ငလျင်ဒဏ်ကြောင့် တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ
Posted_Date
Image

Body
မကြာသေးမီကာလက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ ပြင်းထန်သော မြေငလျင်ဒဏ်ကို ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအနှံ့ အပြား၌ ငလျင်ဒဏ်ခံစားခဲ့ကြရပြီး နိုင်ငံတကာ ငလျင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ နှစ်စဉ် ငလျင် အကြိမ် ၂၀၀၀၀ ခန့် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့၍ ကနဦးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြရသကဲ့သို့ နောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သော ကျန်းမာရေး ပြဿနာများကိုလည်း အလေး ထားသိရှိပြီး ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါသည်။
ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးချိန်တွင် ထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ ရှင်သန်သူများမှာလည်း ဒဏ်ရာအနာတရကျန်ရှိ နိုင်သည့်အပြင် တခြားသော ကျန်းမာရေးအခက်အခဲများ တွေ့ကြုံနိုင်သည်။ ငလျင်လှုပ်ပြီးပြီးချင်း ဦးနှောက်ထိခိုက်မိ၍ ဦးနှောက်တွင်း သွေးယိုခြင်း၊ ခြေလက်အင်္ဂါများပိမိ၍ အရိုးများကျိုးပဲ့ခြင်း၊ ပြတ်ရှ ဒဏ်ရာများရ၍ သွေးယိုစီးခြင်း၊ အသည်း၊ နှလုံး၊ အဆုတ် စသည်တို့ထိခိုက်မိ၍ ခန္ဓာကိုယ်တွင်း သွေးယိုစီးခြင်းများ တွေ့ကြုံရနိုင်သည်။ မီးလောင်ခြင်း၊ ဓာတ်လိုက်ခြင်း၊ ဓာတ်ငွေ့ယိုစိမ့်ထွက်ခြင်းများကြောင့် အရေပြားမီးလောင်ဒဏ်ရာများ၊ အသက်ရှူမဝခြင်းများ ဖြစ်နိုင်သည့်အပြင် ခြေလက်များ ကြာရှည်စွာပိမိခြင်းကြောင့် ကြွက်သားများပျက်စီးကာ ပိုတက်ဆီယမ်၊ လက်တစ်အက်စစ်၊ အသားဓာတ်များ ဆဲလ်ပြင်ပသို့စိမ့်ထွက်၍ သွေးလန့်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်တတ်သည်။
ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းခြောက်ခြင်း၊ ဆားဓာတ်များ မညီမမျှဖြစ်ခြင်းသာမက ထိခိုက်ဒဏ်ရာ ရသောနေရာများတွင် ပိုးဝင်ရောင်ရမ်းခြင်း၊ မေးခိုင် ပိုးဝင်ခြင်း၊ သွေးဆိပ်ပြန့်၊ သွေးလန့်၍ သွေးပေါင် ထိုးကျခြင်း၊ ထိုမှတစ်ဆင့် ရုတ်တရက်ကျောက်ကပ် ပျက်စီးခြင်းများ တွေ့ကြုံရနိုင်သည်။ အစာအာဟာရ မပြည့်ဝခြင်းသည် ရောဂါပိုးများ ဝင်ရောက်ပြန့်ပွားခြင်းကို အားပေးသကဲ့သို့ အနာများပြန်လည်ကောင်းမွန်ရန် ခက်ခဲစေသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရမှုများ မှ သွေးယိုစီးမှုဟန့်တားရန် ခန္ဓာကိုယ်တွင်း သွေးခဲသောစနစ်ကို လွန်ကဲစွာလှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ် အနှံ့ သွေးကြောများအတွင်း သွေးခဲခြင်း၊ သွေးဆိပ် တက်ခြင်း၊ ရုတ်တရက်အဆုတ်ပျက်ယွင်းခြင်းများ ဖြစ်စေသည်။ ငလျင်ဒဏ်တွေ့ကြုံသူများ၏ သုံးပုံ တစ်ပုံမှာ ရုတ်တရက်နှလုံးလန့်၊ နှလုံးရပ်သွားခြင်း၊ နှလုံးခုန်မူမမှန်ခြင်း၊ နှလုံးအားနည်းခြင်း၊ သွေးပေါင် ချိန်မြင့်တက်ခြင်း၊ သွေးကြောပိတ်ခြင်း စသည်တို့ တွေ့ကြုံရနိုင်သည်။ ထို့ပြင် ပိတ်မိစဉ်က ဖုန်မှုန့် များ၊ မီးခိုးများ၊ ယိုစိမ့်ဓာတ်ငွေ့များရှူမိခြင်း၊ အောက်ဆီဂျင်အပြည့်အဝ မရခြင်း၊ လေထုမသန့်စင် ခြင်းတို့သည် အဆုတ်လေပြွန်ဆိုင်ရာ ပြဿနာများ ဖြစ်စေသည်။
