ပြည်သူအတွက် မော်ကွန်းတိုက်ရဲ့ ခြေလှမ်းသစ်

Posted_Date

Image

ပြည်သူအတွက် မော်ကွန်းတိုက်ရဲ့ ခြေလှမ်းသစ်

Body

မော်ကွန်းတိုက် စတင်တည်ထောင်

တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့သမိုင်းဆိုင်ရာမှတ်တမ်းများ၊ အမျိုးသားရေးမော်ကွန်းဝင်မှတ်တမ်းများ၊ မြန်မာနိုင်ငံအစိုးရယန္တရားတစ်ခုလုံးနှင့် သက်ဆိုင်သည့် သမိုင်းဝင်မှတ်တမ်းများ ထာဝရမပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် ၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီကြေညာချက်အမှတ် ၉၇ အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်အား စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်ကတည်းက အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် မှတ်တမ်းနှင့် မော်ကွန်းများကို စနစ်တကျထိန်းသိမ်းရာဌာန တစ်ခုဖြစ်ပါသည်။

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသည် တိုင်းပြည်တစ်ပြည်၏ အရေးကြီးသော စာရွက်စာတမ်းများ၊ သမိုင်းဝင်အထောက်အထားများ၊ အစိုးရလုပ်ငန်းနှင့် သက်ဆိုင်သော အချက်အလက်များကို လုံခြုံစွာစနစ်တကျ ထိန်းသိမ်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထိန်းသိမ်းထားသည့် အထောက်အထားများအနေဖြင့် သမိုင်းဆိုင်ရာများ၊ အစိုးရစာတမ်းများ၊ ဥပဒေရေးရာစစ်တမ်းများ စသည်တို့ ပါဝင်ပါသည်။ ၎င်းတို့ကို အများပြည်သူများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ သမိုင်းပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပမှ သုတေသနပြုသူများ၊ ဥပဒေရေးရာဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ အသုံးပြုနိုင်သည်။

မော်ကွန်းတိုက်၏ အရေးပါမှု

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် ထိန်းသိမ်းထားသော အထောက်အထားများသည် တိုင်းပြည်၏ သမိုင်းနှင့် ယဉ်ကျေးမှုကို သိမြင်စေခြင်း၊ ဥပဒေပေါ်တွင် အခြေခံ၍ ရေးသားထားသည့် အထောက်အထားများကို ဖတ်ရှုနိုင်ခြင်း၊ နိုင်ငံအတွင်း တရားမျှတမှုတည်ဆောက်ရာတွင် အရေးကြီးခြင်း၊ သုတေသနလုပ်ငန်းများကို အထောက်အကူပြုပေးနိုင်ခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ရန် လိုအပ်ချက်များကို သုံးသပ်နိုင်ခြင်းနှင့် လူမှုစီးပွားတိုးတက်ရန်အတွက် တိုင်းပြည်၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းဖြင့် နိုင်ငံနှင့် ပြည်သူများအပေါ် များစွာအထောက်အကူပြုပါသည်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် တိုင်းပြည်၏ အနာဂတ်အတွက် အရေးကြီးပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို ရယူ၍ ပြန်လည်မျှဝေသော နေရာတစ်နေရာဖြစ်ပါသည်။

မော်ကွန်းတိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအစီအစဉ်

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် အသစ်ဖွဲ့စည်းသော ဌာနတစ်ခုဖြစ်သည့်အတွက် လိုအပ်သော နည်းပညာနှင့် ပစ္စည်းကိရိယာတို့ကို ၁၉၈၂ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ မော်ကွန်းတိုက်များ၌ ဦးဆောင်ဦးရွက်ပြုနေကြသည့် ပုဂ္ဂိုလ်များ၊ UNESCO ၏ အတိုင်ပင်ခံ (Consultants) များ၊ UNESCO မှ အကြံပေးပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်အင်အားဖြည့်တင်းရေးစီမံချက် (Streng-thening of National Archives Project) ဖြင့် လုပ်ငန်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာများကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့သည်။ ထိုစီမံချက်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်အတူ UNESCO မှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး အဆင့်မြင့်အရာထမ်းများအား အင်္ဂလန်၊ သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယနိုင်ငံ မော်ကွန်းတိုက်များသို့ သွားရောက်လေ့လာစေခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများရရှိစေရန် ကဏ္ဍအသီးသီးတွင် အဆင့်ဆင့်ဦးဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများစွာတို့အား ပြည်ပသို့ စေလွှတ်လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် မော်ကွန်းတိုက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော စက်ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

၁၉၈၄ ခုနှစ်တွင် ပြည်ပ၌ မှတ်တမ်းရယူစုဆောင်းရေးဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ်အပါအဝင် အဆင့်မြင့်အရာရှိကြီးများက အင်္ဂလန်၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်စသည့်ဖွံ့ဖြိုးပြီး နိုင်ငံများသို့ သွားရောက်၍ မှတ်တမ်းများ ရယူစုဆောင်းသိမ်းဆည်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ထိုနိုင်ငံများ၏ မော်ကွန်း၊ မှတ်တမ်းစီမံခန့်ခွဲခြင်းတို့ကိုပါ လေ့လာခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များ ကောင်စီ (ICA) အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အရှေ့တောင်အာရှဒေသဆိုင်ရာ မော်ကွန်းတိုက်များကောင်စီ (SARBICA) အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

အောင်မြင်မှုမှတ်တိုင်

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ ဂုဏ်သိက္ခာအကြီးမားဆုံးမှတ်တိုင်တစ်ခုမှာ ၁၉၉၇ ခုနှစ်တွင် (၁၁) ကြိမ်မြောက် အရှေ့တောင်အာရှဒေသဆိုင်ရာ မော်ကွန်းတိုက်များကောင်စီညီလာခံကို မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူကျင်းပခဲ့ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ပညာရှင်အင်အား၊ ငွေကြေးအင်အား လိုအပ်ချက်များစွာရှိနေခဲ့သည်။

ထိုစဉ်က တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူးကြီး ဆရာကြီး စည်သူ ဒေါက်တာ သော်ကောင်း၊ စာပေထိန်းသိမ်းရေးနှင့် အမျိုးသားကော်မရှင်ဥက္ကဋ္ဌ သမိုင်းပါမောက္ခ ဆရာကြီးဦးထွန်း အောင်ချိန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး စည်သူဒေါက်တာ ခင်မောင်ညွန့်တို့က သဘာပတိများအဖြစ်လည်းကောင်း၊ ကျန်းမာရေးကိစ္စရပ်များကို ပါမောက္ခ ဒေါက်တာညွန့်သိန်းနှင့် အဖွဲ့ကလည်းကောင်း၊ ဌာနများက ပူးပေါင်းကာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည့်အတွက် (၁၁) ကြိမ်မြောက် အရှေ့တောင်အာရှဒေသဆိုင်ရာ မော်ကွန်းတိုက်များ ညီလာခံသည် ဒေသတွင်းရှိ မော်ကွန်းတိုက်များကပင် ချီးကျူးရသည်အထိ ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့သည်။

ရယူစုဆောင်း၊ ထိန်းသိမ်း၊ ဝန်ဆောင်မှုပေး

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် ပြည်သူများ အမှားအမှန်ပိုင်းခြားဝေဖန်နိုင်သော အသိပညာတိုးတက်မြင့်မားစေမည့် မော်ကွန်း၊ မှတ်တမ်းအထောက်အထားများကို စနစ်တကျထိန်းသိမ်းထားရှိပါသည်။ မြန်မာဘုရင် ခေတ်မှစ၍ ယနေ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ခေတ်အထိ နှစ်နိုင်ငံချုပ်ဆိုသည့် သဘောတူ စာချုပ်များ၊ နိုင်ငံတော်အဆင့် ညီလာခံများ၊ ဒေသန္တရစီမံကိန်းနှင့် ကဏ္ဍစီမံကိန်းများ၊ ဘဏ္ဍာငွေအရအသုံးစာရင်းများ၊ ပြန်တမ်းများ၊ နိုင်ငံတော်အကျိုးစီးပွားနှင့် သက်ဆိုင်သော အထောက်အထားများ၊ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ ဌာနများ၏ ဖွဲ့စည်းပုံများ၊ အစည်းအဝေးမှတ်တမ်းများ၊ အစီရင်ခံစာများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ၊ သုတေသနစာတမ်းများကို ထိန်းသိမ်းထားရှိပါသည်။ ၎င်းမော်ကွန်းမှတ်တမ်းအထောက်အထားများကို အစိုးရဌာနများ၊ ပြည်တွင်း၊ ပြည်ပသုတေသီများ၊ ကျောင်းသား ကျောင်းသူများနှင့် အထောက်အထားရှာဖွေလိုသူ ပြည်သူများ ရည်ညွှန်းကိုးကား အသုံးပြုနိုင်ရန်အတွက် စနစ်တကျထိန်းသိမ်းကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနတွင် သမိုင်းဝင်ရန္တပိုစာချုပ်၊ ပင်လုံစာချုပ်၊ အောင်ဆန်း - အက်တလီစာချုပ်၊ နု-အက်တလီစာချုပ်နှင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာစာတမ်းအစရှိသည့် အရေးကြီး စာချုပ်စာတမ်းများကို ထိန်းသိမ်းထားရှိပြီး မြန်မာနိုင်ငံပြန်တမ်းများအနေဖြင့် ၁၈၆၉ ခုနှစ်မှ ယနေ့အထိ ပြန်တမ်းများကို စနစ်တကျထိန်းသိမ်းထားရှိပါသည်။ မှတ်တမ်းများ စဉ်ဆက်မပြတ်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ်ညှိနှိုင်း၍ မှတ်တမ်းများ ရယူစုဆောင်းလျက်ရှိပါသည်။ ထိန်းသိမ်းထားရှိသော မှတ်တမ်းနှင့် မော်ကွန်းများကို အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေနှင့်အညီ သုတေသီများအား အချက်အလက်ရယူနိုင်ရေး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မော်ကွန်းတိုက်၏ ခြေလှမ်းသစ်

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ အဓိကလုပ်ငန်းတစ်ရပ်မှာ အထောက်အကူပြုဝန်ဆောင်မှု (Reference Services) ပေးခြင်း ပင်ဖြစ်သည်။ 'Preserve Today, Share Tomorrow' ဆိုသည့်အတိုင်း ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင်ခဲ့ရစဉ်ကတည်းက ကျောင်းသား ကျောင်းသူနှင့် သုတေသီများ မော်ကွန်းတိုက်မှ အထောက်အထားများကို လေ့လာနိုင်စေရန်အတွက် Website လွှင့်တင်၍ Online မှ ဝန်ဆောင်မှုပေးရန်ဆောင်ရွက်ခဲ့သည်။ ပြည်သူများအနေဖြင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ Website ဖြစ်သည့် www.nam.gov.mm တွင် မော်ကွန်းတိုက်ပိုင်စာရင်းဝင်မော်ကွန်း၊ မှတ်တမ်း e–Resources များကို ၉-၆-၂၀၂၀ ရက်မှစတင်၍ Online အသုံးပြုရှာဖွေနိုင်သည့် ဝန်ဆောင်မှုများကို ရယူဆောင်ရွက်ခဲ့ပါသည်။ စုဆောင်းထားသော မော်ကွန်း၊ မှတ်တမ်းအချက်အလက်များကို Website Home Page ရှိ Online အသုံးပြုရှာဖွေနိုင်မည့် Discover Archives တွင် အချိန်တိုအတွင်း လျင်မြန်လွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်ပါသည်။ www.nam.gov.mm Home Page ရှိ Discover Archives ၌ လွတ်လပ်ရေးမရမီခေတ် (၁၈၂၄ - ၁၉၄၈) မော်ကွန်းများကို  National Archives Information System Database ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်၍ စာဖတ်သူများအနေဖြင့် Archives Online တွင် ဝင်ရောက်ရှာဖွေ အသုံးပြုနိုင်ပါသည်။ မော်ကွန်းမှတ်တမ်းအထောက်အထားများကို Download ရယူလိုပါက Online Register ပြုလုပ်ပြီး e-Payment စနစ်ကို အသုံးပြု၍ ဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်ရန် မလိုအပ်ဘဲ Online ဖြင့် Download ရယူနိုင်မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ဖြစ်ပွားခဲ့စဉ်ကတည်းက လူနေမှုပုံစံပြောင်းလဲလာသည်နှင့်အညီ လိုက်လျောညီထွေရှိစေရန် သုတေသီဝန်ဆောင်မှုလုပ်ငန်းများကိုလည်း Online မှ ရှာဖွေအသုံးပြုနိုင်ရန်အတွက် ပုံစံသစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့သော မော်ကွန်းတိုက်သည် ယခု ၂၀၂၅ ခုနှစ် မတ်လတွင် နှစ်ပေါင်း ၅၃ နှစ် ရှိခဲ့ပြီဖြစ်သည်။ ရွှေရတုကျော်ကာလမှသည် စိန်ရတုဆီသို့ လျှောက်လှမ်းရာတွင် တစ်ချိန်က အရှေ့တောင်အာရှ နိုင်ငံများရှိ မော်ကွန်းတိုက်များအကြားရရှိခဲ့သည့် အောင်မြင်မှုများ တစ်ဖန်ပြန်လည်ရရှိစေရန်အတွက် “ပြည်သူများအားမှတ်တမ်းနှင့် မော်ကွန်းဆိုင်ရာ အသိပညာပြန့်ပွားစေခြင်း၊ အသုံးချမှုတိုးပွားစေခြင်းဖြင့် ကောင်းမွန်သော အစိုးရအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ ယနေ့အချိန်အထိ ပြည်သူ့အတွက် Online စာမျက်နှာသစ်ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေသည့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ ခြေလှမ်းသစ်များကို အများပြည်သူသိရှိစေရန် တင်ပြလိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်း

၁။ ဒေါ်ခင်ခင်ထွန်း၊ ညွှန်ကြားရေးမှူး (ငြိမ်း) အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ နှုတ်ပြောသမိုင်း၊

၂။ စည်သူဒေါက်တာသော်ကောင်း စာကြည့်တိုက်မှူး၊ (ငြိမ်း) တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၏ နှုတ်ပြောသမိုင်း၊

၃။ ဒေါ်တင်ဘုန်းနွယ်စာကြည့်တိုက်မှူး၊ (ငြိမ်း)တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၏ သင်တန်းပို့ချချက် (၁၃-၁၂-၂၀၁၈ မှ ၁၄- ၁၂-၂၀၁၈)

၄။ ဦးမောင်မောင်သိုက်၊ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၏ မော်ကွန်း၊ မှတ်တမ်းစီမံခန့်ခွဲမှုသင်တန်းပို့ချချက်၊

၅။ The Role of Archives and Records Management in National Information Systems UNESCO, A RAMP Study Paris, 1983.

၆။ AG. 9/1(1) (FERD), Acc; No. 404, Year. 1986, Strengthening of National Archives Progress Report. (January to June 1986) and Internal Evaluation Report.

၇။ AG. 9/1(1) (FERD), Acc; No. 451, Year. 1988, Strengthening of National Archives, Classification of National Archives of Burma.

၈။ AG. 20/3 (အမစ), Acc; No. 32, Year. 1988- 89, National Archives Annual Report 88/89 (Singapore).

၉။ AG. 20/3 (အမစ), Acc; No. 59, Year. 1988- 89, Department of National Archives Myanmar (December).

၁၀။ Project BUR/ 78/ 005, STRENGHTENING OF NATIONAL ARCHIVES OF BURMA, Report of Mission, 3 – 27 February 1983 by Bernard Wellbrenner.

Source: www.moi.gov.mm