အသည်းရောင် အသားဝါ(အေ)အကြောင်း သိကောင်းစရာ
Posted_Date
Image

Body
အသည်းရောင်အသားဝါ ရောဂါပိုးများမှာ အေပိုး (Hep A)၊ ဘီပိုး (Hep B)၊ စီပိုး (Hep C)၊ ဒီပိုး (Hep D)၊ အီးပိုး (Hep E)၊ အက် (ဖ်) ပိုး (Hep F) နှင့် ဂျီပိုး (Hep G) ဟူ၍ အတိုကောက် ခေါ်ဆိုကြသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ (အေ) ရောဂါသည် အသည်းရောင်အသားဝါ ရောဂါပိုးများ၏ မိသားစုဝင်ပိုးတစ်မျိုးဖြစ်သည်။ ရောဂါပိုးများမှာ အဓိက အသည်းကို တိုက်ခိုက်သည့် ပိုးဖြစ်သော်လည်း ကူးစက်ပုံခြားနားကြသည်။
အသည်းရောင်အသားဝါ (အေ) ရောဂါသည် အသည်းရောင်အသားဝါဗိုင်းရပ်စ် (အေ) ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူကူးစက်တတ်စေ၍ ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်သည်။ ပုံမှန်အားဖြင့် အစာသွင်းသည့် လမ်းကြောင်းနှင့် စအိုလမ်းကြောင်းမှတစ်ဆင့် ပြန့်ပွားခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေသန်းဆယ်ချီ၍ အေပိုးကူးစက်ခံကြရသည်။ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်သည်။
တိုးတက်ဆဲနိုင်ငံများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု စံနှုန်းနည်းပါးသည့် နိုင်ငံများတွင် ကူးစက်နိုင်မှုနှုန်းသည် ပိုမိုများပြားပြီး အများအားဖြင့် ငယ်ရွယ်စဉ်ကတည်းက ကူးစက်ခြင်းခံရသည်။ မြန်မာနိုင်ငံတွင် အေပိုးပြန့်ပွားပုံမှာ တိုးတက်ဆဲနိုင်ငံများတွင် ဖြစ်ပေါ်သည့်အတိုင်း သန့်စင်သောသောက်သုံးရေ မရရှိခြင်း၊ ပိုးရှိနေသော မသန့်စင်သည့် အစား အသောက်များမှ စားသုံးသူသို့ ကူးစက်ခြင်း၊ စနစ်တကျအိမ်သာများ အသုံးမပြုခြင်းများမှ အဓိက ရောဂါ ပြန့်ပွားကြသည်။
ရောဂါလက္ခဏာများ
ရောဂါပိုးဝင်စတွင် လက္ခဏာတိတိကျကျ မရှိဘဲဖျားခြင်း၊ အဆစ်နာခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ဖောရောင်ခြင်း ဖြစ်တတ်သည်။
အသားမဝါခင်အဆင့်တွင် နုံးခြင်း၊ ကိုယ်လက် နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့ခြင်းဖြစ်တတ်သည်။
အသားဝါအဆင့်တွင် မျက်လုံးနှင့် အရေပြားဝါခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ပျို့အန်မှု ပိုမိုဆိုးရွားလာခြင်း၊ အရေပြားယားယံခြင်း ဖြစ်တတ်သည်။
ပြင်းထန်စွာ အသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍ အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။
အသည်းရောင်အသားဝါ (ဘီ) သို့မဟုတ် (စီ) ရောဂါပိုးရှိသူများ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ တွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။
ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ
ရောဂါပိုးရှိသူ ခန္ဓာကိုယ်မှထွက်သော အညစ် အကြေးများပါရှိသော မသန့်ရှင်းသည့်အစား အသောက်များကို စားသောက်မိခြင်း။
မိလ္လာစနစ် မကောင်းသည့်နေရာတွင် မသန့်ရှင်းသောရေကို သောက်မိခြင်း။
အသည်းရောင်အသားဝါ (အေ) ရောဂါပိုးရှိသူ လူနာနှင့် အနီးကပ်ထိတွေ့ခြင်း၊ ပြုစုခြင်း။
ရောဂါပိုးဝင်စမှ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်မှ ခြောက်ပတ်ကြာသည်အထိ တခြားသူကို ကူးစက်နိုင်သည်။
ကာကွယ်နိုင်သည့် နည်းလမ်းများ
ကာကွယ်ဆေးရှိပါသည်။ ခြောက်လကြား နှစ်ကြိမ် ထိုးနှံရပါမည်။
အဓိက လိုအပ်ချက်သည် အစားအသောက် သန့်ရှင်းရေးဖြစ်သည်။ အစားအသောက်မှ ကူးစက်နိုင်သည့်အတွက် အစားအသောက်များကို သန့်သန့်ရှင်းရှင်းထားပါ။
အကယ်၍ အပြင်စာ ဝယ်စားမည်ဆိုပါက သန့်ရှင်းသည့်ဆိုင်ကိုရွေးချယ်ပါ။
တစ်ကိုယ်ရေသန့်ရှင်းရေး သတိပြုပါ။ အစားအစာများကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြော ခြင်းကို ဆောင်ရွက်ပါ။
အစားအစာများအား မချက်ပြုတ်မီ သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပါ။
ဆူပွက်သည်အထိ ကျိုချက်ထားသည့်ရေ သို့မဟုတ် ရေသန့်စင်ဆေးပြား အသုံးပြုသန့်စင်ထားသည့်ရေ သို့မဟုတ် FDA အသိ အမှတ်ပြုရေသန့်ကို သောက်သုံးပါ။
အစားအစာများအား အစိမ်းစားသုံးခြင်းမှရှောင်ကြဉ်ပါ၊ ယင်နားစာများကို စားသုံးခြင်းမှရှောင်ကြဉ်ပါ။
အိမ်သာနှင့် မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရန် သတိပြုပါ၊ ယင်လုံအိမ်သာသုံးစွဲပါ။
ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် အနည်းဆုံး ၁၀ ရက်ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအားရပ်နားပါ။
အချုပ်ဆိုသော် မိမိတို့ လက်တစ်ကမ်းတွင် အသည်းရောင်အသားဝါဗိုင်းရပ်စ် (အေ) ရောဂါပိုး များ ရှိနေနိုင်ပြီး ရောဂါပိုးဝင်တိုင်း သိသိသာသာ လက္ခဏာမပြ၍ သတိမထားမိခြင်းသာဖြစ်သည်။ ရောဂါ ရှိ၊ မရှိကို ဆေးစစ်ကြည့်လျှင်သိနိုင်သည်။ ဝေဒနာသည်အများစုသည် ရက်သတ္တလေးပတ်မှ ရှစ်ပတ်အကြာတွင် သူ့အလိုလို ရောဂါပျောက်သွားတတ်သည်။ ကိုယ်ဝန်ဆောင်များအတွက် စိုးရိမ်ရသဖြင့် သတိရှိစေလိုပါသည်။ သို့ပါ၍ ဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်းစသည့် အသည်းရောင်အသားဝါ (အေ) ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါရန် သတိပေးလိုပါသည်။ ။
Source: www.moi.gov.mm