ငလျင်လှုပ်ပြီးနောက်ပိုင်း ကာလများတွင် တွေ့ကြုံနိုင်သော အဓိကပြဿနာမှာ ကူးစက်ရောဂါများဖြစ် ပွားလာခြင်းဖြစ်သည်။ မသန့်ရှင်းသောရေ၊ အစား အသောက်မှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှော၊ အူရောင်ငန်းဖျားရောဂါ၊ A ပိုးကြောင့်ဖြစ်သော အသည်း ရောင်အသားဝါရောဂါ၊ ကြွက်သေးမှတစ်ဆင့် ကူးစက်သော အသည်းရောင်ရောဂါများ ဖြစ်နိုင်ပြီး လူစုလူဝေးနှင့်နေထိုင်ခြင်းကြောင့် အဆုတ်တီဘီရောဂါမှအစပြု၍ ကိုဗစ်-၁၉ ရောဂါ၊ အဆုတ်ပိုး ဝင်ရောင်ရမ်းခြင်းနှင့် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်လာနိုင်သကဲ့သို့ သန်း၊ ဝက်သက်၊ ပွေး၊ ဝဲ စသောအရေပြားရောဂါများ၊ လိင်မှတစ်ဆင့်ကူးစက် တတ်သောရောဂါများ အချင်းချင်း ကူးစက်ပြန့်ပွားနိုင်သည်။ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြွက် စသည့်သတ္တဝါ များကြောင့်လည်း ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်ကို သတိထားရန်လိုအပ်သည်။ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဆင်တုပ်ကွေးရောဂါများ ပြန်ဖြစ်လာနိုင်သကဲ့သို့ ယင်နားစာစားမိခြင်းကြောင့် နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျှောရောဂါအစ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွား နိုင်သည်။ အစာအာဟာရမပြည့်စုံခြင်း၊ အအိပ်၊ အစားမမှန်ခြင်းကြောင့် ကိုယ်ခံအားနည်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အပြည့်အဝမရှိခြင်း၊ ရေကောင်း ရေသန့်မသုံးစွဲရခြင်းသည် ကူးစက်ရောဂါများ၏ဒဏ်ကို ပို၍ခံစားရစေပြီး နာလန်ထရန် ခက်ခဲစေသည်။
ထို့ပြင် လတ်တလောတွေ့ကြုံနေရသော ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရသဖြင့် မိမိ၏နဂိုရှိရင်း သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ အဆုတ်ရောဂါများကို ဂရုမစိုက်နိုင်သောကြောင့် နာတာရှည်ရောဂါများ၏ ထိန်းညှိမှုပျက်လာနိုင်သည်။ စိတ်ဖိစီးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများသည် မူလ နှလုံး၊ အဆုတ် ရောဂါများကို ပို၍ဆိုးရွားစေသည်။ ဆေးဝါးအခက်အခဲသာမက ဆေးရုံ၊ ဆေးခန်းပြသရန်ခက်ခဲမှုများကြောင့် ရောဂါအခြေအနေပိုဆိုးကာ အသက်အန္တရာယ် စိုးရိမ်ရမည့်အခြေအနေသို့ ရောက်ရှိနိုင်သည်။ တစ်ချိန်တည်းမှာပင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်မှုများလည်း လစ်ဟင်းနိုင်သဖြင့် ပေါင်မပြည့်၊ လမစေ့ကလေးများ မွေးဖွားခြင်း တွေ့ကြုံနိုင်သည့်အပြင် အာဟာရချို့တဲ့မှုကို