောင်မှု၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်တို့၏ တက်ညီလက်ညီ   ပူးပေါင်းအကောင်အထည်ဖော်မှုတို့ဖြင့် ပြည်တွင်းပြည်ပရှိ  ဝန်ထမ်းထောင်ကျော်အင်အားတို့သည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက်   ထမ်းဆောင်လျက်ရှိပါသည်။အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာနိုင်ငံရှိရုံးဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီးသုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင်    အသီးသီးကာလအလိုက်  အလှည့်ကျတာဝန်ထမ်းဆောင်လျက်ရှိပါသည်။

လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု   တိုးမြှင့်ရေးသည်အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ကုလသမဂ္ဂနှင့်  နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့်သံတမန်ရေးရာများတွင် ထုံးတမ်းအစဉ်အလာအရ အပြန်အလှန်အသိအမှတ်ပြုဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  နှစ်နိုင်ငံဆက်ဆံရေးအရ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို   ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ   လက်ရှိတွင်မြန်မာသံရုံး ၃၇ ရုံး၊  မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး သုံးရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၁၁  ရုံး စုစုပေါင်း ၅၁ ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်      ၂၀၂၂ ခုနှစ်တွင်တရုတ်နိုင်ငံရှိ ချုံချင့်မြို့၊ ၂၀၂၃ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)ရှိ ဒူဘိုင်းမြို့၊ ဘယ်လာရုစ် သမ္မတနိုင်ငံရှိ မင့်စ်မြို့၊ရုရှားနိုင်ငံ နိုဗိုစီဗစ်နှင့်စိန့်ပီတာစဘတ်မြို့များတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗာတီကန်နိုင်ငံနှင့်ယူအေအီးနိုင်ငံတို့မှ  မြန်မာနိုင်ငံတွင်  သံရုံးသစ်များ လာရောက်ဖွင့်လှစ်ခဲ့ပါသည်။  ယခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံ၊ အဒစ်အဘာဘာမြို့နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)၊ အဘူဒါဘီမြို့တို့တွင် မြန်မာသံရုံးအသစ်များဖွင့်လှစ်သွားနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကာတာနိုင်ငံ  ဒိုဟာမြို့တွင်လည်း  မြန်မာသံရုံး အသစ်ဖွင့်လှစ်နိုင်ရေးညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မှတ်တမ်းများအရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း (၁၂၆) နိုင်ငံနှင့် သံတမန် ဆက်ဆံရေး ထူထောင်ထားရှိပြီး၊ ကမ္ဘာ့နိုင်ငံ (၄၆)နိုင်ငံမှ သံရုံး၊ အဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံး (၅၀)ရုံးကို မြန်မာနိုင်ငံတွင် လက်ခံဖွင့်လှစ်ထားရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်  နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့မှုများအနေဖြင့် ၆-၃-၂၀၂၃ ရက်တွင် ဂီနီဘစ်ဆောနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတိုးချဲ့ထူထောင်ခဲ့ပြီး ယူဂန္ဓာ၊ နမီးဘီးယား၊ မိုဇမ်းဘစ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးထပ်မံတိုးချဲ့ ထူထောင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည်   ပြည်ပနိုင်ငံများမှသံအမတ်ကြီး (၂၁) ဦး၏သံအမတ်ခန့်အပ်လွှာများအား အခမ်းအနားဖြင့် လက်ခံပေးခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးပေါင်းပါဝင် အကောင်အတည်ဖော်ဆောင်ရွက်ပေးမှုများဖြင့် နိုင်ငံတကာအစည်းအဝေးများ  ပါဝင်တက်ရောက်မှုများ၊  ခရီးစဉ်သွားရောက်မှုများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏မကြာသေးမီရက်ပိုင်းဆီက သွားရောက်ခဲ့သော  ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်   ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များသည်အထင်ကရဖြစ် ပါသည်။ ၂၀၂၁ ခုနှစ်တွင် ASEAN ထိပ်သီးအစည်းအဝေး၊ ၂၀၂၂ ခုနှစ်တွင်   ကမ္ဘာ့အရှေ့ဖျားစီးပွားရေးဖိုရမ်၊၂၀၂၄ ခုနှစ်တွင်   GMS  ထိပ်သီးအစည်းအဝေး၊ ACMECS ထိပ်သီးအစည်းအဝေး၊ CLMV   ထိပ်သီးအစည်းအဝေးများသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ၂၀၂၁ ခုနှစ်နှင့်၂၀၂၃ ခုနှစ်တွင် MLC ထိပ်သီးအစည်းအဝေးများတွင် Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ ၂၀၂၂ တွင် BIMSTECS ထိပ်သီးအစည်းအဝေး၊ ၂၀၂၄ ခုနှစ်တွင် NAM ထိပ်သီးအစည်းအဝေးနှင့် ACD ထိပ်သီးအစည်းအဝေးများသို့နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ် ASEAN ထိပ်သီးအစည်းအဝေးများသို့  အမြဲတမ်းအတွင်းဝန်က တက်ရောက်ခဲ့ပါသည်။

လက်ရှိကာလ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ကုလသမဂ္ဂအေဂျင်စီ (၁၆) ခုနှင့် INGO (၂၁၆) ဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများနှင့် ဒေသခန့်ဝန်ထမ်းများဖြင့်   နိုင်ငံအနှံ့လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ၊ တစ်နှစ်လျှင် (၂)ကြိမ် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပြီး  စီမံကိန်း ဒေသများသို့လည်း ခရီးစဉ်များ  ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

ICRC, UNOCHA, UNHCR, UNOPS, UNODC, IFRC, UNDSS, UNEDG, UNICEF, IOM, UNFPA တို့မှ အဆင့်မြင့် အရာရှိကြီးများ မြန်မာနိုင်ငံသို့လာရောက်တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခရီးစဉ်များနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ခရီးစဉ်များကိုလည်းလက်ခံဆောင်ရွက်ပေးခဲ့ပါသည်။

အာဆီယံ AHA ၏ ပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်အားလုံးကို ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၃ ပထမအဆင့်တွင် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများသို့ အမေရိကန်ဒေါ်လာ (၁၅) သန်းဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးဝါးအကူအညီများ လက်ခံဖြန့်ဝေနိုင်ခဲ့ကာ၊ ၂၀၂၃-၂၀၂၅ ဒုတိယအဆင့်တွင် စစ်ကိုင်း၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆီဆိုင်၊ မောက်မိုင်၊ ညောင်ရွှေ၊ မုံရွာ၊ ရွှေဘို၊ ကျောက်ထု၊ ထီးလင်း၊ မော်လမြိုင်၊ ချောင်းဆုံ၊ ဘားအံ၊ ကော့ကရိတ်၊   သံဖြူဇရပ်၊  ကျိုက်မရော၊ကျိုက်ထို၊ ဘီးလင်း၊ လွိုင်လင်မြို့နယ်များတွင် အမေရိကန်ဒေါ်လာ (၄) သန်းကျော်တန်ဖိုးရှိ  အစားအသောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ပြီး AHA monitoring Team ဖြင့်လည်း လက်ရှိအချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်းနိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်ခြင်းအနေဖြင့်  မြန်မာနိုင်ငံနှင့် အိမ်နီးချင်း (၅) နိုင်ငံတွင် လူဦးရေသန်း(၃,၂၀၀)ကျော်နေထိုင်ပြီး လူမျိုး၊ ဘာသာ၊နိုင်ငံရေးနှင့်အုပ်ချုပ်ရေးစနစ် မတူကွဲပြားသည့်အတွက်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများအား နီးကပ်သောဆက်ဆံမှုနှင့်ဖြေရှင်းကျော်လွန်နိုင်ရန်  အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်း ထိပ်သီးအစည်းအဝေးများ၊ ဝန်ကြီးအဆင့် အစည်းအဝေးများနှင့် အလွတ်သဘောအစည်းအဝေးများတွင် ပိုမိုထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို အဓိကစိန်ခေါ်နေသည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ လက်နက်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့်တက်လာပြီး၊ မြန်မာ့နိုင်ငံအရေးကို မြန်မာကိုယ်တိုင်ဦးဆောင်သည့်မြန်မာ့၏   ကိုယ်ပိုင်အစီအမံဖြင့်သာ ဆောင်ရွက်ရမည်ကို နိုင်ငံတကာမှသိရှိလက်ခံလာခဲ့သလို၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် (၂)နိုင်ငံကြား  ရွှေ့ပြောင်းလူအုပ်စုများ ကိစ္စကိုလည်း ပြင်ပစွက်ဖက်မှုမပါဘဲ (၂) နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးသဘောထား ရရှိခဲ့ပါသည်။

ဒေသတွင်း နိုင်ငံများမှ ပြစ်ဒဏ်ကျခံနေရသည့်အကျဉ်းသားများအား   အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊   အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်နေသောနိုင်ငံများမှ  နိုင်ငံခြားသားများအား  ရှာဖွေကယ်ဆယ်ဖမ်းဆီး၍သက်ဆိုင်ရာနိုင်ငံများသို့   ပြန်လည်လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံမှ  အိမ်နီးချင်းနိုင်ငံများသို့ရောက်ရှိသွားသူများအား   သံတမန်လမ်းကြောင်းမှ ညှိနှိုင်း၍   ပြန်လည်လွှဲပြောင်းနိုင်ခဲ့ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေပြီး မမျှော်လင့်ဘဲ အခက်အခဲများကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသားများအား လိုအပ်သည့်အကူအညီများပေးအပ်နိုင်ရေး၊ လိုအပ်ပါက အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကိုလည်းမြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံးများက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးမှု များမှာလည်း   သိသာထင်ရှားသောသံတမန်ရေးရာဆောင်ရွက်ချက်များဖြစ်ပါသည်။

နိဂုံး

နိဂုံးချုပ်အနေဖြင့် ထင်ရှားပေါ်လွင်သည့်  အစဉ်အလာကောင်းများရှိသောမြန်မာသံတမန်လောကတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏   အကျိုးစီးပွားကိုဖော်ဆောင်ရန် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းသံတမန်များအနေဖြင့် ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းစွမ်းဆောင်ခဲ့မှုကြောင့်တည်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး  လာမည့်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်တံ့ ခိုင်မြဲရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် သစ္စာရှိရှိတာဝန်သိသိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်မှာ သမိုင်းပေးတာဝန်ဖြစ်ပါကြောင်းဖော်ပြလျက် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်တွင်ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အား  မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။   ။

Source: https://myawady.net.mm/stories