ဆေးဖက်ဝင်ပင်စိမ်းပင်
Posted_Date
Image

Body
ပင်စိမ်းပင်သည် နေရာဒေသမရွေး အလေ့ကျ ပေါက်သည့်အပင်မျိုးဖြစ်သည်။ ပင်စိမ်းပင်တစ်ပင်လျှင် အသီးများစွာသီး၍ အစေ့များစွာပါဝင်သော ကြောင့် အပင်မျိုးပွားမှုအားကောင်းသည်။ ပင်စိမ်းပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးထားကြပြီး စီးပွားဖြစ်အနေဖြင့်လည်း စိုက်ပျိုးကြသည်။ ပင်စိမ်းရွက်ကိုအညှီနံ့ပျောက်ကင်းစေရန် ဟင်းခတ်အမွှေးအကြိုင် အဖြစ် အသုံးပြုကြသည်။ ပင်စိမ်းပင်သည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ် သည်။ ပင်စိမ်းပင်သည် တစ်ရက်လျှင် နာရီပေါင်း ၂၀ အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်သောကြောင့် ရုတ်တရက်အသက်ရှူကျပ်လာပြီး အောက်ဆီဂျင် မရခဲ့သော် ပင်စိမ်းရွက်ကိုထောင်း၍ အရည်ကိုဆား အနည်းငယ်ခတ်ပြီး သောက်သုံးနိုင်သည်။ ပင်စိမ်းပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဈေးကွက်အတွင်း တစ်နှစ်ပတ်လုံးရောင်းချလျက်ရှိသည်။ ပင်စိမ်းပင်သည် ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုသောကြောင့် အိမ်တိုင်းစိုက်ပျိုးသင့်သည့် အပင်တစ်မျိုးဖြစ်သည်။
အရေပြားယားနာကိုပျောက်ကင်းစေသောပင်စိမ်း
ပင်စိမ်းကို ငှက်ဖျားရောဂါနှင့် အရေပြားယားနာ ဖြစ်ခြင်း၊ ဗိုက်ကြောပြတ်ခြင်းနှင့် ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်ဖြစ်ခြင်းတို့အတွက် အသုံးပြုနိုင်သည်။ အရေပြားယားနာများဖြစ်ပွားပါက ပင်စိမ်းရွက် ကို သံပရာရည်နှင့်ရော၍ ညက်အောင်ထောင်းပြီး ပွတ်တိုက်ပေးခြင်း၊ အုံပေးခြင်း၊ ဗိုက်ကြောပြတ်၍ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့်ဖြူး၍ ပွတ်သပ်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။ ပင်စိမ်းရွက်ကို သံပရာရည်နှင့်ရောကြိတ်ပြီး လိမ်းပေးပါက နှင်းခူနှင့် ယားနာများ သက်သာပျောက်ကင်းနိုင်သည်။ ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်များတွေ့ရှိပါက ပင်စိမ်း ရွက်သတ္တုရည်ကိုလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ၊ မိတ် စသော အရေပြားယားနာအမျိုးမျိုးအတွက် ပင်စိမ်းတစ်ပင် လုံးကိုထောင်း၍ သံပရာရည်ရောပြီး လိမ်းပေးနိုင် သည်။ ပင်စိမ်းရွက်ကို ရေသန့်သန့်ဖြင့် ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်သော အနာဆွေး၊ အနာလုံးအကျိတ်များပေါ် လိမ်းအုံပေးပါက အရောင် လျော့ကျသွားပြီး အမြစ်မြန်မြန်ထွက်စေကာ အသားနုတက်ပြီး အနာကျက်မြန်စေသည်။
အစာခြေစနစ်ကိုကောင်းမွန်စေသောပင်စိမ်း
ပင်စိမ်းရွက်က အစာခြေစနစ်နှင့် အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေသည့်အပြင်အစာအိမ်မှအက်စစ်များ အလွန်အကျွံထွက်ရှိလာမှုကိုလည်း ထိန်းညှိပေးနိုင်သည်။ ထိုမျှမက ပင်စိမ်းရွက်ကို လက်ဖက်ရည်ကြမ်းအဖြစ်သောက်ပေးခြင်းဖြင့် ဝမ်းသွားခြင်း၊ အစာအိမ်နာဖြစ်ခြင်း၊ ခံတွင်းပျက်၍ အစာစားချင်စိတ်မရှိခြင်းနှင့်ပျို့အန်ခြင်းများကို သက်သာစေသည်။ ဝမ်းကိုက်ပါက ပင်စိမ်းရွက်ပြုတ် ရည်ကိုသောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ပင်စိမ်းရွက်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အူလမ်း ကြောင်း၊ ဝမ်းဗိုက်နှင့်ပါးစပ်တွင် ဖြစ်တတ်သောရောဂါ များကင်းဝေးစေပြီး အစာခြေစနစ်ကိုကောင်းမွန်စေသည်။ ခွဲစိတ်ထားသောအနာများရင်း၍ ပိုးဝင်ပါက ပင်စိမ်းရွက်ကိုပြုတ်ပြီးဖန်ရည်အဖြစ် ဆေးကြော၍ဖြစ်စေ၊ ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူး၍ဖြစ်စေအသုံးပြုပါက အနာကိုလျင်မြန်စွာကျက်စေနိုင်သည်။
နားကိုက်ခြင်းနှင့် တခြားရောဂါများ သက်သာစေသောပင်စိမ်း
နားကိုက်ပါက ပင်စိမ်းရွက်ကိုမီးအုံပြီး နားထဲသို့ အရည်နှစ်စက်ခန့်ညှစ်ထည့်ပေးပါက သက်သာစေနိုင်သည်။ ကလေးများကျောပူခေါင်းပူထပါက ပင်စိမ်း ရွက်နှင့် ကွမ်းရွက်ဆတူကို ကျပ်ခိုး၊ နနွင်းမှုန့်အနည်းငယ်နှင့်ရောကြိတ်ပြီး တစ်ကိုယ်လုံးခပ်ပါးပါး လိမ်းပေးနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ပါက ပင်စိမ်း ရွက်သတ္တုရည်ကို နားထင်နှင့်နဖူးတွင်လိမ်းပေးနိုင်သည်။
သွားပိုးစားခြင်းကို သက်သာစေသောပင်စိမ်း
သွားပိုးစားခြင်းအတွက်ပင်စိမ်းရွက်ခြောက်မှုန့်၊ငရုတ်ကောင်းနှင့်ပရုတ်တို့ကိုရောကြိတ်ကာသွားပိုးစားသည့်အခေါင်းပေါက်ထဲသို့ထည့်သိပ်ခြင်းဖြင့် ပျောက်ကင်းစေသည်။ သွားဖုံးရောင်နာ၍ သွေးယိုစီးခြင်း၊ မကြာခဏတံတွေးစိမ့်ထွက်ခြင်း၊ အသံအိုးနာခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အာသီးရောင်ခြင်းတို့အတွက် ပင်စိမ်းရွက်ပြုတ်ရည်ကိုသောက်ခြင်း၊ ပလုတ်ကျင်း(အာလုတ်ကျင်း)ခြင်းဖြင့် သွားများကို သန့်ရှင်းစင်ကြယ်စေသည့်အပြင် ခံတွင်းရနံ့ကိုလည်း ရှင်းသန့်စေသည်။
မျက်နှာအသားအရေထိန်းသိမ်းပေးသောပင်စိမ်း
ပင်စိမ်းရွက်က ဝက်ခြံဖြစ်စေသော ဗက်တီးရီးယား ပိုးများကိုကင်းစင်စေကာ အရေပြားကို သွေးလှည့်ပတ်မှုကောင်းမွန်စေသဖြင့် ဝက်ခြံပေါက်လွယ်သောအရေပြားပိုင်ရှင်များအတွက် အထူးသင့်လျော်သည်။ ရေနွေးဆူဆူတစ်ခွက်ထဲသို့ ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစားဇွန်းသုံးဇွန်းခန့် ရောမွှေပြီး အအေးခံကာ အရွက်များကိုစစ်ထားပြီး ထိုအရည်ကို မျက်နှာ အနှံ့လိမ်းပေးခြင်းဖြင့် မျက်နှာသန့်စင်လာစေမည် ဖြစ်သည်။ ဝက်ခြံသာမက တင်းတိပ်၊ ညှင်း၊ မှဲ့ခြောက်၊ ခရုသင်းပေါက်သူများလည်း လိမ်းပေးနိုင်သည်။
အရွယ်တင်နုပျိုစေသောပင်စိမ်းပင်စိမ်းရွက်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်သတ္တိများက ပန်းသီး၊ လိမ္မော်သီးနှင့် ဘလူးဘယ်ရီသီးများထက် ပိုမိုအစွမ်းထက်သဖြင့် အရွယ်တင် နုပျိုစေသည်။
အမြင်အာရုံကိုကောင်းမွန်စေသောပင်စိမ်း
ပင်စိမ်းရွက်တွင် ဖလေဗိုနွိုက်ဒြပ်ပေါင်းပါရှိ၍ သက်ကြီးပိုင်းအမြင်အာရုံချို့ယွင်းခြင်း၊ အတွင်းတိမ်နှင့် မျက်စိအာရုံခံလွှာဆီ ခရမ်းလွန်ရောင်ခြည်ကျ ရောက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ မွေးရာပါ မျက်စိမှုန်ခြင်း၊ မျက်စိအောင့်ခြင်း၊ စူးခြင်း၊ ကိုက်ခဲ ခြင်းများအတွက် နေ့စဉ် ပင်စိမ်းရွက်ငါးရွက်ခန့်
စားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေသောပင်စိမ်း
ဂျာမနီနိုင်ငံဆေးသုတေသီများက ပင်စိမ်းရွက်ထဲ တွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးကဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန်စေသည့်အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ထိရောက်စွာကုသပေးနိုင် ကြောင်း အတည်ပြုထောက်ခံထားသည်။ ထို့ပြင် ပင်စိမ်းသည် ကလေးငယ်များ၏ ဉာဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်၍ အရွယ်သုံးပါးမရွေးပင်စိမ်းစားသုံးသင့်ကြောင်း ဖော်ပြထားသည်။
အရိုးများကိုသန်မာစေသောပင်စိမ်း
ပင်စိမ်းရွက်တွင် ဗီတာမင် A၊ ကယ်လ်စီယမ်နှင့် ဗီတာမင် K တို့ပါရှိသဖြင့် အရိုးများကို ကျန်းမာသန်စွမ်းစေသည်။ ဒူးနာ၊ ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ လေငန်းရောဂါများအတွက် ပင်စိမ်းရွက်ကိုထောင်း၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။
ငှက်ဖျားရောဂါပျောက်စေသောပင်စိမ်း
ပင်စိမ်းပင်သည် ငှက်ဖျားရောဂါပျောက်စေ၍ အိန္ဒိယနိုင်ငံ၌ ၁၉၀၇ ခုနှစ် Imperial Malaria Con-ferenc တွင် ပင်စိမ်းကို ငှက်ဖျားရောဂါပျောက်စေသောဆေးပင်အဖြစ်ကြေညာခဲ့သည်။ ငှက်ဖျား သာမကနာတာရှည်အဖျားရောဂါ၊ တုပ်ကွေးနှင့် ကာလဝမ်းရောဂါတို့အတွက် နံနက်စောစောအိပ်ရာထတွင်ပင်စိမ်းရွက်သတ္တုရည်ကိုကြွေဇွန်းဖြင့် တစ်ဇွန်းသောက်ပေးနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါရှိသူများ ရှူရှိုက်သင့်သောပင်စိမ်းပန်းနာ၊ ရင်ကျပ်ရောဂါရှိသူများသည် ပင်စိမ်းရွက်အခြောက်ကိုမီးမြှိုက်၍ ရှူရှိုက်ပေးသင့်သည်။ ထိုရနံ့က လူကိုလန်းဆန်းပေါ့ပါးစေကာ အာရုံစူးစိုက်မှု အားကောင်းစေသည်။
ဆီးရောဂါများပျောက်ကင်းစေနိုင်သောပင်စိမ်း
ပင်စိမ်းရွက်ကိုရေစိမ်ပြီး နေ့စဉ်သောက်ပေးပါကဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ပင်စိမ်းစေ့ကိုကြိတ်ပြီးစားပေးလျှင် ဆီးနှင့်ပတ်သက် သောရောဂါများပျောက်ကင်းစေနိုင်သည်။ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးပူခြင်းများအတွက် ပင်စိမ်းရွက်ကိုသကြားရည်ဖြင့် ဖျော်ရည်လုပ်၍ သောက်နိုင်သကဲ့ သို့ ပင်စိမ်းရွက်သတ္တုရည်ကို ဆီးခုံတစ်ဝိုက်ပွတ်လိမ်းပေးခြင်းဖြင့် ဆီးရွှင်စေသည်။
အမျိုးသမီးရောဂါများပျောက်ကင်းစေသောပင်စိမ်း
ပင်စိမ်းသည် အမျိုးသမီးများ ဓမ္မတာရာသီစက်ဝန်း ကိုပုံမှန်ဖြစ်စေကာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲ မှုဝေဒနာကိုလည်းသက်သာစေနိုင်သည့်အပြင်အမျိုးသမီးများသွေးဆုံးပြီးနောက် ချွေးထွက်လွန်ခြင်းနှင့် ကိုယ်ရေပြားများ ပူစပ်ပူလောင်ခံစားရခြင်းမှလည်း ကာကွယ်ပေးသည်။ ကိုယ်ဝန်ဆောင်များဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့်ဖြူး၍ အသာအယာပွတ်လိမ်းပေးနိုင် သည်။
အဆိပ်ရှိအကောင်များကြောက်သောပင်စိမ်း
မိမိနေအိမ်ခြံဝင်းအတွင်း၌ ပင်စိမ်းပင်စိုက်ပျိုးထားခြင်းဖြင့် အဆိပ်ရှိသောအကောင်များအန္တရာယ်မှ ကင်းဝေးစေနိုင်သည်။ မြွေ၊ ကင်းမြီးကောက်၊ ပျား၊ပုရွက်ဆိတ် စသည့်အဆိပ်ရှိသတ္တဝါကိုက်ပါက ဒဏ်ရာပေါ်တွင် ပင်စိမ်းရွက်ကို ကြိတ်ခြေအုံပေးခြင်းဖြင့် အဆိပ်ပြေစေသည်။ ပြတ်ရှဒဏ်ရာများကိုပင်စိမ်းရွက်အရည်ညှစ်ပြီးထည့်ပေးပါကလျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်သည်။
ပင်စိမ်းအဆီ၏ကျန်းမာရေးကောင်းကျိုးများ
ပင်စိမ်းရွက်တွင် Eugenol၊ Citronellol၊ Linalool၊ Citral၊ Limonene နှင့်Terpineol ဟူသည့် ကျန်းမာရေး အကျိုးပြု မရှိမဖြစ်အဆီများပါရှိသည်။ ထိုဓာတ်ပေါင်း များက ရောင်ရမ်းမှုကိုကျစေသည့်အစွမ်းနှင့် ဗက်တီးရီးယားများကို ဆန့်ကျင်တိုက်ထုတ်ပေးသော ဂုဏ်သတ္တိများရှိကြသည်။ အထူးသဖြင့် ဥရောပ၊ အိန္ဒိယနှင့် တရုတ်ရိုးရာတိုင်းရင်းဆေးကုထုံးများတွင် ပင်စိမ်းဆီကို အသုံးပြုလေ့ရှိကြသည်။ Spa များတွင်လည်း ပင်စိမ်းပင်မှ အဆီထုတ်ယူရရှိသည့် ပင်စိမ်းဆီကို Aroma Therapy နည်းဖြင့် တွင်ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။
အာရုံစူးစိုက်မှုအလွန်များသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့်ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့အတွက် ပင်စိမ်းဆီကိုရှူရှိုက်ကာ နားထင်ပတ်ဝန်းကျင်တွင်လိမ်းပေးနိုင်သည်။ ထူးခြားကောင်းမွန်သော ပင်စိမ်းဆီရနံ့က လူကိုလန်းဆန်းလာစေသည်။ ကြွက်သားများတင်းမာခြင်း၊ အကြောတက်ခြင်း၊ လေဖြတ်ခြင်း၊အဆစ်အမြစ်များနာကျင်ကိုက်ခဲရောင်ရမ်းခြင်း၊ ခါးကိုက်ခါးနာခြင်း၊ တင်ပါးဆုံရိုးနာ့ဗ်ကြောများ ညောင်းညာကိုက်ခဲခြင်း စသည့်ဝေဒနာများအတွက် ပင်စိမ်းဆီဖြင့် နှိပ်နယ်ပေးခြင်းဖြင့် သွေးကြောများပွင့်ကာ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်လာစေသည်။
သတိထားရမည့်အချက်
ပင်စိမ်းရွက်တွင်ပါရှိသောThujone ဓာတုဓာတ်ပေါင်းစုသည် သားအိမ်ကိုကျဉ်းခြင်း၊ ကျုံ့ခြင်းတို့ဖြင့် လှုံ့ဆော်ပေးနိုင်စွမ်းရှိ၍ ကိုယ်ဝန်ဆောင်များ သားလျှောစေနိုင်သည်။ ပင်စိမ်းက ဆေးဖက်ဝင်သည်မှန်သော်လည်း မွေးရာပါဓာတ်မတည့်ရောဂါရှိသူများ၊ ပင်စိမ်းရွက်နှင့်ပင်စိမ်းဆီကို တစ်ကြိမ်မျှမသုံးဖူးသူများသည် အစောပိုင်းတွင် အနည်းငယ်သာ စမ်းသပ်သုံးစွဲသင့်သည်။
အချုပ်အားဖြင့်ဆိုသော် အရှေ့တိုင်း၊ အနောက်တိုင်းဆေးပညာရှင်များက ပင်စိမ်းပင်သည် လူသားတို့ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုကာ အသက်ရှည်စေကြောင်း ညွှန်းဆိုထားကြသည်။မိုးရာသီတွင် ပေါပေါများများရရှိနိုင်သည့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးနည်းပါးသောပင်စိမ်းကိုသင့်တင့်စွာစားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်သည်။ ဤမျှကောင်းကျိုးများပြီး ဘက်စုံအသုံးဝင်သော ပင်စိမ်းပင်ကိုမိသားစုတိုင်းတစ်နိုင်တစ်ပိုင်မှ စိုက်ခင်းကြီးများအထိ စိုက်ပျိုး၍ နည်းလမ်းမျိုးစုံ ပြုလုပ်ပြီး ကျန်းမာရေးဆိုင်ရာအတွက် ပင်စိမ်းပင်ကိုစိုက်ပျိုးသုံးစွဲသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
Source: https://myawady.net.mm/stories
Photo Credit to အစိမ်းရောင်လမ်း