အထူးသဖြင့် ကလေးငယ်များတွင် ပို၍ခံစားရနိုင်သည်။ ငလျင်၏နောက်ဆက်တွဲ ဆူနာမီ၊ ရေကြီးရေလျှံ၊ မြေပြိုမှုများကြောင့် ထိခိုက်ဒဏ်ရာ ရနိုင်ခြင်းနှင့် ကျန်းမာရေးပြဿနာများ တွေ့ကြုံနိုင်ခြင်းကိုလည်း သတိထားရန်လိုအပ်သည်။ ထို့ပြင် နေထိုင်ရန် နေရာအခက်အခဲရှိနေစဉ် အပူဒဏ်၊ မိုးလေကြီးသည့်ဒဏ်နှင့် အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်ကိုလည်း ဂရုပြုရမည်။
ငလျင်ဒဏ်ခံနေရစဉ်တွင် စိတ်ပူ၊စိတ်လှုပ်ရှားမှုများ ခံစားရပြီးနောက် ပျက်စီးဆုံးရှုံးသွားသော မိသားစုဝင်များ၊ ပစ္စည်းဥစ္စာများအတွက် စိတ်သောက ရောက်၊ စိတ်ထိခိုက်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းများခံစားကြရသည်။ ငလျင်ထပ်မံလှုပ်ခတ်နိုင်မှုကိုလည်း ကြောက်ရွံ့ပြီး မအိပ်နိုင်ဖြစ်ကာ အိပ်မက်ဆိုး များမက်၍ စိတ်ဓာတ်ကျ၊ စိတ်ရောဂါများ ခံစားရသည့်အပြင် မိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်များပင် ဖြစ်လာတတ်သည်။ ငလျင်ဒဏ်ခံရပြီးနောက် ကာလအတော်ကြာသည့်တိုင်အောင် စိတ်ဖိစီးမှု၊ စိတ်ထိခိုက်မှုကို ခံစားရနိုင်သည်။ ကလေးသူငယ်များသည်လည်း နုနယ်စဉ်ဘဝမှာပင် ပြင်းထန်ဆိုးရွားသောအတွေ့အကြုံကြောင့် စိတ်ဒဏ်ရာများနှင့် ကြီးပြင်းလာနိုင်သည်။
ထို့ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ ငလျင်ဒဏ်ခံစားနေရသူများကို ဦးစွာ ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းထား ခြင်းဖြင့် စိတ်လုံခြုံမှုကိုရစေသည်။ ထိခိုက်ဒဏ်ရာရမှုများကို စနစ်တကျကုသပေးခြင်း၊ ရေကောင်း ရေသန့်နှင့် သန့်ရှင်းသော အစားအစာများရရှိနိုင်ရေး၊ အလွယ်တကူ အသုံးပြုနိုင်သော ယင်လုံအိမ်သာ အသုံးပြုနိုင်ရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးနှင့် လိုအပ်သောဆေးဝါး အထောက်အပံ့ရရှိရေး ဆောင်ရွက်ရန်လိုသည်။ လက်ရှိဖြစ်ပေါ်နေသော ကူးစက်ရောဂါများသာမက နာတာရှည်ရောဂါများ အတွက်ပါ အလေးထား လုပ်ဆောင်ရမည်။ ခြင်၊ ယင် မပေါက်ပွားစေရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ရေဆိုးမြောင်းများ ရေစီးရေလာကောင်းရန် ဆောင်ရွက်ခြင်းသာမက သောက်သုံးရေ၊ ချိုးရေများ လုံလောက်စွာရရှိအောင် ဆောင်ရွက်ရမည်။ ရေသန့်ဆေးပြားများ အသုံးပြုခြင်း၊ ရေကိုပိုးသတ် ဆေးခတ်ခြင်း၊ ကျိုချက်သောက်သုံးခြင်းများ ဆောင်ရွက်သင့်သည်။ တတ်နိုင်သမျှ ခြင်ထောင်ဖြင့်အိပ် ခြင်း၊ ခြင်မကိုက်သည့်လိမ်းဆေးများ လိမ်းခြင်းဖြင့် ခြင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်သည်။
အဆုတ်လေပြွန်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ မဖြစ်စေရန် ပြိုကျပျက်စီးနေသော နေရာများနှင့် လူစုလူဝေးကို ရှောင်ကြဉ်ရမည်။ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင် သင့်သကဲ့သို့ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် စနစ်တကျဆေးကြောသင့်သည်။ နို့စို့ကလေး ငယ်များအား မိခင်နို့ရည်ကို အဓိကထား တိုက်ကျွေးသင့်သည်။ မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း အထူးဂရုပြုရန် လိုအပ်သည်။ ကာကွယ်ဆေးထိုး၍ ရသော ဝမ်းပျက်၊ ဝမ်းလျှော၊ အသည်းရောင်၊ အဆုတ် ရောင်၊ ဝက်သက်ရောဂါများအတွက် ကာကွယ်ဆေး ထိုးနှံပေးသင့်သကဲ့သို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများကို ခြေတု၊ လက်တုပြန်လည်တပ်ဆင်ပေးရေး နှင့် ပြန်လည်သန်စွမ်းနိုင်ရေးကိုလည်း ဆောင်ရွက် ပေးကြရမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် မိမိနှင့် ခင်မင်သူမိတ်ဆွေများထံမှ နှစ်သိမ့်မှု၊ စိတ်ကျန်းမာရေးပညာရှင်များ၏ အားပေးကုသမှု၊ ဘာသာရေး ဆိုင်ရာ စိတ်တည်ငြိမ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှုဖြင့် ကုစားရမည်ဖြစ်သည်။ စိတ်ကျန်းမာရေး ကုသမည့်ဆရာဝန်များ၊ စိတ်ပညာဆိုင်ရာပညာ ရှင်များကို ငလျင်ဘေးသင့် ဒေသများ၌ တာဝန်ချထားပေးခြင်းဖြင့် ပြည်သူလူထုနှင့် အလွယ်တကူ ထိတွေ့ခွင့်ရစေရန် ဖန်တီးပေးရမည်။ ကလေးသူငယ်များအတွက် စိတ်လုံခြုံမှုရစေသည့် ကစားကွင်းနှင့် ပန်းခြံများဖန်တီးပေးခြင်း၊ ၎င်းတို့၏စိတ် ခံစားမှုကို ပုံဆွဲ၊ ရေးသားဖော်ပြစေခြင်းဖြင့် စိတ်ဒဏ်ရာကို ကုစားပေးရမည်ဖြစ်သည်။
ငလျင်ဘေးဒဏ်မခံရသော ဒေသများမှ မြန်မာ နိုင်ငံပြည်သူများနှင့် နိုင်ငံတကာ၏ အထောက်အပံ့၊ အစိုးရအဖွဲ့အစည်းများ၏ ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်တည်ဆောက်ရေးဆောင်ရွက်မှုများဖြင့် ပျက်စီးဆုံးရှုံးမှုများမှ ရုန်းထွက်ရှင်သန်ကြရမည် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာပြန်လည်တည်ဆောက်မှု များဆောင်ရွက်ခြင်းနှင့်အတူ ငလျင်ဘေးသင့်ပြည်သူ များ၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိစေရန် ကြေကွဲ ဝမ်းနည်းဖွယ် စိတ်ခံစားမှုများကို ကျော်ဖြတ်ရပ်တည် နိုင်အောင် အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကူးစက်ရောဂါများပြန့်ပွားမှု လျှော့ချရေး လုပ်ငန်းစဉ်များနှင့် နာတာရှည်ရောဂါ များ စနစ်တကျကုသမှုခံယူနိုင်ရေးကိုလည်း အင်တိုက်အားတိုက် လစ်ဟာမှုမရှိအောင် လုပ်ဆောင် သွားရမည်။ ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ စေတနာ့ဝန်ထမ်းများ၊ တတ်နိုင်သောအလှူရှင်များ ပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် မျိုးစုံသည် အချိန်အခါမရွေး တွေ့ကြုံနိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ ကြိုတင်ပြင်ဆင်သင့်သည်များနှင့် တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများကို လူထုက နားလည်သိမြင်နိုင်စေရန် ပညာပေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ် ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories