ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် ကျန်းမာရေးဆိုင်ရာ သတိပြုရမည့်အချက်များ

Posted_Date

Image

ငလျင်ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် ကျန်းမာရေးဆိုင်ရာ သတိပြုရမည့်အချက်များ

Body

၂၈-၄-၂၀၂၅ ရက်တွင် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသတို့တွင် အဆိုပါငလျင်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ ထိုဒေသများတွင် နေအိမ် အဆောက်အအုံတိုက်တာများ ပြိုကျခြင်း၊ လျှပ်စစ်မီး၊ သောက်သုံးရေကဲ့သို့သော အခြေခံ လိုအပ်ချက်များ ပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်သူအများစုသည်လည်း  မိမိတို့၏နေအိမ်များတွင် ဆက်လက်နေထိုင်ရန် မသင့်တော့သောကြောင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် ခေတ္တလာရောက်နေထိုင်ခြင်းနှင့် မိမိတို့၏နေအိမ်ဝန်းကျင်မြေကွက်လပ်၊ အားကစားကွင်း၊ စာသင်ကျောင်း စသည့်နေရာများတွင် ယာယီနေထိုင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့နေထိုင်သူများအနေဖြင့်  ကျန်းမာရေးထိခိုက်မှုမရှိစေရန်  လိုက်နာရမည့်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  “မြေငလျင်ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာသတိပြုရန်အချက်များ”  ကို ဧပြီလ ၇ ရက်မှစတင်၍  နိုင်ငံပိုင်သတင်းစာများနှင့်  အင်တာနက်စာမျက်နှာများတွင် ထည့်သွင်းဖော်ပြပြီးဖြစ်သည်။

ယာယီရွှေ့ပြောင်း နေထိုင်သူပြည်သူများအနေဖြင့် လတ်တလောအခြေအနေများအရ  ကြုံတွေ့နိုင်သည့် အဓိကကျန်းမာရေးပြဿနာများမှာ ကူးစက် ရောဂါအန္တရာယ်၊    မြွေနှင့်အဆိပ်ရှိသတ္တဝါများ အန္တရာယ်နှင့်    အပူဒဏ်အန္တရာယ်တို့ဖြစ်သည်။   ငလျင်ဘေးအန္တရာယ် ကျရောက်ပြီးနောက် ဖြစ်ပွားနိုင်ခြေများပြားသည့်     ကူးစက်ရောဂါများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါတို့ဖြစ်ပြီး မြွေနှင့်အခြားအဆိပ်ရှိသတ္တဝါတို့၏အန္တရာယ်ကိုလည်း သတိပြု၍ကာကွယ်ရမည်ဖြစ်သည်။

ကူးစက်ရောဂါအန္တရာယ်မှ    ကာကွယ်ရန် စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ချက်ပြုတ် စားသောက်ရာတွင်လည်းကောင်း၊ အလှူရှင်များမှလာရောက်ဝေငှသော ထမင်းဘူးများနှင့် စားစရာများကို စားသောက်ရာတွင်လည်းကောင်း ပူပူနွေးနွေး ချက်ချင်းစားသောက်ရန်လိုအပ်သည်။  အစားအစာများကို ထိုသို့ချက်ချင်းစားသုံးခြင်းမပြုဘဲ နေ့ဖို့ညစာအဖြစ်  သိုလှောင်သိမ်းဆည်းထားပါက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသည့် ဗက်တီးရီးယားရောဂါပိုးများပေါက်ပွားလာ၍ အစာအဆိပ်သင့်ခြင်း ဖြစ်ပွားပြီး အချိန်မီဆေးကုသမှုမရရှိပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။ အလှူရှင်များအနေဖြင့်လည်း အစားအစာများကိုလှူဒါန်းရာတွင် ချက်ပြုတ်ပြီးအစားအစာများကို လှူဒါန်းခြင်းမပြုဘဲ ပူပူနွေးနွေး ချက်ပြုတ်စားသောက်နိုင်မည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းခြင်း များပြုလုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက “အလှူရှင်များလိုက်နာရန်ပန်ကြားချက်” ကို ဧပြီလ ၅ ရက်မှစတင်၍ နိုင်ငံပိုင်မီဒီယာများနှင့် အင်တာနက်စာမျက်နှာများမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။ အဆိုပါပန်ကြားချက်တွင် အထက်ဖော်ပြပါ ပူပူနွေးနွေးချက်ပြုတ် စားသောက်နိုင်မည့် အစားအသောက်များကို ပေးပို့လှူဒါန်းရာ၌  မြို့နယ်အလိုက်  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ  ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှ တစ်ဆင့်သာ   ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများတွင်   တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့များထံသို့သာလှူဒါန်းပေးရန် တိုက်တွန်း နှိုးဆော်ထားခြင်းဖြစ်ပြီး စခန်းအလိုက် တာဝန်ကျကျန်းမာရေးဝန်ထမ်းများကလည်း လှူဒါန်းလာသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်စေရန်နှင့်  သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ၊   ဝမ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါအေနှင့် အီးရောဂါ  စသည့်မသန့်ရှင်းသည့် အစားအစာနှင့် ရေမှတစ်ဆင့်ကူးစက်တတ်သည့်ရောဂါများမှ   ကာကွယ်ရန်အတွက် ရိုးရှင်းလွယ်ကူထိရောက်ပြီး မဖြစ်မနေဆောင်ရွက်သင့်သည့် ကာကွယ်ရေး နည်းလမ်းမှာ အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ဟူသော  သန့်လေးသန့်ကို လိုက်နာဆောင်ရွက်ခြင်းပင် ဖြစ်သည်။

သန့်ရှင်းသည့်အစားအစာအား   ရွေးချယ်စားသုံးရာတွင်  ကျက်အောင်ချက်ပြုတ်ထားသည့် အစားအစာများကို  ပူပူနွေးနွေးစားသုံးရန်  လိုအပ်သကဲ့သို့ ယင်နားစာ၊ စားသုံးချိန်ကျော်လွန်နေသည့်အစာ၊ သိုးနေသည့်အစာ စသည့်မသန့်ရှင်းသည့်အစားအစာများကို စားသုံးခြင်းမှရှောင်ကြဉ်ရမည်ဖြစ်သည်။

သန့်ရှင်းသောသောက်ရေကိုသာ သောက်သုံးရမည်ဖြစ်ပြီး သောက်သုံးရေသည် FDA အသိအမှတ်ပြု သောက်ရေသန့် သို့မဟုတ် ရေသန့်စင်ဆေးပြားခတ်ထားသောရေဖြစ်မှသာ သောက်သုံးရန်သင့်သည်။ ထို့အတူ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင်လည်းကောင်း၊ ပန်းကန်ဆေးရေ သုံးစွဲရာတွင်လည်းကောင်း ရေသန့်စင်ဆေးပြား သို့မဟုတ် ကလိုရင်းဆေးမှုန့် (Bleaching Powder) ခတ်ထားသောရေကိုသာ အသုံးပြုသင့်သည်။

လက်သန့်စင်ရေးအတွက် အစားအသောက်မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်အသုံးပြု၍ စနစ်တကျ လက်ဆေးရမည်ဖြစ်ပြီး လက်သည်းရှည်များညှပ်ခြင်း၊ ရေချိုးသန့်စင်ခြင်း စသည့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အမြဲသတိပြုဆောင်ရွက်ရမည်ဖြစ်သည်။

အညစ်အကြေး စွန့်ထုတ်ရာတွင် မိမိတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် အလေး၊ အပေါ့သွားခြင်းနှင့် စားကြွင်းစားကျန် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကို   ရှောင်ကြဉ်ရမည်ဖြစ်ပြီး  ထိုသို့ဆောင်ရွက်ခြင်းကြောင့် မိမိတို့နေထိုင်ရာနေရာတွင် ကျန်းမာရေး ထိခိုက်နိုင်သည့် မကောင်းသည့် အနံ့အသက်များရခြင်း၊  စွန့်ပစ်ရာနေရာများတွင် ယင်ကောင်များပေါက်ပွားရာမှ ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပြီး  ယာယီနေထိုင်ရာနေရာများတွင် စနစ်တကျဆောက်လုပ်ပေးထားသည့် ယင်လုံအိမ်သာများကိုသာ အသုံးပြုခြင်းနှင့်  စားကြွင်းစားကျန်များနှင့် အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများတွင်သာ  စနစ်တကျစွန့်ပစ်ခြင်းတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင်   ယခုကဲ့သို့   သင်္ကြန်ကာလတွင်   မိုးရွာလေ့ရှိပြီး   ရာသီဥတုပူပြင်းမှုကြောင့် ကူးစက်မြန် မျက်စိနာရောဂါကဲ့သို့ ရောဂါများဖြစ်ပွားနိုင်ခြေ များပြားသည်ကို သတိပြုရမည်ဖြစ်မည်။ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားသည့် ကူးစက်မြန်မျက်စိနာရောဂါသည် ယာယီစုပေါင်းနေထိုင်ရာနေရာများနှင့် စခန်းများတွင် တစ်ဦးမှတစ်ဦး အလွယ်တကူကူးစက်ပြန့်ပွားနိုင်သည်။  ထို့ကြောင့် မျက်မှန်တပ်ဆင်သူများအနေဖြင့်   မိမိမျက်မှန်သန့်ရှင်းစေရန်အတွက် မကြာခဏ သန့်စင်ပေးရန် လိုအပ်ပြီး နေထိုင်ရာပတ်ဝန်းကျင်တွင် မျက်စိနာရောဂါဖြစ်ပွားသူရှိပါက ထိုသူ၏အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင်ပစ္စည်းများကို အခြားသူများနှင့်  မျှဝေသုံးစွဲခြင်း လုံးဝမပြုလုပ်ဘဲ ထိုသူ၏ အဝတ်အစားများကို  သီးသန့်လျှော်ဖွပ်သန့်စင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

ယာယီစုပေါင်းနေထိုင်ရာနေရာများတွင် ရာသီတုပ်ကွေးရောဂါနှင့် တီဘီရောဂါကဲ့သို့ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့်ကူးစက်သည့်ရောဂါများလည်း ကူးစက်ပြန့်ပွားနိုင်သည်။ ထိုသို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကူးစက်ဖြစ်ပွားခြင်း မရှိစေရန် အအေးမိခြင်း၊ ဖျားနာခြင်း၊  နှာချေချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ပွားသည့်အခါတွင် အခြားသူများအား ထပ်မံကူးစက်ခြင်းမဖြစ်စေရန် မိမိဘာသာ သီးခြားခွဲ၍နေထိုင်ရန်လိုအပ်ပြီး နှာချေချောင်းဆိုးသည့် အခါတွင် ပါးစပ်နှင့်နှာခေါင်းကို လုံအောင်အုပ်ရန်နှင့် အခြားသူများနှင့် ခပ်ခွာခွာနေရန်လိုအပ်သည်။ နှစ်ပတ်ကြာချောင်းဆိုးခြင်း၊ ညနေပိုင်းတွင် အဖျားငွေ့ငွေ့ဖျားခြင်း၊ လည်ပင်းအကျိတ်များထွက်ခြင်း၊ ကိုယ်အလေးချိန်များကျဆင်းလာခြင်းတို့ခံစားရပါက တီဘီရောဂါသံသယအဖြစ် အခြားသူများနှင့် သီးခြားခွဲ၍နေထိုင်ပြီး ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ရောဂါရှာဖွေကုသမှု ခံယူရမည်ဖြစ်သည်။

မိုးရွာသည့်အချိန် သို့မဟုတ် နံနက်ပိုင်းအအေးပိုလာချိန်တွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ စသည့်နာတာရှည်ရောဂါအခံရှိသူများအနေဖြင့်  လေဖြတ်ခြင်း၊  ဦးနှောက်သွေးကြောပိတ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်အရွယ်ကြီးရင့်သူများနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များတွင် အအေးမိဖျားနာခြင်း၊ အဆုတ်အအေးမိရောင်ရမ်းခြင်းတို့ဖြစ်ပွားနိုင်၍ အအေးမမိစေရန် သတိပြုရမည်ဖြစ်သည်။

