ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့
Posted_Date
Image

Body
ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ “အေးခဲနေသော ရေလှောင်ကန်များ”ဟုပင်ရည်ညွှန်းပြောဆိုရသည့်ရေခဲမြစ်များသည် ရေချိုအရင်းအမြစ်များကိုတည်တံ့ခိုင်မြဲစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ဤကြီးမားသောရေခဲမြစ်များသည် ကမ္ဘာ့ရေချို၏ ၇၀ ရာခိုင်နှုန်းခန့်ကို သိုလှောင်ထားပြီး ၎င်းကို မြစ်များ၊ ကန်များနှင့်မြေအောက်ရေစနစ်များသို့ တဖြည်းဖြည်းထုတ်လွှတ်ပေးကာ သန်းပေါင်းများစွာသောလူများ၊ စိုက်ပျိုးရေးနှင့်ဂေဟစနစ်များအတွက် မရှိမဖြစ်လိုအပ်သောရေကိုထောက်ပံ့ပေးသည်။ သို့သော်လည်း ရာသီဖောက်ပြန်ပြောင်းလဲမှုများနှင့်လူသားတို့၏လုပ်ဆောင်ချက်များကြောင့် ရေခဲမြစ်များသည်စိုးရိမ်ဖွယ်ရာနှုန်းဖြင့် အရည်ပျော်နေပြီး ကမ္ဘာတစ်ဝန်းရေလုံလောက်စွာရရှိမှုကိုခြိမ်းခြောက်လျက်ရှိသည်။ ထိုအတိုင်းဆက်သွားပါကခန့်မှန်း၍မရနိုင်သော ရေပြတ်လပ်မှုများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုများနှင့်သဘာဝဘေးအန္တရာယ်များကို ပိုမိုဆိုးရွားစွာကြုံတွေ့လာရနိုင်သည်။ အနာဂတ်မျိုးဆက်သစ်များအတွက် ရေချိုရရှိနိုင်မှုသေချာစေရန် ရေခဲမြစ်များကို ကျွန်ုပ်တို့အားလုံး တာဝန်သိစွာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ရေခဲမြစ်များသည် သဘာဝရေလှောင်ကန်များအဖြစ် ရေစီးဆင်းမှုကိုတစ်နှစ်ပတ်လုံး ထိန်းညှိပေးခြင်းဖြင့် ကမ္ဘာ့ရေလည်ပတ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ ၎င်းတို့သည် ပူနွေးသောလများအတွင်း သောက်သုံးရေ၊ ဆည်မြောင်းနှင့်ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော မြစ်ချောင်းများနှင့်အင်းအိုင်များကိုပြန်လည်ဖြည့်တင်းပေးသည်။ အိန္ဒုမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ အမေဇုန်မြစ်တို့ကဲ့သို့သော ကမ္ဘာ့အကြီးဆုံးမြစ်ကြီးများနှင့် ဂင်္ဂါမြစ်၊ ယန်ဇီမြစ်နှင့်ကော်လိုရာဒိုမြစ်တို့ကဲ့သို့သော အဓိကမြစ်ကြီးအများအပြားသည်အထူးသဖြင့် ခြောက်သွေ့ရာသီများတွင် ရေခဲမြစ်များအရည်ပျော်ကျမှုအပေါ်များစွာမှီခိုနေသည်။ ရေခဲမြစ်များသည် ရေအရင်းအမြစ်များအတွက် တိုက်ရိုက်ပံ့ပိုးကူညီမှုအပြင် တောင်ပေါ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများကို ပံ့ပိုးပေးခြင်းဖြင့်လည်း ဂေဟစနစ်ဟန်ချက်ညီစေရန်ကူညီပေးသည်။ ၎င်းရေခဲမြစ်များမှ အေးသောရေများသည် ငါးများ၊ရေနေအပင်များနှင့်အခြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကိုပျောက်ကွယ်မသွားရအောင် ထိန်းသိမ်းပေးနိုင်သည်။ ထို့ပြင် ရေခဲမြစ်များသည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်ခြင်းဖြင့် ရာသီဥတုထိန်းညှိမှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသဖြင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ဤကဲ့သို့ ကမ္ဘာကြီးကို များစွာထောက်ပံ့ကူညီပေးနေသော ရေခဲမြစ်များပျောက်ကွယ်သွားပါကကြီးမားလှသောကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းကြီးကို ဘက်ပေါင်းစုံမှ တွေ့ကြုံခံစားလာကြရမည်ဖြစ်သည်။
ယခုအခါတွင် ပတ်ဝန်းကျင်နှင့်လူတို့ကဖြစ်ပေါ်စေသောအကြောင်းရင်းများစွာတို့ကြောင့် ရေခဲမြစ်များသည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် တဖြည်းဖြည်းပျောက်ကွယ်လျက်ရှိသည်။ ထိုအကြောင်းရင်းများအနက်မှ အောက်ပါအချက်များသည် ရေခဲမြစ်များအတွက် အဓိကခြိမ်းခြောက်မှုများပင်ဖြစ်သည်။
(၁) ရာသီဥတုပြောင်းလဲမှုများ
ရေခဲမြစ်များ စိုးရိမ်ဖွယ်ရာနှုန်းဖြင့် အရည်ပျော်လာရခြင်း၏အဓိကအကြောင်းရင်းမှာ ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။ အပူချိန်များပိုမိုမြင့်တက်လာခြင်းသည် ရေခဲအရည်ပျော်မှုကိုမြန်စေပြီး ရေခဲမြစ်အရွယ်အစားကိုလျော့ကျစေကာ မြစ်အောက်ပိုင်းဒေသများတွင် ပြင်းထန်သောရေပြတ်လပ်မှုကို ဖြစ်စေနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ ကမ္ဘာကြီးပူနွေးလာမှုသည် လက်ရှိနှုန်းအတိုင်း ဆက်လက်မြင့်တက်နေပါက ရေခဲမြစ်အများအပြားသည် ဆယ်စုနှစ်အနည်းငယ်အတွင်းပျောက်ကွယ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့လူသားများအားလုံး အားထားမှီခိုနေရသည့်ရေအရင်းအမြစ်များစွာကိုဆုံးရှုံးရနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။
(၂) လေထုညစ်ညမ်းမှုနှင့် Black Carbon (BC)
အထူးသဖြင့် ရုပ်ကြွင်းလောင်စာများနှင့် ဇီဝလောင်စာများလောင်ကျွမ်းခြင်းကြောင့် Black Carbon များထွက်ပေါ်လာပြီး လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် Black Carbon များသည်ရေခဲမြစ်များပေါ်သို့ကျရောက်လာပြီး ၎င်းတို့၏ မျက်နှာပြင်ကိုမည်းမှောင်သွားစေသည်။ ထိုသို့ဖြင့် ရေခဲမြစ်များ၏နေရောင်ခြည်ရောင်ပြန်ဟပ်နိုင်စွမ်းကို လျော့နည်းစေသည်။ ထို့ပြင် Black Carbon များဖုံးလွှမ်းနေသည့် ရေခဲမြစ်များ၏မျက်နှာပြင်သည် အပူကိုပိုမိုစုပ်ယူလာနိုင်ပြီး အရည်ပျော်မှုကိုပို၍လျင်မြန်လာစေသည်။ စက်မှုဇုန်များထွန်းကားလာမှု၊ သစ်တောပြုန်းတီးမှုနှင့် စက်တပ်ယာဉ်များအလွန်အကျွံသုံးစွဲလာမှုတို့သည် ဤပြဿနာ၏နောက်ခံအကြောင်းရင်းများပင်ဖြစ်သည်။
(၃) ရေအရင်းအမြစ်များမှ လွန်ကဲစွာထုတ်ယူသုံးစွဲခြင်း
ရေခဲမြစ်များပျက်စီးယိုယွင်းလာသည်နှင့်အမျှ လူတို့သည် ရေရယူသုံးစွဲရေးအတွက် မြေအောက်ရေနှင့် မြစ်ရေစီးကြောင်းများကို ပိုမိုအားကိုးလာကြသည်။ မြေအောက်ရေနှင့် မြစ်ချောင်းများမှရေကိုအလွန်အကျွံထုတ်ယူခြင်းသည် လူသားများအတွက်သာမက သဘာဝဂေဟစနစ်ကြီးတစ်ခုလုံးကိုပါ ထိခိုက်စေသည်။
(၄) သစ်တောပြုန်းတီးမှုနှင့် မြေယာပျက်စီးခြင်း
ရေခဲမြစ်များတည်တံ့ခိုင်မြဲမှုအပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိသောအပူချိန်ပြောင်းလဲမှုနှင့် မိုးရွာသွန်းမှုပုံစံများကို သစ်တောများက ထိန်းညှိပေးသည်။ သစ်တောပြုန်းတီးမှုသည် မြေဆီလွှာတိုက်စားမှုကို ဖြစ်ပေါ်စေသည့်အပြင် သဘာဝရေသံသရာလည်ပတ်မှုကိုလည်း ပြောင်းလဲစေသည်။ ထိုမှတစ်ဆင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာကာ မိုးခေါင်ရေရှားခြင်းနှင့်ကမ္ဘာကြီးပူနွေးလာခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာသည်နှင့်အမျှ ရေခဲမြစ်များသာမန်ထက်ပိုမိုလျင်မြန်စွာ အရည်ပျော်လာပြီး မြစ်များအတွင်းစီးဆင်းလာခြင်းနှင့်အနည်ကျမှုပိုမိုများပြားလာခြင်းကြောင့် ရေကြီးရေလျှံမှုများကိုပါ ဖြစ်ပွားလာစေသည်။
ယနေ့ ၂၁ ရာစုတွင် ရေခဲမြစ်များသည် အရှိန်အဟုန်ဖြင့် အရည်ပျော်လာပြီး သိသိသာသာယိုယွင်းလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်နှင့်၂၀၂၃ ခုနှစ်အတွင်း အန္တာတိကတိုက်နှင့်ဂရင်းလန်းဒေသအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ ရေခဲမြစ်များသည် နှစ်စဉ် တန်ချိန် ၂၇၃ ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းတန်ချိန် ၆ ဒသမ ၅၄၂ ထရီလီယံခန့် ဆုံးရှုံးခဲ့ရသည်။ ဤအရည်ပျော်မှုကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ၂ စင်တီမီတာနီးပါး (ပျမ်းမျှအားဖြင့် ၁၈ မီလီမီတာ)မြင့်တက်လာခဲ့သည်။ ထို့ပြင် ယခင်ဆယ်စုနှစ်များနှင့်နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း၌ ရေခဲဆုံးရှုံးမှုနှုန်းမှာ ၃၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။ European Alps နှင့် Pyreness ဒေသအတွင်းရှိ ရေခဲမြစ်များသည် ၂၀၀၀ ပြည့်နှစ်မှစ၍၎င်းတို့ ထုထည်၏ ၄၀ ရာခိုင်နှုန်းခန့်ဆုံးရှုံးသွားသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ ကမ္ဘာ့အပူချိန်တိုးတက်လာမှုအပေါ်မူတည်ပြီး ရေခဲမြစ်များ၏ ထုထည် ၂၆ ရာခိုင်နှုန်းမှ ၄၁ ရာခိုင်နှုန်းကြားဆုံးရှုံးမည်ဟု ခန့်မှန်းချက်များကညွှန်ပြနေသည်။ ဤကဲ့သို့အစုလိုက်အပြုံလိုက် ဆုံးရှုံးမှုသည် ပင်လယ်ရေမျက်နှာပြင်ကို ခန့်မှန်းခြေအားဖြင့် ၉၀ မီလီမီတာမှ၁၅၄ မီလီမီတာအထိ မြင့်တက်လာစေကာ ကမ္ဘာတစ်ဝန်းရှိ ရေခဲမြစ်များ၏ ၄၉ ရာခိုင်နှုန်ုးမှ ၈၃ ရာခိုင်နှုန်းအထိ ပျောက်ဆုံးစေနိုင်သည်။ဤတွေ့ရှိချက်များသည် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည့် ရေခဲမြစ်များ၏အနာဂတ်ကို မီးမောင်းထိုးပြနေပေသည်။ သဘာဝရေလှောင်ကန်များဖြစ်သည့် ရေခဲမြစ်များ၏ယိုယွင်းကျဆင်းလာခြင်းသည် သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်းများအတွက် ရေရရှိနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အထူးသဖြင့် ရာသီအလိုက်အရည်ပျော်သော ရေကိုမှီခိုနေရသော လူမှုအသိုင်းအဝိုင်းများကို ထိခိုက်စေသည်။ ရေခဲမြစ်များက ထောက်ပံ့ပေးနေသောမြစ်များသည် စိုက်ပျိုးရေးအတွက် လိုအပ်သောရေကိုပေးသည်။ ထို့ကြောင့်ရေခဲမြစ်များအရည်ပျော်မှုနှုန်းမြင့်မားလာခြင်းသည် သီးနှံအထွက်နှုန်းလျော့ကျခြင်းနှင့် အစာရေစာပြတ်လပ်ခြင်းတို့ကိုပါဖြစ်စေနိုင်သည်။ ထို့ပြင် ရေခဲမြစ်များအရည်ပျော်ခြင်းသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကိုသိသိသာသာဖြစ်ပေါ်စေပြီး ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းဒေသများကို ခြိမ်းခြောက်လျက်ရှိသည်။ “Doomsday Glacier”ဟုခေါ်လေ့ရှိသော အန္တာတိကတိုက်ရှိ Thwaites ရေခဲမြစ်သည် ယခင်ကမျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာအရည်ပျော်နေပြီး ပြိုကျလာပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၁၀ ပေအထိ မြင့်တက်လာစေနိုင်သည်။ ဤသည်သာမက ရေအရင်းအမြစ်များကိုမှီခိုနေရသည့်ရေနေဂေဟစနစ်နှင့်တောရိုင်းတိရစ္ဆာန်များသည်လည်း စားကျက်မြေများပျက်စီးခြင်းနှင့် အပူချိန်ပြောင်းလဲမှုများကြောင့် ရှင်သန်တည်မြဲမှုအတွက် အခက်အခဲများကြုံတွေ့လာကြရမည်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့၏တစ်ခုတည်းသော မှီခိုအားထားရာဖြစ်သည့် ကမ္ဘာကြီးအပေါ် များစွာအကျိုးသက်ရောက်မှုရှိသောရေခဲမြစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကာကွယ်ထိန်းသိမ်းကြရပေမည်။ နိုင်ငံတကာအစိုးရများနှင့်စက်မှုလုပ်ငန်းများအနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကိုအသုံးပြုခြင်း၊ စွမ်းအင်ထိရောက်မှု မြှင့်တင်ခြင်းနှင့်သယ်ယူပို့ဆောင်ရေးတွင် စက်တပ်ယာဉ်များအသုံးပြုမှု လျှော့ချခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရန် လုပ်ဆောင်ကြရမည်ဖြစ်သည်။ စက်မှုလုပ်ငန်းများ၊ မော်တော်ယာဉ် များနှင့် သစ်တောပြုန်းတီးမှုတို့မှလေထုညစ်ညမ်းမှုကိုလျှော့ချခြင်းဖြင့် ရေခဲမြစ်များအပေါ် Black Carbon ကျရောက်မှုကို ကာကွယ်နိုင်သည်။ သစ်ပင်များပြန်လည်စိုက်ပျိုးမှုကိုမြှင့်တင်ခြင်းသည် ဒေသအပူချိန်ကို ထိန်းညှိပေးရန်၊ မြေဆီလွှာတိုက်စားခြင်းမှကာကွယ်ပေးရန်နှင့်သဘာဝ ရေလည်ပတ်မှုကိုထိန်းသိမ်းရန်အတွက် ကူညီပေးသည်။ ထိရောက်သော ဆည်မြောင်းရေပေးဝေခြင်းဆိုင်ရာနည်းပညာများ(Efficient Irrigation Techniques )ကို အကောင်အထည်ဖော်ခြင်း၊ မိုးရေများသိုလှောင်ခြင်းနှင့်ရေထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒများချမှတ်ခြင်းဖြင့် ရေခဲမြစ်များအပေါ် မှီခိုမှုကိုလျှော့ချနိုင်သည်။
ထို့ပြင် ရေခဲမြစ်များ၏အရေးပါမှုနှင့်ကာကွယ်ထိန်းသိမ်းရန်လိုအပ်နေမှုကို နိုင်ငံတကာရှိ အလွှာပေါင်းစုံမှ လူတန်းစားအားလုံး သိရှိနားလည်စေရန် ကြိုးပမ်းဆောင်ရွက်ရန်မှာလည်းအရေးကြီးပေသည်။ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂရေညီလာခံ(Mar dal Plata Water Conference)ကို မတ်လ ၁၄ ရက်မှ ၂၅ ရက်အထိကျင်းပခဲ့ပြီး ရေသည် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၏သော့ချက်ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကြသည်ကို တွေ့ရှိရသည်။၁၉၉၂ ခုနှစ် ရီယိုဒီဂျနေးရိုး(Rio de Janeiro)မြို့၌ ကျင်းပခဲ့သောကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံတွင်လုပ်ငန်းစဉ်အမှတ်(၂၁)အရ ကမ္ဘာ့ရေနေ့နှင့်ပတ်သက်၍ ပထမဆုံးအနေဖြင့် တရားဝင်အဆိုပြုခဲ့ကြသည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ “ကျွန်ုပ်တို့၏ဘဝတွင် ရေ၏အရေးပါမှုကိုသတိပြုမိစေရန်နှင့် ကမ္ဘာ့ရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ တွန်းအားပေးရန်”အတွက် A/RES/47/193 ဆုံးဖြတ်ချက်အရ မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့(World Water Day)အဖြစ် သတ်မှတ်ခဲ့ကြသည်။ ပထမဆုံး ကမ္ဘာ့ရေနေ့အခမ်းအနားကို ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ရာ ယခု ၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက်နေ့ဆိုလျှင် (၃၃)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကုလသမဂ္ဂ၏ ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ(United Nations World Water Development Report-WWDR)သည် UN-Water ၏ အထင်ကရအစီရင်ခံစာဖြစ်သည်။ ယင်းတွင် ရေနှင့်မိလ္လာဆိုင်ရာပြဿနာများကိုလည်း ထည့်သွင်းဖော်ပြလေ့ရှိသည်။ ယင်းအစီရင်ခံစာကနှစ်စဉ်မတူညီသောဆောင်ပုဒ်တစ်ခုအပေါ်တွင် အလေးဂရုထားပြီးမူဝါဒချမှတ်ကာ ဆုံးဖြတ်လုပ်ဆောင်ကြမည့်သူတို့အတွက် အကောင်းဆုံးလုပ်ဆောင်သင့်သည်များ၊ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ချက်များစသည့်အကြံပြုချက်များဖော်ပြပါသည်။ ရေရှည်တည်တံ့သောမူဝါဒများအား ချမှတ်အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေသော ယင်းအစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲမှုအစီရင်ခံစာကို World Water Development Programme ကိုယ်စား UNESCO က ညှိနှိုင်းဆောင်ရွက်ပေးပြီး ယင်းအစီရင်ခံစာအရ ကမ္ဘာ့ရေနေ့၏ဆောင်ပုဒ်ကို သတ်မှတ်ဆုံးဖြတ်ခြင်းဖြစ်သည်။ UN-Water သည် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ညှိနှိုင်းတိုင်ပင်ပြီး ယင်းဆောင်ပုဒ်ကို နှစ်စဉ်ရွေးချယ်ကာ နှိုးဆော်ပေးသည်။
ယခုနှစ် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့အတွက်ဆောင်ပုဒ်မှာ “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” “Glacier Preservation”ဖြစ်သည်။ ထိုဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့ကမ္ဘာမြေကြီးအတွက်မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ်များ၏ကျောထောက်နောက်ခံဖြစ်သည့် ရေခဲမြစ်များကို ကာကွယ်ထိန်းသိမ်းကြရန်အထူးလိုအပ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် UNESCO နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO)တို့က အပြည်ပြည်ဆိုင်ရာရေခဲမြစ်များထိန်းသိမ်းစောင့်ရှောက်ရေးနှစ်(International Year of Glaciers Preservation)ကိုစတင်ခဲ့သည်။ ဤပဏာမခြေလှမ်းက ရေခဲမြစ်များသည် လူဦးရေနှစ်ဘီလီယံကျော်အား ရေချိုပေးဆောင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်းကို တစ်ကမ္ဘာလုံးက သတိပြုမိစေရန်နှင့်ရေခဲမြစ်အရည်ပျော်မှု အရှိန်မြင့်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများကိုဖြေရှင်းရန်ရည်ရွယ်သည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့လှုပ်ရှားမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်စတင်ခဲ့သော “ရေခဲမြစ်များထိန်းသိမ်းခြင်း”ကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ”(National Water Resources Committee) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၁၂ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံသည့် ရေအရင်းအမြစ်များ စီမံဆောင်ရွက်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိပေသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသောရေသယံဇာတများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်အတွက် စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာဥပဒေများစိစစ်ခြင်း၊ မူလအစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်ပူးပေါင်းခြင်းတို့ကို အဆိုပါအမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကဦးဆောင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ရေချိုပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ နိုင်ငံအတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်တာတမံများနှင့် ရေတွင်းရေကန်များသည် မြန်မာ့ရေချိုအရင်းအမြစ်များပင်ဖြစ်ကြသည်။ ရေချိုအရင်းအမြစ်များ ပေါကြွယ်ဝသည်ဟုဆိုသော်လည်း အထက်အညာဒေသအပါအဝင် နေရာဒေသအချို့၌ နွေအခါတွင်ရေမလုံလောက်သည့်ပြဿနာမျိုးလည်း ရှိနေသေးသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်ကျင့်ဝတ်များကိုတာဝန်သိစွာ လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ကမ္ဘာ့နိုင်ငံများနည်းတူ ရေအရင်းအမြစ်များ တည်တံ့ခိုင်မြဲရေးနှင့်ရေခဲမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
“Never Waste even a drop of water no water, no life and no blue,no green” ဟူသည့် ဆိုရိုးအတိုင်း ရေတစ်စက်၊ ရေတစ်ပေါက်မျှပင်အကျိုးမဲ့ဆုံးရှုံးမခံသင့်ပေ။ ရေမရှိလျှင် သက်ရှိတို့ အသက်ရှင်နေထိုင်ရန်မဖြစ်နိုင်သလို ကမ္ဘာမြေပေါ်တွင် အေးချမ်းသော အပြာရောင်နှင့်စိမ်းလန်းလတ်ဆတ်သောအစိမ်းရောင်များ မြင်တွေ့နိုင်ရန်မဖြစ်နိုင်ပေ။၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အတည်ပြုချမှတ်ခဲ့သော “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၇)ချက်” (17 Sustainable DevelopmentGoals – 17 SDGs)၏ “ပန်းတိုင်(၆)-သန့်ရှင်းသောသောက်သုံးရေနှင့်မိလ္လာစနစ်ရရှိရေး”ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ယနေ့ကမ္ဘာကြီးကြုံတွေ့နေရသော ရေရရှိမှုဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းကြရမည်ဖြစ်သည်။ ရှေ့ဆက်၍ မိမိတို့အနေဖြင့် “ရေအရင်းအမြစ်များတည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” “Glacier Preservation”ဟူသည့်ဆောင်ပုဒ်နှင့်အညီ တာဝန်သိစွာ ရေခဲမြစ်များကို အရှိန်အဟုန်မြှင့်ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့တစ်ဦးချင်းစီ၏လူမှုဘဝနေထိုင်မှုပုံစံများနှင့် ရေသုံးစွဲမှုပမာဏများကိုလည်း ဂရုပြုစီမံခန့်ခွဲကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၅ ခုနှစ် မတ်လ၂၂ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့(World Water Day)ကိုဂုဏ်ပြုကြိုဆိုရေးသားလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories