အနာဂတ်တွင် ထိရောက်သော အစီအမံများဖြင့် ငလျင်ဘေးအန္တရာယ်ကို ကာကွယ်ကြပါစို့
Posted_Date
Image

Body
ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှာ အများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်သည်။ သဘာဝ ဘေးအန္တရာယ်တစ်ခု ကျရောက်တိုင်း လူတို့၏အသက် အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက မူလအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရပါသည်။
ဆိုးဝါးသောဘေးအန္တရာယ် “ငလျင်”အဆိုပါ သဘာဝဘေးများထဲတွင် ငလျင်လှုပ်ခြင်းသည်လည်း ဆိုးဝါးသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ ငလျင်ဆိုသည်မှာ ကမ္ဘာမြေကြီး၏ အတွင်းပိုင်းရှိ ကမ္ဘာမြေလွှာပလိပ်ကြီးများ ရွှေ့လျားမှုကြောင့် မြေပြင်အပေါ်ယံလွှာတွင် တုန်ခါမှုများ ဖြစ်ပေါ်စေသော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည်။ ငလျင်သည် လူနေမှုဘဝ၊ အဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်စေနိုင်ပါသည်။
ငလျင်လှုပ်ခတ်ရသည့် အကြောင်းရင်း
ငလျင်များသည် ကမ္ဘာ့မြေလွှာပြားများ (Tectonic Plates) ရွေ့လျားမှုကြောင့် အဓိကဖြစ်ပေါ်လေ့ရှိသည်။ ကမ္ဘာ့မြေလွှာပြားများသည် တဖြည်းဖြည်း ရွေ့လျားနေပြီး တစ်ခုနှင့်တစ်ခု ထိမိသောအခါတွင် စွမ်းအင်များ စုပုံလာကာ ရုတ်တရက် လွှတ်ထုတ်ချိန်တွင် ငလျင်လှုပ်ခြင်းဖြစ်ပေါ်သည်။ ငလျင်၏ အဓိက အစိတ်အပိုင်းများကို ငလျင်ဗဟိုချက် (Epicenter) မြေပြင်ပေါ်ရှိ ငလျင်စတင်လှုပ်ခတ်ရာအချက်၊ အတွင်းဗဟိုချက် (Hypocenter/Focus) မြေအောက်ရှိ ငလျင်စတင်ဖြစ်ပေါ်ရာနေရာနှင့် ငလျင်ပြင်းအား (Magnitude) ဟူ၍ခွဲခြားထားသည်။
ငလျင်၏ ပြင်းအားကို Richter Scale (ရစ်ချ်တာစကေး) ဖြင့် တိုင်းတာသည်။
ကမ္ဘာလွှာငလျင် (Tectonic Earthquake) မြေလွှာပြားများ ရွေ့လျားမှုကြောင့်ဖြစ်သော ငလျင်၊ မီးတောင်ငလျင် (Volcanic Earthquake) မီးတောင်ပေါက်ကွဲမှုနှင့် ဆက်စပ်သောငလျင်၊ အလွှာကျိုးငလျင် (Collapse Earthquake)၊ မြေအောက်ဂူများ ပြိုကျခြင်းကြောင့် ဖြစ်သောငလျင်နှင့် လူလုပ်ငလျင် (Induced/Artificial Earthquake)(ဥပမာ -မြေအောက်သို့ ဗုံးထိန်းခြင်း၊ ဆည်ကြီးများရေလွှဲခြင်း၊ ဓာတ်ငွေ့တူးဖော်ခြင်း) ဟူ၍ ငလျင်အမျိုးအစား များစွာရှိသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
လူသားဆိုင်ရာ ဆိုးကျိုးများ
အိမ်ခြေ၊ ကျေးရွာများ ပျက်စီးခြင်းကြောင့် လူအများအိုးမဲ့အိမ်မဲ့ဖြစ်ကာ ယာယီခိုလှုံရာနေရာများ လိုအပ်လာနိုင်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံပြိုကျခြင်း၊ ပြတ်ကျသည့် ပစ္စည်းများကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်နိုင်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ PTSD (Post-Traumatic Stress Disorder) ကဲ့သို့ စိတ်ဒဏ်ရာများ ဖြစ်ပေါ်နိုင်သည်။
စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ
လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်းစသည့် အခြေခံအဆောက်အအုံပျက်စီးခြင်း၊ စက်ရုံများ၊ ဈေးများ၊ ကုန်တိုက်များ ပြိုကျခြင်းကြောင့် စီးပွားရေးထိခိုက်မှုရှိခြင်း၊ ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ရန် ငွေကြေးအမြောက်အမြား လိုအပ်ခြင်းတို့ကြောင့် နောက်ဆက်တွဲစီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ခံစားရနိုင်သည်။
ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ
တောင်ကုန်းဒေသများတွင် မြေဆီလွှာပြိုကျခြင်း၊ ကမ်းရိုးတန်းဒေသများတွင် ငလျင်ကြောင့် (ဆူနာမီ) လှိုင်းလုံးကြီးများဖြစ်ပေါ်ခြင်း၊ မြေကြီးအက်ကွဲခြင်းကြောင့် လမ်းများ၊ ရေမြောင်းများပျက်စီးခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ခံစားရနိုင်သည်။
လူမှုရေးနှင့်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ
ရေသွယ်စနစ်ပျက်စီးခြင်းကြောင့် ရေရှားပါးမှု၊ ရေညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် လူထူထပ်ပြီး ရောဂါကူးစက်မှု (ဥပမာ - ကိုဗစ်-၁၉ ၊ ဝမ်းလျှောရောဂါ) များ ဖြစ်နိုင်ခြေရှိခြင်း၊ စည်းကမ်းပျက်ပြားမှုများကြောင့် လုယက်မှုများ ဖြစ်ပေါ်နိုင်ခြေရှိသည်။
နောက်ဆက်တွဲဘေးအန္တရာယ်များ
ငလျင်ကြီးအပြီး ရက်သတ္တပတ်အတွင်း ငလျင်ငယ်များ (Aftershocks) ဆက်လက်လှုပ်ခတ်နိုင်ပြီး ပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ပြင် ဓာတ်ငွေ့ပိုက်လိုင်းပျက်စီးခြင်း၊ ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းကြောင့် မီးလောင်မှုဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်း
ငလျင်နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဘေးဒုက္ခများကို ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်းတစ်ရပ် ပြန်လည်တည်ဆောက်ရန် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်သည်။ ဤလုပ်ငန်းအောင်မြင်ရန် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း၊ ဒုက္ခသည်များအား ယာယီခိုလှုံရာ နေရာများဖန်တီးပေးခြင်း၊ အရေးပေါ်ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်း၊ သောက်သုံးရေသန့် ဖြန့်ဖြူးပေးခြင်းတို့ကို အရေးပေါ်အဆင့်အနေဖြင့် သတ်မှတ်သည်။
အခြေခံအဆောက်အအုံများ (လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ) ပြန်လည်တည်ဆောက်ခြင်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်စတင်ခြင်း၊ စီးပွားရေးလုပ်ငန်းငယ်များ ပြန်လည်စတင်နိုင်ရန် အထောက်အပံ့ပေးခြင်း၊ ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများ တည်ဆောက်ခြင်း၊စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ လူမှုအသိုင်းအဝိုင်း ပြန်လည်ဖွဲ့စည်းရေး၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း၊ အနာဂတ်အတွက် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် ပေးရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာ လျှော့ချနိုင်သည်။ ထို့ကြောင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများဖြင့် ငလျင်ဘေးအန္တရာယ်ကို ကာကွယ်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။