ယာယီရွက်ဖျင်တဲများနှင့် ယာယီနေထိုင်ရာနေရာများတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ စသည့်ခြင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများနှင့် ခြင်၊ မှက် ကိုက်ခြင်းကြောင့် အရေပြားပေါ်တွင်  ယားယံသည့်အဖုများနှင့် ယားနာများဖြစ်ပွားနိုင်သည်။ သို့ဖြစ်၍ ခြင်ကိုက်ခံရမှုမှကာကွယ်နိုင်ရန် ခြင်ထောင် သို့မဟုတ် ဆေးစိမ်ခြင်ထောင်ဖြင့်သာ   အိပ်စက်ရန်ဖြစ်ပြီး နေထိုင်ရာအနီးတစ်ဝိုက်ရှိ  ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်းနှင့် အဘိတ်ကဲ့သို့ ခြင်ကျား၊ ပိုးလောက်လမ်းသေ ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်  လုပ်ငန်းများတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

ယာယီစခန်းများ၌နေထိုင်ရာတွင် မြွေနှင့်အခြားအဆိပ်ရှိ တွင်းအောင်းသတ္တဝါများသည် မြေငလျင် ဖြစ်ပွားစဉ် မြေသားလှုပ်ရှားမှုကြောင့် မြေကြီးအတွင်းမှထွက်လာ၍ ယာယီတဲများအတွင်းသို့ ဝင်ရောက်နိုင်သဖြင့် မြွေ စသည့်အဆိပ်ရှိသတ္တဝါများအန္တရာယ်ကို အထူးသတိပြု၍  ယာယီတဲများကို အောက်ခြေလုံခြုံရန် သတိပြုရမည်ဖြစ်သည်။ တဲအနီးတစ်ဝိုက်တွင် ဆိုလာမီး/ လျှပ်စစ်မီး စသည့် အလင်းရောင်အားကောင်းမွန်သည့်မီးထွန်းရန်လိုအပ်ပြီး ညအခါသွားလာရာတွင် မီးအိမ်၊ လက်နှိပ် ဓာတ်မီးအသုံးပြုရန်လိုအပ်ကာ မြွေဆိုးပေါများသည့်ဒေသတွင် လည်ရှည်ဖိနပ်နှင့် တုတ်ရှည်ကိုပါ အသုံးပြုသွားလာရန်လိုအပ်ပါသည်။

လက်ရှိအချိန်သည် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်မြင့်မားသည့် နွေရာသီကာလဖြစ်၍ ရွက်ဖျင်တဲ များအတွင်းနေထိုင်သူများ၊    အရိပ်ရအပင်နည်းပါးသည့်နေရာများတွင်   နေထိုင်သူများအနေဖြင့် အပူဒဏ်ကိုသတိပြုရန်  အထူးအရေးကြီးပါသည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့်  ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်း ပူပြင်းသည့်အချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင်သာ နားနေရမည်ဖြစ်ပြီး အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်သင့်သည်။ ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို  ရှောင်ကြဉ်ရမည်ဖြစ်ပြီး  အရက်သေစာသောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်သောကြောင့်  ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

အပူဒဏ်ကြောင့် ခန္ဓာကိုယ်အတွင်းမှ   ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ချွေးထွက်များပါက ရေနှင့်  ဓာတ်ဆားရည်ကို အလုံအလောက်ပြန်လည်သောက်သုံးရန်နှင့် မိတ်ဖု သို့မဟုတ် အယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်သင့်သည်။ သွေးတိုးရောဂါအခံရှိသူများအနေဖြင့်   အဓိကအားဖြင့် ရေကိုသောက်သုံးသင့်ပြီး ချွေးထွက်များ၍ ဓာတ်ဆား ရည်သောက်သုံးပါက ချိန်ဆ၍သောက်သုံးရမည်ဖြစ်သည်။ 

အထက်ပါအချက်များအပြင် ငလျင်ဘေးသင့်ရာဒေသများတွင် ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခြင်းများ ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပျက်စီးနေသောအဆောက်အအုံများ၊ ကြံ့ခိုင်မှုစစ်ဆေးထားခြင်းမရှိသည့် အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ 

ငလျင်ဘေးသင့်ဒေသများမှပြည်သူများအနေဖြင့် ငလျင်ဘေးကို ကိုယ်တွေ့ခံစားရခြင်း၊ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခြင်း၊ မိသားစုဝင်များဆုံးရှုံးရခြင်းနှင့် ယာယီနေထိုင်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများခံစားရနိုင်သည်။ ထိုသို့ခံစားရခြင်း များသည် ရေရှည်တွင်စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်၍ စိတ်ဓာတ်ကြံ့ခိုင်ကျန်းမာနေစေရန် အစဉ်အမြဲသတိပြု ဆောင်ရွက်ရမည်ဖြစ်သည်။ ငလျင်ဘေးကဲ့သို့ သဘာဝဘေးများသည် ကြိုတင်ခန့်မှန်းရန်ခက်ခဲပြီး သဘာဝဖြစ်စဉ်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်ခံစားရချိန်တွင် မိမိစိတ်တွင် ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း စသည့်ခံစားချက်များဖြစ်ပေါ်တတ်သည့်သဘာဝရှိ၍ ၎င်းတို့ကို အရှိကိုအရှိအတိုင်း လက်ခံရမည်ဖြစ်သည်။

မိမိတွင်ခံစားရသည့်အချက်များကို မိမိတစ်ဦးတည်း ကြိတ်မှိတ်၍ခံစားခြင်းမပြုဘဲ မိမိယုံကြည်ရသူများနှင့် စကားပြောပြီး အတွေ့အကြုံမျှဝေပေးခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်။ နိုင်ငံပိုင်မီဒီယာများနှင့် မှန်ကန်သည့်သတင်းအရင်းအမြစ်များမှ သတင်းများကိုသာ ယုံကြည်ရမည်ဖြစ်ပြီး ကောလာဟလနှင့် အခြေအမြစ်မရှိသည့် ငလျင်သတင်းများအား ယုံကြည်၍ စိတ်ခြောက်ခြားခြင်းမဖြစ်စေရန်လိုအပ်သည်။ မိမိ၏ ကိုယ်၏ကျန်းမာရေးနှင့် စိတ်၏ကျန်းမာရေးတို့သည် ဆက်စပ်နေ၍ အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေးဆိုင်ရာ သတိပြုရန် အချက်များကိုလိုက်နာပြီး အာဟာရပြည့်ဝစွာ စားသောက်ရန်နှင့် အိပ်ရေးပျက်မခံရန် လိုအပ်သည်။ တတ်နိုင်သရွေ့ အခြားသူများကို ကူညီခြင်း၊ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်၍ အခြားသူများနှင့်အတူ တာဝန်ထမ်းဆောင်ခြင်းဖြင့် စိတ်ဓာတ်အင်အားရရှိစေသည်။ စိုးရိမ်မှု၊ ကြောက်ရွံ့မှု သို့မဟုတ် ဝမ်းနည်းမှုများ ကာလတာရှည်ခံစားရပါက စိတ်ကျန်းမာရေးကျွမ်းကျင်သူ သို့မဟုတ် စိတ်ရောဂါအထူးကုဆရာဝန်ထံပြသ၍  အကြံဉာဏ်ရယူသင့်ပြီး   လိုအပ်ပါက ဆေးကုသမှုခံယူရမည်ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့် ငလျင်ဘေးဖြစ်ပွားစဉ်ကာလအတွင်း ကိုယ်၏ကျန်းမာရေး၊ စိတ်၏ ကျန်းမာရေးဆိုင်ရာအကြံပြုချက်များကို ကိုယ်တိုင်သိရှိလိုက်နာပြီး မိမိမှတစ်ဆင့် မိမိ၏မိသားစုဝင်များ၊  မိတ်ဆွေသင်္ဂဟများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဆက်လက်မျှဝေပေးရန် လိုအပ်သည်။ နေထိုင်မကောင်းခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါကလည်း နီးစပ်ရာကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဒေသများတွင် ဒေသအလိုက်တာဝန်ပေးအပ်ထားသည့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးများထံ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories