ပိန္နဲသီးနှင့် ကျန်းမာရေး အစွမ်း
Posted_Date
Image

Body
အနံ့အရသာနှင့်ပြည့်စုံပြီး အသားထူသော Mulberry မျိုးနွယ်ဝင် ပိန္နဲသီးပင်ကို ဘီစီ ၂ဝဝဝ ခန့်ကတည်းကစ၍ အိန္ဒိယနိုင်ငံတောင်ဘက်ပိုင်းတွင် စတင်တွေ့ရှိခဲ့သည်။ ယခုအခါ အရှေ့တောင်အာရှ နိုင်ငံများမှာသာမက အပူပိုင်း စိုစွတ်သော ဒေသများဖြစ်ကြသည့် ဂျမေကာ၊ ထရီနီးဒတ်နှင့် အာဖရိကအရှေ့ပိုင်း တို့မှာလည်း ကျယ်ပြန့်စွာတွေ့ရှိရသည်။
ယနေ့ကမ္ဘာပေါ်တွင် မလေးရှားနိုင်ငံ၏ ပိန္နဲသီးသည် အရသာအကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့သစ်သီး ဈေးကွက်တွင် လူကြိုက်များ၍ နိုင်ငံခြားဝင်ငွေ အမြောက်အမြားရရှိနေပြီဖြစ်သည်။
ပိန္နဲပင်တို့သည် ကမ္ဘာ့အကြီးဆုံး သီးနှံပင် အမျိုးအစားဖြစ်ကာ အစိမ်းရောင် နှစ်ရှည်ခံပင်များဖြစ်ကြသည်။ သူရှင်သန် ပေါက်ရောက်ရာဒေသနှင့် အမျိုးအစားပေါ် မူတည်ကာ တစ်ခါတစ်ရံတွင် ၉ဝ စင်တီမီတာအထိ မြင့်သော အပင်ကြီး များကို တွေ့ရတတ်သည်။ အပင်၏ ပင်စည်ထဲမှာသာမက အရွက်နှင့် အသီးထဲရှိ အူလယ်တိုင်များမှာလည်း အဖြူရောင် အစေးများ ပါရှိကြသည်။
အသီးပုံသဏ္ဌာန် အမျိုးမျိုးရှိတတ်ပြီး အရွယ်အစားမှာ ၁၅ ကီလိုမှ ၅ဝ ကီလိုအထိ ရှိတတ်သည်။ သစ်သီးများ ထုံးစံ အတိုင်း မမှည့်ခင်မှာ အခွံစိမ်းဖြစ်ပြီး မှည့်လာသောအခါ အဝါရောင်သန်းကာ ရနံ့လည်း မွှေးလာသည်။ မမှည့်ခင် အသီး ထဲရှိအသားမှာ ဖြူဖျော့ဖျော့နှင့် အချိုပေါ့သည်။ အသီးအမြန်မှည့်စေရန် အသီး၏အညှာရိုးတံ နားကပ်ပြီး သစ်သား တုတ်ချောင်း ရိုက်ထည့်ပေးရပြီး မြန်မာအယူအဆအရ “သပ်ရိုက်တယ်” ဟုခေါ်သည်။ အသီးမှည့်လာသောအခါ အခွံပျော့ လာပြီး အထဲရှိ အသားမှာအဝါရောင် ဖြစ်ကာ မွှေးကြိုင်ချိုမြ၍ အလွန်အရသာကောင်းသည်။
ပိန္နဲသီးနှင့်ကျန်းမာရေး
ပိန္နဲသီးသည် အနံ့အရသာရှိရုံမျှမက လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ဖြစ်ကြသည့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သီအာမင်၊ ရီဘိုဖလာဗင်၊ နီအာစင်း၊ မဂ္ဂနီစီယမ်၊ ဇင့် စသည်တို့ အမြောက်အမြားပါရှိသည့်အပြင် ဘေးဥပဒ်ဖြစ်စေသော ကယ်လိုရီပမာဏ ပါဝင်မှုနည်းကာ ကြေညက်လွယ်သော အမျှင်ဓာတ် အလုံအလောက်ပါရှိနေသည်။ ၎င်းအစွမ်းသတ္တိများက လူကိုခွန်အားဖြစ်စေသည်။
အသီးသာမက အစေ့နှင့်အမြစ်တို့ကလည်း ဆေးဖက်ဝင်ကြသည်။
ပိန္နဲသီးတွင် လူကိုအကျိုးပြုစေသော ဗီတာမင်စီ များစွာပါဝင်သဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးကဲ့သို့ ဗိုင်းရပ် ရာသီဖျား များနှင့်ပြင်ပဘက်တီးရီးယားပိုး အမျိုးမျိုးတို့ မကူးစက်နိုင်အောင် ကာကွယ်ပေးသည်။
ထို့ပြင် သွေးဖြူဥဆဲများကို ကောင်းကျိုးပြု၍ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်နေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကို ပိန္နဲသီး တစ်ခွက်စာထဲမှာ အလုံအလောက် ရရှိ နိုင်သည်။
ပိန္နဲသီးတွင် ဗီတာမင်စီ နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်သော Phytonutrients များ၊ Lignans, Isoflavones နှင့် Saponins ဓာတ်များ ပါရှိကြသည်။ ၎င်းဓာတ်များက ခန္ဓာကိုယ် ထဲမှာ ကင်ဆာဖြစ်လာမှုကို အားပေးသည့် Free radicals များကို ဖယ်ရှားသုတ်သင်ရုံမျှမက ခန္ဓာကိုယ်ထဲရှိ ကင်ဆာဖြစ်စေနိုင်သော ဆဲလ်များကို ကာကွယ်ပေးသည်။
ပိန္နဲသီးတွင် အမျှင်ဓာတ်များစွာ ပါရှိခြင်းကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ အူကို ကောင်းစွာ အလုပ်လုပ်စေသဖြင့် ဝမ်းမှန်စေသည့်အပြင် အူအမြှေးပါးတွေကို ကျန်းမာစေကာ အူမကြီးကင်ဆာ မဖြစ်စေနိုင် တော့ပေ။ ပိန္နဲသီးမှာ ခန္ဓာကိုယ်တွင်း ဖက်ခွက်နာ၊ ပြည်တည်နာများ မဖြစ်အောင် ကာကွယ်ပေးသည့် အာနိသင်များ ပါရှိနေ၍ အစာအိမ်နာ နှင့် အူလမ်းကြောင်း ရောဂါဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်သည်။
ပိန္နဲသီးတစ်ခွက်စာ ပမာဏထဲတွင်ပါရှိသော ဗီတာမင်အေသည် မုန်လာဥနီ တစ်ခွက်စာထဲတွင် ပါရှိမှု၏ လေးပုံ တစ်ပုံဖြစ်သည်။ ထို့ကြောင့် ဗီတာမင်အေ ပေါကြွယ်ဝသော ပိန္နဲသီးကိုစားပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အမည်းရောင် အစက်အပြောက်များပေါ်ခြင်းနှင့် ကြက်မျက်သင့်ရောဂါစသည့် မျက်ကြည်လွှာ အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်သည်။
ပိန္နဲသီးတွင် ဖရက်တို့နှင့် ဆူးခရို့ကဲ့သို့ အသီးအနှံမှရသော သဘာဝသကြားဓာတ်တွေ ပါဝင်နေသဖြင့် ပိန္နဲသီး စားပြီးသည် နှင့် တစ်ပြိုင်နက် သိသိသာသာ ခွန်အားတိုးပွားလာစေမည်ဖြစ်သည်။
ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေသော ပြည့်ဝဆီနှင့် ကိုလက်စထရော လုံးဝမပါရှိပေ။
ထို့ကြောင့် နှလုံးကို ကျန်းမာစေသည်။
ပိန္နဲသီးမှာ ဗီတာမင် B-6 ပါရှိ၍ သွေးထဲရှိ Homocystein ပမာဏကို ချပေးနိုင်သည်။ ထို့ပြင် ပိုတက်စီယမ်ဓာတ် ပါဝင်သဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်စေကာ ရုတ်တရက် သွေးပေါင်တက်ခြင်း၊ ကျခြင်းတို့ မဖြစ်စေနိုင်ပေ။ ထို့ပြင် သွေးတိုးကျစေပြီး သွေးတိုးရောဂါနှင့် ဆက်စပ်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်ပေါ်မှု အလားအလာကို နည်းပါးစေသည်။
ပိန္နဲသီးထဲရှိ ပိုတက်စီယမ်သည် ငှက်ပျောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်၏ ထက်ဝက်မျှပမာဏ ပါရှိသဖြင့် အရိုး များကို ကျန်းမာသန်စွမ်းစေသည်။ ထို့ပြင် ပိန္နဲသီးထဲတွင် မဂ္ဂနီစီယမ်ဓာတ်ပေါကြွယ်ဝသဖြင့် ကယ်စီယမ်စုပ်ယူခြင်းကို အားပေးသည့်အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေသည်။ ဗီတာမင်ဒီ နှင့် ဟော်မုန်း ပြောင်းလဲခြင်းကြောင့်ဖြစ်တတ်သော အရိုးကြွပ်ဆတ်ရောဂါ၊ အရိုးပါးရောဂါနှင့် အရိုးအလွယ်တကူ ကျိုးခြင်းတို့မှ ကာကွယ်ပေးသည်။ ကလေးငယ်များ အရိုးသန်စွမ်းစေရန်အတွက် ပိန္နဲသီးက အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်သည်။ သံဓာတ်ပါရှိသဖြင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် ထဲရှိသွေးများကို ကောင်းစွာ လည်ပတ်စီးဆင်း စေသည်။
