၂၀၂၅ အလွန် မြန်မာနိုင်ငံအား ရည်မျှော်သည့် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲတစ်ရပ် နေပြည်တော်တွင် ခမ်းခမ်းနားနားကျင်းပမည်
Posted_Date
Image

Body
ရုရှား၊ အိန္ဒိယ၊ တရုတ်၊ အီတလီ၊ ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ထိပ်တန်းပညာရှင်များနှင့် သုတေသီများက ၂၀၂၅ အလွန်ကာလအား ရည်မျှော်ပြီး မြန်မာနိုင်ငံကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေ့ဆက်သွားရမည့် လမ်းပြမြေပုံအား ဦးနှောက်မုန်တိုင်းဆင်ကာ ဆွေးနွေးကြမည်ဖြစ်သည်။ နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၊ အတတ်ပညာရှင်များ၊ သံတမန်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထင်ရှားသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြမည့် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ခမ်းခမ်းနားနားကျင်းပလျက်ရှိပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး မကြာသေးမီက ဖွဲ့စည်းထားသည့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က စီစဉ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသည် ကမ္ဘာ့စနစ်တွင် အရေးကြီးသော ပါဝါရွှေ့ပြောင်းမှုများဖြစ်နေချိန်တွင် ကျင်းပခြင်းလည်း ဖြစ်သည်။ ဆွေးနွေးပွဲ၏ခေါင်းစဉ်ကို ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲဟု အမည်ပေးထားသည်။
ကမ္ဘာ့စနစ်သည် လွန်ခဲ့သည့် လအနည်းငယ်အတွင်းကပင် သိသိသာသာပြောင်းလဲလာခဲ့ရာ စိန်ခေါ်မှုအသစ်များ ကြုံတွေ့ရနိုင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်ဆိုလျှင်လည်း ၂၀၂၅ ခုနှစ်အလွန်ကာလတွင် အပြုသဘောဆောင်သည့် အသွင်ကူးပြောင်းမှုများ ပြုလုပ်နိုင်မည်ဖြစ်ရာ အခွင့်အလမ်းသစ်များလည်း ရရှိနိုင်သည်။
ဗဟုဝင်ရိုးကမ္ဘာခေတ်သည် အားကောင်းမောင်းသန်နှင့် ပေါ်ထွက်လာခဲ့
ဧကဝင်ရိုးကမ္ဘာမှ ဗဟုဝင်ရိုးကမ္ဘာသို့ ပါဝါပြောင်းရွှေ့မှုသည် နက်နက်ရှိုင်းရှိုင်းပြောင်းလဲနေခြင်းဖြစ်သည်။ ဗဟုဝင်ရိုးကမ္ဘာခေတ်သည် မကြာသေးမီနှစ်များ၊ လများအတွင်းကတည်းက အားကောင်းမောင်းသန်နှင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဥရောပနှင့် အမေရိကန်တို့နည်းတူ အိန္ဒိယ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ကဲ့သို့သော Civilizational States တို့သည် ကမ္ဘာ့အထိုင်သစ်တွင် ဝင်ရိုးများအဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ BRICS-plus, SCO, ASEAN နှင့် Gulf Cooperation Council (GCC) တို့သည် ကမ္ဘာလုံးဆိုင်ရာမြင်ကွင်းအား ပုံဖော်ရာတွင် အလွန်အရေးပါ အရာရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
တစ်နည်းအားဖြင့် ဧကဝင်ရိုးကမ္ဘာခေတ်သည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပါဝါတို့သည် ပြန့်ကြဲလာခဲ့ပြီဖြစ်သည်။ ပလေယာအသစ်များနှင့် အဖွဲ့အစည်းသစ်များသည် မိုးကုပ်စက်ဝိုင်းအောက်တွင် ဟိုနေရာဒီနေရာမှ ပေါ်ထွက်လာခဲ့ပြီး အထက်တန်းစားနေရာများတွင် ရရှိရန်တောင်းဆိုလာကြသည်။ ယူကရိန်းပဋိပက္ခသည် အရှိန်ကျလာနေပြီဖြစ်သည်။ အဓိကအားဖြင့် အမေရိကန်နှင့်ရုရှားတို့သည် အတူလက်တွဲအလုပ်လုပ်လာကြသည်။ အတ္တလန္တိတ်မဟာမိတ်တို့မှာမူအတွင်းပိုင်း၌ အက်ကြောင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
အထိုင်ဟောင်းသည် အရေခွံလဲရန် လိုအပ်လာပြီဖြစ်ရာ ကမ္ဘာ့အထိုင်သစ်တစ်ခုဖန်တီးရန် ဗဟုဝင်ရိုးကမ္ဘာမှ အင်အားကြီးနိုင်ငံများနှင့် Global South မှ နိုင်ငံများအကြား ဆွေးနွေးကြမည့် Yalta 2.0 ဖြစ်ပေါ်လာရေးအတွက် တရားမျှတမှုကို အပူတပြင်းတောင်းဆိုနေကြပြီဖြစ်သည်။ အဆိုပါဆွေးနွေးမှုသည် ခရိုင်းမီးယားရှိ နာမည်ကျော်မြို့ တစ်မြို့တွင် ဒုတိယကမ္ဘာစစ်မပြီးခင်က ကျင်းပခဲ့သည့် Yalta 1.0 က ချမှတ်ခဲ့သည့် အထိုင်ဟောင်းနေရာတွင် အစားထိုးဝင်ရောက်လာမည်ဖြစ်သည်။ ယင်းမှာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ထိုစဉ်က ဧကဝင်ရိုးအထိုင်နှင့် စစ်ပြီးခေတ်ဒွိဝင်ရိုးကမ္ဘာတွင် ပထမဆုံးထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက်သမ္မတအဖြစ် တစ်ကျော့ပြန်ရောက်ရှိလာခဲ့ရာ ကစားပွဲကို လုံးဝပြောင်းလဲစေခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအတွက်ဆိုပါက ခမ်းနားသည့် အခွင့်အလမ်းသစ်များ ရရှိလာစေရန် လမ်းပွင့်စေခဲ့သည်။ စတုတ္ထနိုင်ငံရေးသီအိုရီကို ဖော်ထုတ်ရေးသားခဲ့သူ ရုရှားတွေးခေါ်ပညာရှင် Alexander Dugin သည် ယခုကွန်ဖရင့်တွင် မိန့်ခွန်းတစ်ရပ်ပြောမည်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ထုထည်ကြီးမားသော ရှေးရိုးစွဲတော်လှန်ရေးတစ်ရပ်ကိုစတင်ခဲ့ရာ ယခုဆိုလျှင် အမေရိကန်ကိုကျော်လွန်ပြီး ဥရောပကိုပင် ရောက်ရှိပျံ့နှံ့ရန် ရည်ရွယ်ထားပုံရပါသည်။
အမြစ်ကနေဖြိုလှဲရန် ဦးတည်ချက်ထား
အချုပ်အခြာပိုင်နိုင်ငံများက ခုခံသည့်အချိန်တွင် အစိုးရအပြောင်းအလဲဖြစ်အောင် ပြုလုပ်ပြီး တစ်ခုတည်းသော အင်အားကြီးနိုင်ငံ တည်ဆောက်မည်ဆိုသည့် အယူဝါဒရေးရာတစ်ရပ် သို့မဟုတ် ကမ္ဘာပြုမှုအပေါ် သမ္မတဒေါ်နယ်ထရမ့်က တိုက်ခိုက်ဖြိုလှဲနေခြင်းတို့နှင့် ပတ်သက်၍လည်း ယခုဆွေးနွေးပွဲတွင် ဆွေးနွေးကြဖွယ်ရှိသည်။ သမ္မတဒေါ်နယ်ထရမ့်သည် ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့် မိသားစုတို့အပေါ်တိုက်ခိုက်မှု၊ Woke Culture ၊ Cancel Culture ၊ LGBTQ စသည့် ကမ္ဘာပြုမှုဖြစ်စဉ်၏ ယဉ်ကျေးမှုဆိုင်ရာဒိုင်မန်းရှင်းများကို အမြစ်ကနေ ဖြိုလှဲရန် ဦးတည်ချက်ထားနေပါသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသည့် BURMA Act ကို အကောင်အထည်ဖော်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် USAID အေဂျင်စီကဲ့သို့သော အင်စတီကျူးရှင်းများကို သမ္မတဒေါ်နယ်ထရမ့်တစ်ကျော့ပြန်တက်လာချိန်တွင် ရုတ်တရက်ကျဆင်းသွားခဲ့ခြင်းကနေ မြန်မာနိုင်ငံအနေဖြင့် မည်သို့သော အခွင့်အလမ်းများရရှိနိုင်ကြောင်း ယခုဆွေးနွေးပွဲတွင် ဦးနှောက်မုန်တိုင်းဆင်ကာ ဆွေးနွေးကြဖွယ်ရှိသည်။
ဘဏ္ဍာရေးအရကြည့်ပါက BURMA Act သည် ၎င်းတို့အခေါ် ဒုက္ခသည်ကူညီထောက်ပံ့ရေး၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင် စခန်းချနေသူများအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း ထောက်ပံ့ပေးခဲ့သည်။ ယင်းတို့အထဲမှ လူကိုသေစေနိုင်သည့်အကြောင်း အချက်များနှင့်မဆိုင်သော အထောက်အပံ့ Non-Lethal assistance ဆိုသည့် ခေါင်းစဉ်အောက်တွင် တလွဲအသုံးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG နှင့် PDF တို့ကို အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ပေးခဲ့သည်။
ပညာရှင်များက ဆွေးနွေးအဖြေရှာကြမည်
ပြောင်းလဲလာနေသည့် ကမ္ဘာလုံးဆိုင်ရာအခြေအနေများသည် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အခွင့်အလမ်းသစ်များ မည်သို့ရရှိနိုင်သည်၊ ၂၀၂၅ အလွန်တွင် ခမ်းနားသည့် အသွင်ကူးပြောင်းမှုအတွက် မည်သို့သောလမ်းကြောင်းများ ပေါ်ပေါက်လာနိုင်သည်ကို တက်ရောက်လာကြသည့် ပညာရှင်များက ဆွေးနွေးအဖြေရှာကြမည်ဖြစ်သည်။
ကသောင်းကနင်းဖြစ်နေသည့် ကမ္ဘာ့အပြောင်းအလဲတွင် နိုင်ငံစုံအဖွဲ့အစည်းနှစ်ခုဖြစ်သည့် ASEAN နှင့် BRICS+ နှင့်အတူ အိန္ဒိယ၊ တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်သည့် ပလေယာလေးဦးနှင့် ထိတွေ့ဆက်ဆံခြင်းသည် အဓိကသော့ချက်ဖြစ်နိုင်သည့် ပထဝီနိုင်ငံရေး ဗိသုကာအဆောက်အအုံကို ပြန်လည်တည်ဆောက်နိုင်သည့် အခွင့်အလမ်းသစ် မြန်မာနိုင်ငံရရှိနိုင်မည် လားဆိုသည်ကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ဆွေးနွေးကြဖွယ်ရှိသည်။
အခြားရည်ရွယ်ချက်များလည်း ရှိကောင်းရှိနိုင်ပါသည်။ မြန်မာနိုင်ငံသည် အနာဂတ်တွင် ချမ်းသာကြွယ်ဝမှုရရှိစေရေးအတွက် ပထဝီနိုင်ငံရေးအားသာချက်ကို အသုံးချနိုင်မည်လား စသည်တို့ကိုလည်း ဆွေးနွေးနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးသာရရှိပါက အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ရထားလမ်းစီမံချက်ဖြစ်ပေါ်လာစေရေး ကြိုးပမ်းနိုင်မည်ဖြစ်ပြီး ယင်းလမ်းကို ဗီယက်နမ်နိုင်ငံအထိ ဆွဲဆန့်နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအနေဖြင့် တရုတ်−မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အိန္ဒိယနိုင်ငံအထိ တိုးချဲ့ရန်ကြိုးပမ်းနိုင်ပါသည်။ သို့သော် အဆိုပါအချက်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် Kazan BRICS ထိပ်သီးဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးပုံမှန်အခြေအနေ ရောက်လာသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် လေးလေးနက်နက် ဆွေးနွေးပြောဆိုရန် လိုအပ်ပါလိမ့်မည်။
ရေကြောင်းလမ်းကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် စစ်တွေနှင့် ကျောက်ဖြူဆိုသည့် အဓိကရေနက်ဆိပ်ကမ်းနှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ အဆိုပါရေနက်ဆိပ်ကမ်းများသည် ဘင်္ဂလားပင်လယ်အော် ရေလမ်းကြောင်းတစ်လျှောက် အချက်အချာကျသည့် နေရာတွင် ကုန်သွယ်သင်္ဘောလိုင်းများကိုဆွဲဆောင်နိုင်စွမ်းရှိပါသည်။ ထို့ပြင် ရုရှားနှင့် အိန္ဒိယနိုင်ငံအကြား ဗလာဒီဗော့စတော့နှင့် ချင်နိုင်းသင်္ဘောလိုင်းများ ခုတ်မောင်းခြင်းနှင့်အတူ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်း သင်္ဘောလိုင်းများ ကူးပြောင်းမှု ဗဟိုချက်အဖြစ် အဆိုပါဆိပ်ကမ်းများ၏ အရေးပါမှုကို မြှင့်တင်ပေးနိုင်သည်။
ဗုဒ္ဓဘာသာအဝန်းအဝိုင်းတွင် အရေးပါအရာရောက်သည့် နေရာတစ်ခုဖြစ်လာနိုင်
နောက်ဆုံးတစ်ချက်မှာ ၂၀၂၅ အလွန် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားမြေပုံပေါ်တွင် ပုဂံအပါအဝင် ကမ္ဘာကျော်သမိုင်းဝင်နေရာများကို ထုတ်ဖော်ပြသခြင်းဖြင့် ပထဝီယဉ်ကျေးမှုဆိုင်ရာ အချက်အချာနေရာအဖြစ် ပေါ်ထွက်လာစေရေးကြိုးပမ်းနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဗုဒ္ဓဘာသာအဝန်းအဝိုင်းတွင် အရေးပါအရာရောက်သည့် နေရာတစ်ခုဖြစ်လာနိုင်သည်။
နိဂုံးချုပ်ရမည်ဆိုပါက ရုရှားတွေးခေါ်ပညာရှင် ပါမောက္ခ Dugin ၊ တရုတ်နိုင်ငံ ဖူဒန်တက္ကသိုလ်မှ ပါမောက္ခ Zhang Wei ၊ အိန္ဒိယနိုင်ငံ Vivekanand International Foundation (VIF) မှ အကြီးတန်းသုတေသီ Vinod Anand ၊ နီပေါဝန်ကြီးချုပ်ဟောင်း H.E Mr. Madhav Nepal ၊ ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Sihasak Phuangketkeow နှင့် အခြားထိပ်တန်းပညာရှင်များ၊ နိုင်ငံတကာဆက်ဆံရေးပညာရှင်များသည် မြန်မာနိုင်ငံအနေဖြင့် ဗဟုဝင်ရိုးကမ္ဘာအထိုင်သစ်ထဲသို့ ဝင်ရောက်လာခြင်းသည် ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုအတွက် မမျှော်လင့်ထားသည့် အခွင့်အလမ်းများ၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုကို ရှေ့ဆောင်လမ်းပြနိုင်မည့် နောက်ထပ်သမိုင်းဝင်အခွင့်အရေးတစ်ရပ်ရှိနိုင်မည်လားဆိုသည်ကို ပထမဆုံးအကြိမ် လူသိရှင်ကြားဆွေးနွေးကြမည်ဖြစ်သည်။ ။
Source: www.moi.gov.mm