ပိန္နဲသီးထဲတွင်ပါရှိနေသော ကော့ပါးသတ္တုဓာတ်များက သိုင်းရွိုက်၏ ဇီဝကမ္မ လုပ်ဆောင်ချက်များကို ကောင်းစွာ အကျိုးသက်ရောက်မှုဖြစ်စေသည်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးတွင်ပါဝင် ကူညီပေးသဖြင့် သိုင်းရွိုက်ကို ကျန်းမာစေသည်။
ပိန္နဲသီးထဲတွင် ကယ်လိုရီနှင့် အဆီဓာတ်ပမာဏ ပါဝင်မှုလွန်စွာ နည်းပါးသဖြင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်း လိုသူများအတွက် အထူးသင့်လျော် ကောင်းမွန်သည်။သွေးမတိတ်ရောဂါ ဝေဒနာသည်များကို ကောင်းကျိုးပြုပါသည်။ ထို့ပြင် သွေးမတိတ်နာများ နှင့် အနာမကျက်ဘဲ မြုံနေသော ယဉ်းနာများကို ပိန္နဲသီး အသားဖြင့်အုံပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ပိန္နဲသီးထဲတွင် ဗီတာမင်စီနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိနေ၍ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးမှုမှ ကာကွယ်ပေးသည်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။ ပိန္နဲသီးသည် စိတ်ဖိစီးခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို ကောင်းစွာ ပျောက်ကင်းစေသည်။ ခံတွင်း ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည်။
ပိန္နဲသီးအစေ့နှင့် ကျန်းမာရေး
ပိန္နဲသီးအစေ့ကို ပြုတ်စားပါက သွေးလေလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ဝမ်းချုပ်ခြင်းမှ သက်သာခြင်း၊ခန္ဓာကိုယ်တွင်း အညစ်အကြေး စင်ကြယ်ခြင်း၊ အသားအရေကြည်လင်ခြင်း၊ ကင်ဆာဆဲလ်များကို တိုက်ဖျက် ပေးနိုင်ခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ပိန္နဲသီးအစေ့ တစ်စေ့ကို နွားနို့အေးအေး ထဲမှာ ခေတ္တစိမ်ထားပြီးနောက် အနှစ်ဖြစ်လာသည်အထိ ကြိတ်ခြေပါ။
မျက်နှာပေါ်ရှိ အရေးအကြောင်းများပေါ်သို့ ၎င်းအနှစ်ဖြင့် သုတ်လိမ်းပေးခြင်းအားဖြင့် ရက်သတ္တလေး ပတ်အကြာ အသားအရေ သိသိသာသာ ထူးခြားကောင်းမွန်လာစေနိုင်သည်။ မျက်နှာပေါ်ရှိ အမာရွတ်များ အတွက် ပိန္နဲသီးအစေ့ကို အခြောက်ခံပြီးနောက် နွားနို့၊ ပျားရည်တို့ဖြင့် အနှစ်ရအောင်ကြိတ်ခြေ၍လိမ်းပေးပါ။
ပိန္နဲသီးပင်အမြစ်နှင့် ကျန်းမာရေး
ပိန္နဲသီးပင်အမြစ်မှ ထုတ်ထားသော အဆီသည် ဝမ်းလျှောဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေသည်။
ပိန္နဲသီးပင် အမြစ်ဟာ အရေပြားပေါ်မှာဖြစ်တတ်သည့် ရောဂါတော်တော်များများကို ပျောက်ကင်းစေသည်။
သနပ်ခါးဖြင့်ရောလိမ်း၍သော်လည်းကောင်း၊ သူ့ချည်းသက်သက်သွေး၍သော်လည်းကောင်း လိမ်းကျံပေးနိုင်သည်။ ပန်းနာရင်ကျပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အပူကြီးဖျားနာခြင်းတို့အတွက် ပိန္နဲသီးပင်အမြစ်ကို ပြုတ်၍သော်လည်းကောင်း၊ သွေး၍သော်လည်းကောင်း သောက်သုံးပေးနိုင်သည်။
ပိန္နဲပင်နှင့်မျက်နှာပေါင်းတင် နည်းလမ်းနှစ်သွယ်
ပိန္နဲသီး၊ အရွက်နှင့် အပင်မြစ်တို့သည် အသားအရေကို ကျန်းမာစေသဖြင့် ယခုအခါ ၎င်းတို့ဖြင့် စီမံ ပြုလုပ်ထားသော ရေချိုးခရင်၊ ဆပ်ပြာရည်၊ မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်း နှင့် ခေါင်းလျှော်ရည် စသည်တို့ကို အလှကုန် ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။
ပိန္နဲသီးအရွက် ၁ဝ ရွက်ကို ရေစင်အောင်ဆေးပြီးနောက် ရေအနည်းငယ်ဖြင့် ညှစ်ချပါ။ ရရှိလာသော ပိန္နဲရွက် အရည် (သတ္တုရည်)ကို မျက်နှာအနှံ့ လိမ်းကျံပြီးနောက် အခြောက်ခံထားပါ။ ၁၅ မိနစ်ခန့်အကြာ ရေခပ်နွေးနွေးဖြင့် မျက်နှာ သစ်ပေးလိုက်ပါ။ အသားအရေ နူးညံ့သန့်စင် သွားစေပါလိမ့်မည်။ အစေ့ဖယ်ထားသော ပိန္နဲသီးမှည့် ငါးမြွှာ၏ အသား ကို ကြိတ်စက်ဖြင့်ကြိတ်ခြေပြီးနောက် ရရှိလာသော အနှစ်ကို သကြားစားပွဲတင် ဇွန်းနှစ်ဇွန်းရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာ ရေအေးအေးလေး ဖြင့် ဆေးကြောသန့်စင်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်လျှင် တစ်ကြိမ်လုပ်ပေးရုံမျှဖြင့် မျက်နှာအရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေလေး ဝင်းမွတ်တောက်ပလာပါလိမ့်မည်။ ပိန္နဲသီးအဆန်ကြီး၊ မကြီးကို အသီးခွံကြည့်ပြီး ခွဲခြားနိုင်သည်။ အပြင်က ပိန္နဲခွံဆူး တွေကြီးပြီး ကျဲနေလျှင် အသီးရင့်ပြီး အဆန်ပြည့်ပါသည်။ အခွံဆူးတွေ စိပ်ပြီးသေးနေလျှင် အသီးနုပြီး အဆန်ကျဲ ပါသည်။
ပိန္နဲသီးအစေးသည် အလွန်စေးကပ်သဖြင့် အဝတ်အစားများ စွန်းထင်းပါက ရေဖြင့်မည်မျှပင် ဆေးကြောပါသော်လည်း မပြောင်နိုင်တော့ပေ။ အသီးခွံကို ခွဲသည့်အခါ အစေးများ ကပ်မနေစေရန်အတွက် လက်နှင့် ဓားတို့ကို ဦးစွာ ဆီသုတ် လိမ်းပါ။ အစေးများ လက်ပေါ်ပေသွားပါက လက်ကို ဆန်အိုးထဲထည့်ပြီး ဆန်စေ့များဖြင့် ပွတ်သပ်ပေးပါ။
သတိပြုရန်
- ပိန္နဲသီးကို ပျားရည်နှင့် တွဲဖက်စားမိပါက အော့အန်တတ်သည်။
- ဆီးချိုရောဂါသည်များ မစားသင့်ပါ။
- ကိုယ်ဝန်ဆောင်သည်များနှင့် အမျိုးသမီးများ ဓမ္မတာလာစဉ်တွင် ပိန္နဲသီးကို အလွန်အကျွံမစားသင့်ပေ။ estrogen hormone ကို ပျက်စီးစေနိုင်ပါသည်။
- ပိန္နဲသီးသည် ပင်ကိုသဘာဝအရ ကြေညက်ခဲသော အစာဖြစ်၍ ညက်ညက်ဝါးစားပါ။ အစာအိမ်ရောဂါသည်များ အလွန်အကျွံ စားပါက အစာကို ချေဖျက်ပေးသည့် အက်စစ်ဓာတ်များ တဖြည်းဖြည်း တိုးပွားလာကာ အစာအိမ် သွေးကြောပေါက်ခြင်း ဖြစ်တတ်သည်။
- ပိန္နဲသီးအပါအဝင် အစေးပါသော သစ်သီးများက အပူဓာတ်ဖြစ်၍ အလွန်အကြူး မစားသင့်ပေ။
အချုပ်အားဖြင့်ဆိုသော် ပိန္နဲသီးသည် အနံ့၊ အရသာနှင့်ပြည့်စုံသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင် ဓာတ်စာ တစ်မျိုးလည်း ဖြစ်ပေသည်။ သို့သော်မည်သည့်အစားအစာကိုမဆို တန်ဆေးလွန်ဘေးဖြစ်တတ်၍ အလွန်အကျွံ မစားသင့်ပေ။ ကျန်းမာရေးအတွက် အရေးကြီးသော အာဟာရဓာတ်ပြည့်ဝ ကစီဓာတ်၊ ဗီတာမင် နှင့် သတ္တုဓာတ်တို့ အများအပြားပါဝင်နေသော အံ့မခန်း ပိန္နဲသီးကို သဘာဝ၏ အာဟာရအဖြစ် သင့်တင့်မျှတစွာစားသုံးကြရန် တိုက်တွန်း လိုက်ရပါသည်။